ခန္တီးမှာ စစ်တပ်က သက်ကြီးပိုင်းပါမကျန် ပေါ်တာဆွဲနေ

By MPM 18 စက်တင်ဘာ, 2025 👁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် လူကြီးလူငယ်မရွေး တိမ်းရှောင်နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ခန္တီးမြို့အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၂ တပ်က ယခုရက်ပိုင်း ခန္တီး – လဟယ် ကားလမ်းပိုင်းရှိ ကျေးရွာတွေမှာ အိမ်စီးကားသုံးပြီး ပေါ်တာဆွဲနေတာကြောင့် ကျေးရွာနေပြည်သူများ သက်ကြီး၊ လူငယ်မရွေး တိမ်းရှောင်နေရတယ်လို့ ခန္တီးမြို့ခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“အဓိကတော့ လူငယ်တွေကိုပစ်မှတ်ထားတယ်။ ဒါပေမယ့် အသက်ကြီးပိုင်းတွေလည်း အားကောင်းမောင်းသန်ဆိုရင်တော့ ဖမ်းနေတယ်။ အဲ့ကြောင့် တစ်ချို့ရွာတွေဆို အမျိုးသားတွေမရှိသလောက် ရှောင်နေရတယ်” လို့ အသက် ၃၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခန္တီး၊ လဟယ်ဘက် အရပ်သားတွေကို ဖမ်းဆီးမှု ၂၀၂၄ နှစ်ဆန်းပိုင်းကစ ခပ်စိပ်စိပ်လုပ်လာခဲ့ပေမယ့် လူငယ်တွေကိုသာ အဓိကပစ်မှတ်ထားဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ခုနောက်ပိုင်း လူငယ်အများစု ဘေးလွတ်ရာကိုတိမ်းရှောင်သွားတဲ့အတွက် အခုနောက်ပိုင်း သက်ကြီးပိုင်း၊ အိမ်ထောင်သည်တွေကိုပါ ပစ်မှတ်ထားဖမ်းဆီးလာနေတာလို့ သိရပါတယ်။

“သူတို့လက်လှမ်းမှီသလောက် ရွာတွေက လူငယ်တွေ မရှိတော့ဘူးလေး၊ အဲ့ကြောင့် အခုက လူကြီးလူငယ် မရွေးတော့ဘူး အကုန်ဖမ်းနေတယ်” လို့ အထက်ဖော်ပြပါအမျိုးသားက ဆက်ပြောပါတယ်။

အခုလိုဖမ်းဆီးရာမှာ အသက် ၁၈ နှစ်ကနေ အသက် ၄၀ ကျော်အထိ လိုက်လံဖမ်းဆီးနေတယ်လို့သိရပြီး အသက်မပြည့်သေးတဲ့လူငယ်တွေ ဖမ်းဆီးခံရတာမျိုးရှိခဲ့ပေမယ့် ပြန်လည်လွှတ်ပေးတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ခန္တီးမြို့လမ်းပိုင်း ဘေးဝဲယာရွာတွေဖြစ်တဲ့ ဆင်သေ၊ ရေဒေါင်၊ လင်းဖား စတဲ့ရွာတွေအပါ ရွာပေါင်း ၁၀ ရွာနီးက လူကြီးပိုင်းနဲ့ လူငယ်ပိုင်းအရွယ်တွေဟာ စက်တင်ဘာ ၁၅ ရက်နေ့ စတင်တိမ်းရှောင်နေရကြောင်း သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကို ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဘေးလွတ်ရာကို ကူညီကယ်ထုတ်ပေးတာတွေလည်းရှိနေကြောင်း သိရပါတယ်။

လေရှီး၊ လဟယ်မြို့နယ်တွေဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာပါဝင်ပြီး လက်ရှိယင်းမြို့နယ်တွေမှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) (အန်းမိုင်းအဖွဲ့) က စိုးမိုးထားတာဖြစ်ပါတယ်။

လေရှီး၊ လဟယ်ဒေသတွေမှာ စိုးမိုးထားတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ လက်ရှိစစ်ကောင်စီတပ်နဲ့ နားလည်မှုယူထားတာဖြစ်ပြီး NSCN-K စိုးမိုးနယ်မြေထဲမှာ စစ်ကောင်စီတပ်အနေနဲ့ စစ်မှုထမ်းခေါ်ဆောင်ရာမှာ ဥပဒေအတိုင်းလုပ်ဆောင်ဖို့နဲ့ ဥပဒေထက်ကျော်လွန်ပြီး မလုပ်ဆောင်ဖို့ကိုလည်း သတိပေးထုတ်ပြန်တာမျိုးရှိခဲ့ပါတယ်။

KNG