
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ရပြီး ကွတ်ခိုင်မြို့မဈေး ဆိုင်ခန်းများနှင့် နေအိမ်များလည်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
သြဂုတ်လ ၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့၏ အရပ်သားအများဆုံးရှိသည့် ကွတ်ခိုင်မြို့မဈေးနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက်ကို လေကြောင်းနှင့် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ စစ်ကောင်စီ၏ တိုက်ခိုက်မှုက အရပ်သားပစ်မှတ်တိုက်ခိုက်မှု ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ၏ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ယခုလိုပြောဆိုသည်။
“မနေ့က (သြဂုတ်လ ၅ ရက်) တိုက်ခိုက်မှုက ကျမတို့ကို ဦးတည်ပြီးတော့ တိုက်ခိုက်တယ်ဆိုတာထက် အရပ်သားကိုဦးတည်ပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အရပ်သားအများဆုံး တည်ရှိရာ မြို့မဈေး ပြီးရင် လမ်းဆုံကိုမှ ရွေးပြီးမှ တိုက်ခိုက်တာဖြစ်တဲ့အတွက် အရပ်သားကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။
သေဆုံးခဲ့သူများသည် အသက် ၃၀ ဝန်းကျင် အရွယ်များဖြစ်ကြပြီး အမျိုးသမီး၂ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း လွေးယေဦးက အတည်ပြုပြောဆိုသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယင်းတို့ထဲက တစ်ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း ကွတ်ခိုင်မြို့ရှိ ပရဟိတအသင်းအဖွဲ့များထံက သိရသည်။
“ဒဏ်ရာရတဲ့သူကတော့ ၁၀ ယောက်လောက် ရှိတယ်။ အပြင်းအထန်ကတော့ ၁ ယောက်ပေါ့။ ကျန်တာကတော့ ဘာမှ မသိရသေးဘူး။ အဓိကတော့ ဈေးရဲ့ ၃ ပုံ ၁ ပုံလောက်တော့ လောင်သွားတယ် ပြောတယ်။ သေတဲ့ထဲ တချို့က လမ်းသွားရင်းနဲ့ထိတာ။ တစ်ယောက်ကတော့ ဈေးရောင်းရင်းနဲ့ပဲ သေတာ” ဟု ကွတ်ခိုင်မြို့ ပရဟိတအသင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု မတိုင်ခင် ညနေပိုင်း ၂ နာရီဝန်းကျင်တွင် ကင်းထောက်လေယာဥ်နှင့် ပတ်ဝဲပျံသန်းပြီးနောက် လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါကင်းထောက်လေယာဥ် ပတ်ဝဲပျံသန်းချိန်ကတည်းက ကွတ်ခိုင်မြို့မဈေးရှိ ဒေသခံများသည် ဆိုင်ပိတ်သိမ်းပြီး လုံခြုံသည့်နေရာကို ထွက်ပြေးတိမ်းရှောင်ကြလို့ လူအထိအခိုက် နည်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတချို့က ပြောပါသည်။
စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးသီး ၇ လုံး အထိ အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လေကြောင်း တိုက်ခိုက်ခံရသော နေရာနှင့်အနီးတဝိုက်ကို TNLA က နယ်မြေရှင်းလင်းရေး လုပ်နေဆဲ ဖြစ်သည်ဟု ၎င်းတို့က ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါး ပြုလုပ်ခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအင်စတီကျု ISP Myanmar က ဩဂုတ်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန် ပြောဆိုထားသည်။
KNG ပေးပို့သည်။
