ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၅၆၀ ဦးဆောင်သော တပ်ပေါင်းစုအခြေစိုက် ဂိတ်စခန်း (၃) ခုလုံးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
KNLA တပ်ရင်း (၉) ဦးဆောင်သော ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညပိုင်းတွင် နရွဲပင်ကျေးရွာ ဂိတ်စခန်း၊ တောဝိနှင့် ထိန်တပင်ရွာအကြားမှ ဂိတ်စခန်းနှင့် ကျွန်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းရှိ တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုနှင့်အတူ ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားကြောင်း KNU – ဗဟိုဘက်က ထုတ်ပြန်သည်။
KNU ကျောက်ကြီးမြို့နယ်ပြောခွင့်ရ ပဒိုစောဝါးမူက “အဲဒီ စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေက ပြည်သူကို သွားလာရေး ခက်ခဲအောင်လုပ်တယ်။ အဲဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ည ၁၂ နာရီမှာ သွားတိုက်သိမ်းလိုက်တာ။ သွားသိမ်းတဲ့အချိန်မှာ လက်နက်တွေရတယ်။ ထိခိုက်ဒဏ်ရာရတာတော့ အတိအကျမသိသေးဘူးနော်” ဟု ပြောသည်။
စစ်ကောင်စီဂိတ်စခန်းများအား တိုက်ခိုက်စဥ် ၎င်းတို့တပ်ဖွဲ့ဝင်များပိုင် (၆၀) မမပြောင်းတစ်ခုနှင့် အခြား လက်နက်ငယ်များ၊ ခဲယမ်းများအား KNLA တပ်ရင်း (၉) နှင့် ပူးပေါင်းတပ်ဘက်က သိမ်းပိုက်ရမိခဲ့သည်ဟု KNU – ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းသက်တမ်း ၄ နှစ်တာ ကာလအတွင်း ညောင်လေးပင်ခရိုင်ရှိ စစ်ကောင်စီအခြေစိုက် တပ်စခန်းများအား KNLA ပူးပေါင်းတပ်ဘက်က တဆထက်တဆ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြင့် စစ်တပ်၏ လက်နက်ခဲယမ်းနှင့် အင်အားပြုန်းတီးစေရေးကို ဦးတည်သည့် စခန်းသိမ်းဆုတ်ခွာ တိုက်ပွဲများဖော်ဆောင်လျက်ရှိသည်။
စစ်ကောင်စီဘက်ကလည်း ၎င်းတို့ဆုံးရှုံးသွားသည့် ကျောက်ကြီးမြို့နယ်ထဲရှိ စခန်းများအား ပြန်လည်တပ်စွဲ နိုင်ရေးအတွက် ပျောက်ကြားပုံစံဖြင့် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာသည်ဟု KNU ကျောက်ကြီးမြို့ဘက် က ပြောပြချက်အရ သိရသည်။
KNLA ပူးပေါင်းတပ်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း ကျောက်ကြီးမြို့နယ်ရှိ စစ်တပ်ထောက်ပို့လမ်းကြောင်းအတွက် အရေးပါအရာရောက်သည့် မူသဲတပ်စခန်းကို အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိခဲ့သေးသည်။
KIC ပေးပို့သည်။