23 ဧပြီ 2025 /

See today's Peace Related News

သတင်းကျားဖြန့်လုပ်ငန်းမှ လူကုန်ကူးခံရသူများအား တရားဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ရန် DKBA ကို စစ်ကောင်စီ ဖိအားပေးဟုဆို

ကျားဖြန့်လုပ်ငန်းမှ လူကုန်ကူးခံရသူများအား တရားဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ရန် DKBA ကို စစ်ကောင်စီ ဖိအားပေးဟုဆို

ထိုင်း – မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီဒေသရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် – DKBA နယ်မြေအတွင်း လူကုန်ကူးခံရသူ နိုင်ငံခြားသားများအား ပြန်လည်ပို့ဆောင်ရာတွင် တရားဝင်လမ်းကြောင်းဖြင့် ပို့ဆောင်ရန် DKBA အား စစ်ကောင်စီဘက်က ဖိအားပေးမှုရှိခဲ့သည်ဟု DKBA တာဝန်ရှိသူတို့က ပြောဆိုသည်။

ကျားဖြန့် ငွေကြေးလိမ်လည်မှုလုပ်ငန်းနှင့်ပတ်သက်၍ ထိုင်းဘက်က နယ်ခြားစောင့်တပ် – BGF နှင့် DKBA တို့အား ဖိအားပေးမှုရှိလာသဖြင့် ကျားဖြန့်နှိမ်နင်းစစ်ဆင်ရေးများ စတင်ဆောင်ရွက်လာပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ DKBA ဘက်က ၎င်းတို့နယ်မြေအတွင်း လူကုန်ကူးခံရသူ ၂၆၁ ဦးကို ထိုင်းဘက် လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ ထိုင်းအာဏာပိုင်များထံ တိုက်ရိုက်လူလွှဲပြောင်းပေးခဲ့မှုအပေါ် စစ်ကောင်စီက DKBA ထံ ဖုန်းဖြင့် ဆက်သွယ်ကာ တရားဝင်နည်းလမ်းဖြင့် လူကုန်ကူးခံရသူများအား လွှဲပြောင်းမှုလုပ်ဆောင်ရန် အကြောင်းကြားလာခြင်းဖြစ်သည်ဟု DKBA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစောရွှေဝက ပြောသည်။

ဒုဗိုလ်ချုပ်ကြီးစောရွှေဝက “သူတို့ ဖြစ်ချင်တာက မြဝတီဘက်မှာပြန်အပ်ရင် လဝကတို့၊ ရဲတို့ ရှိတယ်ပေါ့နော်။ အဲဒီကနေတဆင့် ထိုင်းဘက်က လက်ခံရမယ်ဆိုတဲ့ဟာမျိုးပေါ့၊ အဲလိုပြောတယ်။ ထိုင်းဘက်ကတော့ ဒီမှာ လွှဲအပ်ပါပေါ့။ ကျနော်တို့ ကြားထဲမှာ နေရတာ ခက်ပါတယ်။ ဒီလူတွေ (ကျားဖြန့်လုပ်သား) ကို ထိုင်းနိုင်ငံဘက်ကိုသွားပြီး ခေါ်လာတာမဟုတ်ဘူး။ လေယာဉ်နဲ့လာတယ်။ ပြီးရင် ဒီဘက်ကိုကူးလာတယ်။ အွန်လိုင်းလိမ်တဲ့ အလုပ်လုပ်တာလည်း ကျနော်တို့မသိပါဘူး။ သူများတွေ အပြောများမှသိတာ” ဟု ပြောသည်။

DKBA အနေဖြင့် ကျားဖြန့်လူကုန်ကူးခံရသူ ဒုတိယအသုတ်အနေဖြင့် အလုံးအရင်းအလိုက်ပို့ဆောင်မည့် အစီအစဥ် အတွင်း လူပေါင်း ၃၀၀ ကျော်အား ထပ်မံကယ်ဆယ်ထားလိုက်နိုင်ပြီး ထိုင်းဘက်သို့ မကြာမီ ပို့ဆောင်သွားမည်ဟု ဒုဗိုလ်ချုပ်ကြီးစောရွှေဝက ဆက်ပြောသည်။

မြဝတီဒေသရှိ ကျားဖြန့်ကိစ္စများ တွင်ကျယ်လာပြီးနောက်တွင် ထိုင်းနိုင်ငံဘက်က DKBA သို့ ဆက်သွယ်ကာ ကျားဖြန့်နှင့်စပ်လျဥ်းပြီး လူရှာပေးရေးကိစ္စအထိ တိုက်ရိုက်ဆက်သွယ်ပြောဆိုမှုမျိုး ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ကျားဖြန့်ခေါ် အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်း၊ လူကုန်ကူးခြင်းနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟုလည်း DKBA ဒု-စစ်ဦးစီးချုပ်က ပြောဆိုခဲ့ဖူးသည်။

စစ်ကောင်စီဘက်ကလည်း ထိုင်းဘက်မှ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်၍ နိုင်ငံတကာအရေးနှင့် ဆက်စပ်နေသည့် ကျားဖြန့်အမှုတွဲများအတွင်း နာမည်ကောင်းဝင်ယူနိုင်ရေး ကြိုးပမ်းနေကြောင်း နယ်စပ်အရေး စောင့်ကြည့်လေ့လာသူတို့က သုံးသပ်ပြောဆိုသည်။

KIC ပေးပို့သည်။