လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် စစ်ကော်မရှင်တပ်က မြို့အဝင်အထွက် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားပြီး လေကြောင်းမှတစ်ဆင့် နေ့ရောညပါ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဒေသခံ ပြည်သူ ၅,၀၀၀ ခန့် မြို့အတွင်း ပိတ်မိနေသည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က စစ်ဘေးရှောင်များ ခိုလှုံနေသည့် မဟာလေးထပ်ကျောင်းတိုက် ဗုံးကြဲခံရပြီး နောက်ပိုင်း စစ်ကော်မရှင်တပ်သည် ဂျက်လေယာဉ်၊ Y-12 အပါအဝင် လေယာဉ် ၁၀ စီးကျော်ဖြင့် ကသာမြို့ ပေါ်သို့ ၄ ရက်ဆက်တိုက် ဗုံးမိုးရွာချနေခြင်းဖြစ်သည်။
မတ်လ ၂၃ ရက်နေ့ (ယမန်နေ့) ကလည်း ရပ်ကွက် ၅ ထဲ လေကြောင်းမှ ဗုံးကြဲခဲ့သည့်အပြင် ယနေ့ထိ လေယာဉ်သံများ ဆက်ကြားနေရသည်ဟု မြို့ခံများက ပြောသည်။
လက်ရှိတွင် ဆက်သွယ်ရေးလိုင်းများနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် မြို့တွင်းရှိ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ကာ စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။
မြို့ခံအမျိုးသားတစ်ဦးက “မြို့ထဲမှာ ပိတ်မိနေတာ ၅,၀၀၀ ကျော်ပြီ။ စစ်တပ်က မြို့ပြင်ထွက်တဲ့သူမှန်သမျှ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားတာ။ ကျနော်တို့ကို လူသားဒိုင်းလို လုပ်ထားပြီး မြို့ပေါ်ကို ဗုံးတွေ ဆက်တိုက်ကြဲနေတာပဲ။ ရပ်ကွက် (၅) ဘက်မှာလည်း ဗုံးတွေကျနေတယ်။ ဘယ်သူတွေ ထိခိုက်ကုန်ပြီလဲဆိုတာတော့ အတိအကျ မသိရဘူး။ သွားကြည့်လို့လည်းမရဘူး” ဟု ပြောသည်။
မတ်လ ၂၀ ရက်နေ့ တိုက်ခိုက်မှုတွင် သံဃာတော်နှင့် အရပ်သား ၈၀ ခန့် သေဆုံးခဲ့ရပြီး အလောင်းအများစုမှာ မီးလောင်ကျွမ်းခဲ့သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား၍မရမီ စစ်ကော်မရှင်က အလျင်အမြန် သင်္ဂြိုဟ်ခိုင်းခဲ့ ကြောင်း မြို့ခံများက ပြောသည်။
ထို့ပြင် ဒဏ်ရာရရှိသူ ၃၀ ကျော်မှာလည်း ဆေးရုံ၊ ဆေးခန်းများ ပိတ်ထားသဖြင့် လုံလောက်သော ဆေးဝါး ကုသခွင့်မရဘဲ အသက်အန္တရာယ် စိုးရိမ်နေရသည့် အခြေအနေဖြစ်နေသည်။
ကသာမြို့ပြင်တွင် စစ်ဘေးရှောင်နေရသူ မြို့ခံတစ်ဦးကလည်း “မြို့ထဲက လူတွေကတော့ အကုန်ထွက်ချင်နေကြတာပဲ။ ဒါပေမဲ့ လမ်းတွေကို သံချပ်ကာကားတွေနဲ့ ပိတ်ထားတော့ ဘယ်မှသွားလို့မရဘူး။ အခု ဖုန်းလိုင်းတွေလည်း မရတော့ မိသားစုတွေ ဘာဖြစ်နေလဲဆိုတာ မသိရလို့ လူမှုကွန်ရက်ပေါ်မှာတင်ပြီး လူချင်း အဆက်အသွယ်ရအောင် လိုက်စုံစမ်းနေရတယ်” ဟု ပြောသည်။
ယခု ကသာမြို့တွင်း ပိတ်မိနေသည့် ပြည်သူများမှာ ၂၀၂၆ နှစ်ဆန်းပိုင်းတွင် တိုက်ပွဲများငြိမ်သက်လာသဖြင့် မြို့သို့ပြန်လည်ဝင်ရောက်လာသူများနှင့် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ ဆက်နေထိုင်နေသူများဖြစ်သည်။
ဒေသတွင်း တော်လှန်ရေးအင်အားစုများဘက်ကလည်း စစ်ကော်မရှင်သည် အရပ်သားပြည်သူများကို ဓားစာခံအဖြစ် အသုံးချရန် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် ဖိအားပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းမပြုဘဲ ဘေးလွတ်ရာတွင်သာ ဆက်လက်ခိုလှုံကြရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။
ထို့ပြင် တိုက်ပွဲများမှာ အချိန်မရွေး ပြန်လည်ပြင်းထန်လာနိုင်သည့်အပြင် စစ်ကော်မရှင်၏ မြေပြင်စစ်ကြောင်းများမှာ လည်း မြို့တွင်းရှိ အရပ်သားများကို ပစ်မှတ်ထားကာ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နိုင်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းမပြုကြရန် တိုက်တွန်းထားသည်။
စစ်ကော်မရှင်သည် ကသာမြို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ မြောင်နှင့် ကျွန်းလှမြို့နယ်များကိုလည်း လေကြောင်းမှတစ်ဆင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်။
မတ်လ ၂၁ ရက်က ကနီမြို့နယ်ထဲက ဆူးလေကုန်းကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၇ စီးဖြင့် ဗုံးကြဲခဲ့သလို မတ်လ ၂၃ ရက်နေ့ကလည်း မြောင်မြို့နယ် သောင်ကြီးကျေးရွာကို ဗုံးကြဲခဲ့သဖြင့် အရပ်သားများ ထပ်မံသေဆုံးခဲ့ရသည်။
NMG