27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကျောက်မဲမြို့ လူစည်ကားနေရာကို ဦးတည်ပြီး စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

ကျောက်မဲမြို့ လူစည်ကားနေရာကို ဦးတည်ပြီး စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

သျှမ်းပြည်၊ ကျောက်မဲမြို့ပေါ် လူစည်းကားသည့်နေရာကို စစ်ကောင်စီကဦးတည်ပြီး လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားသေဆုံးသူ ၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၄ ဦးအထိရှိကြောင်း ကျောက်မဲမြို့ဒေသခံများ ပြောဆိုမှုအရ သိရသည်။

ဇွန်လ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ပေါ်ရှိ စံပြထမင်းဆိုင်နှင့် ရပ်ကွက် (၃) ရှိ လှိုင်ဆေးရုံအနီးကို စစ်ကောင်စီကလေကြောင်းဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးကာ၊ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“မနေ့ညနေမှာ လေယောဉ်နဲ့ ၂ ကြိမ် ဗုံးကြဲသွားတာ။ ကြံခိုင်ရေးရုံးရှေ့က ထမင်းဆိုင်ကို ဗုံးကျတာ။ ဆိုင်ရှင် မိသားစုဝင် ၃ ယောက်နဲ့ နောင်ချိုစစ်ဘေးရှာင် ၁ ယောက် သေသွားတာ။ ဒဏ်ရာရတဲ့ လူက ၁၄ ယောက်အထိရှိတယ်။ အဲ့နားတဝိုက်က လူများတယ်လေ။ ရပ်ကွက် (၃) မှာ ဗုံးကြဲသွားတာကတော့ ထိခိုက်မှုမရှိပါဘူး” ဟု ကျောက်မဲဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး၊ အသက် ၂၅ နှစ်ဝန်းကျင်အမျိုးသားတစ်ဦးနှင့် နောင်ချိုမြို့ စစ်ဘေးရှောင်တစ်ဦး သေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီက တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောင်းမဲမြို့ပေါ်ရှိ လူစည်ကားရာနေရာကိုဦးတည်၍ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း ကျောက်မဲဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“ရပ်ကွက် (၃) မှာဆိုရင် လှိုင်ဆေးရုံရှိတယ်လေ။ လူနာတွေက အဲ့မှာသွားကုကြတာ။ သူတို့က လှိုင်ဆေးရုံကို ဦးတည်ပြီး ဗုံးကြဲချင်တာနေမှာ၊ တော်သေးလို့ သူများအိမ်ကြားထဲကြတာ ထိခိုက်မှုမရှိဘူး။ လူများတဲ့နေရာကို ဦးတည်ပြီးတော့ ဗုံးကြဲနေတာ။ မြို့ထဲမှာရှိနေတဲ့ လူတွေကလည်း မတတ်နိုင်လို့သာနေနေကြတာ။ တိုက်ပွဲတွေ ဖြစ်ပြီးကတည်းကနေ အချိန်ထိ ငြိမ်ချမ်းမှုတွေ မရှိဘူးလေ။ ဆက်ပြီးဗုံးကြဲမှာကိုတော့ စိုးရိမ်နေကြရတာပေါ့” ဟု အဆိုပါလူငယ်က ပြောသည်။

နောင်ချိုမြို့နယ်တွင် ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများကြောင့် ဒေသခံအချို့ ကျောက်မဲမြို့နယ် အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး၊ လက်ရှိတွင် ကျောင်းမဲမြို့နယ်တွင် နောင်ချိုမြို့ စစ်ဘေးရှောင် ၇၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

TNLA နှင့် စစ်ကောင်စီကြား ပြီးခဲ့သည့် မေလ လဆန်းပိုင်းတွင်ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၊ ကူမင်းဆွေးနွေးပွဲ ပျက်သွားပြီးနောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ မန်တုံ၊ မိုးကုတ်နှင့် မိုင်းငေါ့ စသည့် နေရာတို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေတာကြောင့် အရပ်သား သေဆုံးမှုများလည်း ရှိနေသည်ဟု သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။