23 ဧပြီ 2025 /

See today's Peace Related News

သတင်းကျောက်ဖြူတွင် စစ်ကောင်စီတပ် ထောက်ပို့စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်

ကျောက်ဖြူတွင် စစ်ကောင်စီတပ် ထောက်ပို့စစ်ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်ဖြူမြို့ အမှတ် – ၃၂ ရဲတပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားရာ ဓညဝတီရေတပ်ဌာနချုပ်အနီးသို့ ထောက်ပို့လာသည့်စစ်ကြောင်းကို မတ်လ ၁၉ ရက်နေ့တွင် AA က လမ်းခုလပ်၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

“ရေတပ်ဌာနချုပ်မှာ တိုက်ပွဲပြင်းနေချိန် အင်အားဖြည့်ဖို့ စစ်ကြောင်းတက်လာတာ။ အဓိက ထောက်ပို့လုပ်ဖို့ပေါ့။ ဒါကို အဲဒီရဲတပ်ရင်းနဲ့ ငါးသိုင်းချောင်းရွာကြားမှာ AA က ဖြတ်တိုက်လို့ ထိတွေ့တိုက်ပွဲဖြစ်တာ” ဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦး ပြောသည်။

အမှတ် – ၃၂ ရဲတပ်ရင်းမှာ ဓညဝတီရေတပ်ဌာနချုပ်၏ အနောက်ဘက် ၇ မိုင် ခန့်အကွာတွင်တည်ရှိပြီး မတ်လ ၁၉ ရက်နေ့က အဆိုပါရဲတပ်ရင်းမှ ထွက်လာသည့် ထောက်ပို့စစ်ကြောင်းကို AA က ဖြတ်တိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ထို့အပြင် ယင်းနေ့တွင်ပင် အမှတ် – ၃၂ ရဲတပ်ရင်းအနီး တိုက်ပွဲဖြစ်ပွားခဲ့သလို ရေတပ်ဌာနချုပ်အနီးတွင်လည်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးများမှာ ကုလဘာတောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်ဟု ကျောက်ဖြူဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ရွာထဲနဲ့ ဘုန်းကြီးကျောင်းကို လက်နက်ကြီးတွေကျတယ်။ လူအထိအခိုက်တော့ မရှိခဲ့ဘူး။ မနေ့ (မတ်လ ၁၉ ရက်) က တိုက်ပွဲက နှစ်နေရာဖြစ်တာ။ တနေကုန် ပစ်ခတ်ကြတာ” ဟု မြေပြင်အခြေအနေသိရှိသူ ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူတွင် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက ဒရုန်းအဓိက အသုံးပြုတိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ် အဆောက်အအုံပျက်စီးမှု အများအပြားရှိကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ထောင်နှင့်ချီသည်လည်း ဘေးလွတ်ရာတိမ်းရှောင်နေကြပြီး စားဝတ်နေရေး၊ ဆေးဝါး အရေးပေါ်အကူအညီ လိုအပ်လျက်ရှိနေကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။