ကော့သောင်းတွင် စစ်မှုထမ်းတပ်သားစုဆောင်းခံရသည့်လူငယ် ၂ ဦး PDF ထံဝင်ရောက်ခိုလှုံ

By MPM 9 မတ်, 2025 👁 7

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းတပ်သားစုဆောင်းခံရသည့် လူငယ်နှစ်ဦး ထွက်ပြေးလွတ်မြောက်လာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဝင်ရောက်ခိုလှုံခဲ့ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရသည့်လူငယ်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ညပိုင်းက ထွက်ပြေးလာခြင်းဖြစ်ပြီး ထိုအထဲက အမျိုးသားနှစ်ဦးသည် မတ်လ ၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ခိုလှုံလာခြင်း ဖြစ်သည်။

အဆိုပါလူငယ်နှစ်ဦးသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် အချုပ်ကျခံပြီးနောက် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခံရချိန်၌ စစ်ကောင်စီတပ်သားများက စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ဖမ်းဆီးခဲ့ပြီး ကော့သောင်းမြို့နယ် ခလရ ၄၃၁ တပ်စခန်းထံ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ယင်းနောက် ကော့သောင်းမြို့နယ် ခလရ ၄၃၁ တပ်စခန်း၌ တပတ်နီးပါးကြာနေခဲ့ရပြီး ထိုကနေတဆင့် မြိတ်မြို့ကို စက်လှေနှင့်ထပ်မံပို့ဆောင်ခဲ့ရပြီးနောက် ရွှေဒူးပညာရေးကျောင်းထံ ပြောင်းရွှေ့ခံခဲ့ရသည်ဟု ဆိုသည်။

ရွှေဒူးပညာရေးကျောင်းကိုရောက်ရှိပြီး ၂ ရက်ခန့်အကြာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁ နာရီအချိန့်ခန့် တွင် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ထိုသို့ထွက်ပြေးလာချိန်က စုစုပေါင်း ၁၆ ဦး ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်၌ ၄ ဦး ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး ၁၂ ဦး လွတ်မြောက်ခဲ့ကာ ယင်းတို့ထဲမှ စစ်မှုထမ်းတပ်သားကိုသက်နိုင်ထွေးနှင့် ကိုနိုင်ဝင်းထွန်းတို့ နှစ်ဦးက မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခိုလှုံခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း စစ်ကောင်စီတပ် အရာရှိအဆင့်ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားနှင့် ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။