ကော့သောင်းမှာ နေရပ်ပြန်ပို့ခံရတဲ့ လူငယ်တွေ စစ်မှုထမ်း စုဆောင်းခံနေရ

By MPM 6 ဩဂုတ်, 2025 👁

ထိုင်းနိုင်ငံ ရနောင်းမြို့နယ် ထိန်းသိမ်းရေးစခန်းကနေ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ကို နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ထဲက အသက် ၃၅ နှစ်အောက် လူငယ်အမျိုးသားတွေ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်း လဝကရုံးမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁၆၂ ဦးအား ကော့သောင်းမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ နေလည်ပိုင်းမှာ ပြန်လည်လွှဲပြောင်းခဲ့တာပါ။

နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၆၂ ဦးထဲမှာ အသက် ၃၅ နှစ်အထက် အမျိုးသားတွေကို အကုန်ပြန်လွှတ်ပေးခဲ့ပြီး အသက် ၃၅ နှစ်အောက် အမျိုးသား အကုန်လုံးကို စစ်ဆေးဖို့အတွက် ကော့သောင်းမြို့မခန်းမကို ခေါ်ဆောင်ခဲ့ကာ အဲဒီကနေတဆင့် စစ်မှုထမ်းစုဆောင်းကာ ကော့သောင်းအခြေစိုက် ခမရ ၄၃၁ တပ်ရင်းကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ကော့သောင်းမြို့နယ် ၁၀ မိုင်ကျေးရွာရှိ အမျိုးသားတစ်ဦးနဲ့ ဘန်းကချွန်ကျေးရွာက အမျိုးသားတစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘန်းကချွန်ကျေးရွာရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကိုတော့ အုပ်ချုပ်ရေးမှူးအကူအညီနဲ့ ထိုင်းဘတ်ငွေ နှစ်သောင်းခွဲကနေ သုံးသောင်းဘတ်အထိ ပေးဆောင်ကာ ပြန်လည်ရွှေးထုတ်လာခဲ့ရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ စစ်မှုထမ်း စုဆောင်းခံရပြီး ပြန်မရွှေးနိုင်တဲ့ လူငယ်အမျိုးသားတွေကို ခမရ ၄၃၁ တပ်ရင်းကို ပို့ဆောင်ထားပြီးဖြစ်သလို ၁၀ မိုင်ကျေးရွာက အမျိုးသားတစ်ဦးလည်း ပြန်လည်မရွှေးထုတ်နိုင်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းခံရတဲ့ လူငယ်အမျိုးသားတွေကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်နဲ့ ဘက်ပြောင်းခိုလှုံလာသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အခု ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ရနောင်းလဝကရုံးမှတဆင့် မြန်မာနိုင်ငံ ကော့သောင်းဘက်ကို ပြန်လည်ပို့ဆောင်ခဲ့တာ ရှစ်ကြိမ်တိုင်တိုင်ရှိခဲ့ပြီး နေရပ်ပြန်ပို့ခံရသူ ၁၃၀၀ နီးပါး ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်