စစ်ကိုင်းတိုင်း ကလေး – တမူး လမ်းမကြီးအား နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပိတ်ထားသဖြင့် ကလေးဝက တဆင့် ချင်းတွင်းမြစ်အတိုင်း ဆန်တက်ပြီး တောင်ပေါ်လမ်းမှတဆင့် တမူးမြို့သို့ သွားရောက်နေရကြောင်း ဒေသခံများက ပြောသည်။
“အရင်က ကလေး – တမူး နေ့ချင်းပြန်ခရီးကို အခု ကလေးကနေ တမူးကို လာချင်ရင် ကလေးဝကို အရင်သွား၊ ကလေးဝကနေ တုံဟဲအထိ ချင်းတွင်းမြစ်အတိုင်း ဆန်တက်၊ တုံဟဲ ကနေမှ ကြုံရာကားနဲ့ တောင်ပေါ်ခရီးကြမ်း ကို ဖြတ်ပြီး သနန်မြို့သစ်ရောက်၊ ပြီးတော့ တမူးပေါ့လေ။ တမူးရောက်ဖို့ လေးငါးရက် သွားရပါတယ်။ အခန့်မသင့်ရင် လမ်းမှာတင် တစ်ပတ်ဆယ်ရက် ကြာသွားနိုင်ပါတယ်” ဟု တမူးမြို့ခံ ဦးဇာနည်က ပြောဆိုသည်။
ကလေး-တမူး လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ ကတည်းက စတင် ပိတ်သွားခဲ့ကြောင်းနှင့် မည်မျှအချိန်အထိ ကြာမည်ကို မသိနိုင်သေးကြောင်း ဒေသခံများက ပြောသည်။
“တချို့ဆို တမူးကနေ အောက်ပိုင်း ဆင်းချင်ရင် ဟုမ္မလင်းဘက်ကနေပတ်ပြီး လေယာဉ်နဲ့ သွားနေကြပြီ” ဟု တမူးမြို့ခံဦးဇာနည်က ဆက်ပြောသည်။
တမူးမြို့သည် မြန်မာ – အိန္ဒိယ နယ်စပ်မြို့ ဖြစ်သော်လည်း အိန္ဒိယဘက်ခြမ်းတွင်လည်း ကသည်းနှင့် ကူကီးလူမျိုးစု ပဋိပက္ခဖြစ်နေသောကြောင့် နယ်စပ်အဝင်/အထွက်ကို ပိတ်ထားသဖြင့် ကုန်စည်များ ဝင်ရောက်နိုင်ခြင်းမရှိလို့ အခြေခံကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့် ကြုံတွေ့ရနိုင်သည့် အခြေအနေရောက်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။