ကရင်နီ ကုရင်တောင်ကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးနှင့်အတူ လက်နက်ခဲယမ်းများအများအပြား သိမ်းဆည်းရမိခဲ့ဟုဆို

By MPM 14 မတ်, 2023 👁

ရှမ်း-ကယား (ကရင်နီ) ဒေသအစပ် ဖယ်ခုံမြို့နယ်ရှိ ကုရင်ကျေးရွာ၊ တောင်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ မတ်လ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မှ စစ်ကြောင်းမှူးအပါအဝင်အလောင်း ၁၉ လောင်း၊ စစ်သုံ့ပန်း (၆) ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) က ယနေ့ထုတ်ပြန်သည်။

“ ၁၁ ရက်နေ့ မနက် ၁၀ နာရီလောက်က တိုက်ပွဲဖြစ်တယ်ပေါ့ဗျာ။ စခဘက်က စစ်ကြောင်းမှူးအပါ ၁၉ ယောက်လောက် သေတယ်။ ၆ ယောက်ကို အရှင်မိတယ်။ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေဘက်ကတော့ ၂ ယောက် ထိခိုက်တယ်။ မစိုးတော့မစိုးရိမ်ရပါဘူး။ ၁၂ ရက်နေ့ကတော့ ကျနော့်ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်ပေါ့ဗျာ” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိမှုအနေဖြင့် RPG – (၂) လက်၊ 60 MM စိန်ပြောင်း (၁) လက်၊ ကွန်မဒိုပြောင်း (၂) လက်၊ MA 1/ MA2/ MA 3 (၇) လက်၊ စနှိုက်ပါ (၁) လက်၊ 9mm- (၁) လက်၊ ငါကြင်းမီး (၁) လက် တို့အား သိမ်းဆည်းမိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် အထိုင်စက် (၂) လုံး၊ ကျည်ဘောက် (၃၀) ခုလက်ပစ်ဗုံး (၁၀) လုံး၊ နင်းမိုင်း (၁၀) လုံး၊ အီနာဂါ (၂၀) လုံး၊ RPG အသီး (၃၀) လုံး ၊ 5.56 ကျည် (၃) ထောင် ၊ AKကျည် ၅၀၀ တောင့် နှင့် ငါးကြင်းမီးကျည် ၁,၅၀၀ တောင့်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၂ ရက်နေ့တွင် မနက် (၁) နာရီခန့်တွင် တိုက်ပွဲဆုတ်ခွာ စစ်ကောင်စီတပ်နှင့် တောတွင်းတစ်နေရာတွင် ဖယ်ခုံ PDF တပ်ရင်းက ကင်းထောက်တပ်စိပ်နှင့် ထိတွေ့တိုက်ပွဲများ ထပ်မံဖ့စ်ပွားခဲ့ပြီး PKPDF2 က ရဲဘော် ၁ ဦး ကျဆုံးကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များသည် ကရင်နီ (ကယား) ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာဖွင့် ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။