တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတွင် ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၁၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
မင်းဂုတ်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ တပ်စွဲထားသောစခန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက အင်အားအလုံးအရင်းနှင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် မင်းဂုတ်၊ မောင်းလှော်၊ ရတောင်၊ ဂျိုးတောင်၊ ဝါရစ် ကျေးရွာများက ဒေသခံ ၁၀၀၀ ကျော် သည် ကျွန်းစုမြို့ပေါ်နှင့် ဘေးလွတ်ရာ နေရာများသို့ ရေလမ်း၊ ကုန်းလမ်းတို့ကနေ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။
စစ်ရှောင်ဒေသခံများ၏ ပြောပြချက်အရ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရပြီး အနီးပတ်ဝန်းကျင် ကျေးရွာအားလုံးနီးပါ တိမ်းရှောင်သွားကြကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲမှာ နေ့လည်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိသေးကြောင်း မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
တော်လှန်ရေးအင်အားစုများ၏ အဆိုအရ မင်းဂုတ်ကျေးရွာသည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဒေသအခေါ် ပျူစောထီးများ အားကောင်းသည့်ကျေးရွာ ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် ဝါးရင်ကျေးရွာထဲ ဈေးဝယ်လာသော ဒေသကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကောင်စီတပ်က ပိတ်ဆို့တိုက်ခိုက်တာကြောင့် ဒေသခံများသာမက နှစ်ဖက်ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။
တနင်္သာတိုင်းတွင် ပြီးခဲ့သည့်လမှ စပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာသလို မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် စစ်ကောင်စီဘက်က ခံစစ်အတွက် အခိုင်အမာ ပြင်ဆင်ထားကြောင်းလည်း ဒေသခံတို့၏ပြောဆိုမှုအရ သိရှိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။