ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC မှ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၉၆ သို့ အလင်းဝင်ခဲ့သော မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ BGF တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
အောင်မျိုးလွင်(ခ) စောနန်းဦး အမည်ရှိ အသက် ၆၂ အရွယ် သေဆုံးသူသည် အောက်တိုဘာလ ၁၅ ရက်နေ့က အင်္ဂဘိုကျေးရွာမှ အပြန် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျောနှင့်ခါးဘက်တွင် ကျည်ဖောက်ထွက် ဒဏ်ရာများရရှိခဲ့ပြီး ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဟုတ်ပါတယ် သူက PC ကနေ အလင်းဝင်လာတာ၊ ဖက္ကလိပ်ရွာက သူဖွင့်ထားတဲ့ စားသောက်ဆိုင်မှာလည်း သူ့ယူနီဖောင်းနဲ့ ပုံတွေချိတ်ထားတယ်၊ ရွှေ KTV ဆိုတာနဲ့ အဲဒီ စားသောက်ဆိုင်နဲ့ တွဲဖွင့်ထားတာလေ။ အခုနောက်ပိုင်းကတော့ သူများကို ပြန်ငှားထားတယ်ပြောတယ်။ အဲဒီနေ့က သူ့အိမ်ပြန်တယ် အိမ်သန့်ရှင်းရေး လုပ်ပြီး အပြန်မှာ အသတ်ခံရတာပါ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
၎င်း၏ရုပ်အလောင်းအား မိသားစုဝင်များက အောက်တိုဘာလ ၁၆ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်သော်လည်း ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံမှ အလောင်းထုတ်ယူခွင့်မရသေးကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
“ကျနော်တို့အဖွဲ့လုပ်တာတော့ မဟုတ်ဘူး။ ကျနော်တို့လုပ်ခဲ့တဲ့ မစ်ရှင်တွေဆိုရင် ထုတ်ပြန်ပါတယ်၊ အဲဒီလူ အသတ်ခံရတဲ့ သတင်းလည်း ကြားပါတယ်။ ကျနော်တို့အဖွဲ့ လုပ်တာတော့မဟုတ်ဘူး” ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
သေဆုံးသူသည် KNU/KNLA-PC မှ လက်နက်ငယ်များဖြင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ စ၍ အလင်းဝင်ခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီဘက်မှ ထောက်ပံ့မှု အများအပြား ရရှိခဲ့သလို ၎င်းဖွင့်ထားသော စားသောက်ဆိုင် တွင်လည်း တော်လှန်ရေးအင်အားစုတချို့ စစ်ကောင်စီ၏ ပစ်ခတ်ရှင်းလင်းမှု ခံခဲ့ရသည့် ဖြစ်ရပ်မျိုး ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၁) ထိန်းချုပ်သည့် သထုံခရိုင်အတွင်းရှိ တော်လှန်ရေး အင်အားစုများက လူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီ လက်အောက်ခံများနှင့် ဒေသခံတချို့အား ပြည်သူလူထု၏ တိုင်ကြားမှုအရဟူ၍ သတိပေး ထုတ်ပြန်ခြင်း လုပ်ဆောင်၍ သော်လည်းကောင်း ပစ်ခတ်ရှင်းလင်းသည်အထိ အရေးယူ၍သော်လည်းကောင်း လုပ်ဆောင် နေကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာအနီးတွင် BGF အရာရှိတစ်ဦး မောင်းနှင်လာသော မော်တော်ယာဥ်အား KRF ပါဝင်သော တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ထိုအရာရှိနှင့် အရပ်သားအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။
ကေအိုင်စီ ပေးပို့သည်။