ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာအနီးမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစလို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်း သုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲတွေဟာ အောက်တိုဘာ ၁၂ ရက်နေ့ကနေ အောက်တိုဘာ ၁၉ ရက်နေ့အထိ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ထပ်တိုးလာတာပါ။
နှစ်ဖက်တိုက်ပွဲကြောင့် ပုလိန်၊ ခလယ်တံခွန်တိုင်၊ နန်သိုင်းထွန်၊ ဒယ်လူးနဲ့ ကမော့ဝမ်ကျေးရွာတို့က ဒေသခံပြည်သူ ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအသောက်၊ ရေနဲ့ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က ၂၀ ထက်မနည်း ထိခိုက်သေဆုံးထားပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိထားတယ်လို့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူ လေးဦးထက်မနည်း သတ်ဖြတ်ထားပြီး ဒေသခံပြည်သူတချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုတာတွေရှိနေတယ်လို့ စစ်ရှောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပုလိန်ရွာတိုက်ပွဲကြောင့် မုဒုံ-အဘစ်-ဘုရားသုံးဆူလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားလာခွင့်ပိတ်ထားလိုက်တာကြောင့် ခရီးသွားကားတွေ အသွားအလာမရှိသလောက် နည်းပါးသွားတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်