ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ရသည့် ကျောင်းသား ၄ ဦးအပါအဝင် သက်ကြီးပိုင်း ၁ ဦး သေဆုံးမှုအတွက် ကျုးလွန်သူကိုရှာဖွေပြီး အပြစ်ပေးနိုင်သည့်အထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့က ပြောဆိုသည်။
“ဒါကတော့အဆိုးဝါးဆုံးသော စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတရပ် ကျနော်တို့အနေနဲ့ မေ့လို့မရဘူး၊ ခွင့်လွှတ်လို့ရတဲ့ ဖြစ်စဉ်မဟုတ်ဘူးလို့ ပြောလိုတယ်။ ဒါကိုလည်း အဆုံးစွန်ထိ ကျူးလွန်သူကို ရှာဖွေပြီး အပြစ်ပေး နိုင်တဲ့အထိ ဆက်လုပ်သွားဖို့ ရည်မှန်းထားပါတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ဦးဗညားက ပြောသည်။
စစ်ကောင်စီက ကလေးများ ပညာသင်ကြားလို့မရအောင်၊ အကြောက်တရား စိုးမိုးနေအောင်နှင့် စိတ်ဒဏ်ရာများ ရရှိအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တဲ့အတွက် လက်ခံနိုင်စွမ်းမရှိဘဲ အပြင်းအထန် ရှုတ်ချတယ်လို့ ၎င်းက ဆက်ပြောသည်။
ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုကို နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများအပေါ် ဆိုးဝါးသည့် ချိုးဖောက်မှုဖြစ်ရာ ရောမသဘောတူစာချုပ် (Rome Statue) အရ စစ်ရာဇဝတ်မှု မြောက်သည့်လုပ်ရပ် ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။
ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child – CRC) အရ “ကလေးတိုင်းတွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင်နေထိုင်ခွင့်ရှိသည်” ဟူသော အချက်နှင့် ဂျီနီဗာ သဘောတူညီချက်များကိုလည်း စစ်ကောင်စီမှ အလေးထားမှုမရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်တယ်လို့ IEC က ထောက်ပြထားပြီး အမျိုးသားညီညွတ်ရေးအစိုးရအပြင် ကမ္ဘာ့ကုလသမ္မဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေအနေဖြင့် လက်ပိုက်မကြည့်ဘဲ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးဖို့ တိုက်တွန်း တောင်းဆိုထားသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့ တရက်တည်းမှာပင် စစ်ကောင်စီတပ်က တိုက်လေယာဥ် ၃ စီးနှင့် ၆ ကြိမ်တိုင်တိုင် ပျံဝဲပြီး ဒီးမော့ဆိုမြို့ ဒေါဆီးအီကျေးရွာရှိ အခြေခံပညာအလယ်တန်းစာသင်ကျောင်းကို စက်သေနတ်၊ ပေါင် ၅၀၀ ဗုံးနဲ့ လက်နက်ကြီးတွေကို အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အဲဒီစာသင်ကျောင်းမှ အသက် ၁၂ ကနေ ၁၄ နှစ်ကြား ကျောင်းသား ၄ ဦး သေဆုံးပြီး မူကြိုအရွယ်ကလေးငယ်တစ်ဦး အပါအဝင် ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေလည်း ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။
ယင်းနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာပင် စစ်ကောင်စီက ဒုတိယအကြိမ်အနေနဲ့ ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာက အထက်တန်းစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား၁ ဦး သေဆုံးသွားသည့်အပြင် ကျောင်းဆရာမ ၂ ဦးနဲ့ စစ်ဘေးရှောင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
စစ်ကောင်စီလေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း ၆ လုံး၊ လူနေအိမ် ၅လုံး နဲ့ ကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
“ဒီတခေါက်လိုမျိုး ကျောင်းတက်နေတဲ့အချိန်မှာ လာပစ်သွားတာကတော့ ဒါကတော့ ကရင်နီပြည်မှာ လက်ရှိ သုံးနှစ်တာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာဖြစ်တဲ့ ဖြစ်ရပ်ဦးဆုံးအကြိမ်ဖြစ်ပြီးတော့မှ ကလေး ကျောင်းသူကျောင်းသား တနေရာတည်းမှာ အများအပြား သေဆုံးဒဏ်ရာရခြင်းလည်း ဖြစ်တယ်” လို့ ဦးဗညားက ပြောဆိုသည်။
အလားတူ စစ်ကောင်စီကို လက်နက်ရောင်းချမှုနဲ့ လေကြောင်းလောင်စာဆီရောင်းချမှု စတာတွေကို ပိတ်ဆို့တဲ့ ပြဌာန်းချက်နဲ့ အရေးယူမှုတွေကို ချက်ချင်းပြုပေးဖို့ နိုင်ငံတကာကို ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ တရက်တည်းမှာပဲ စစ်ကောင်စီလေတပ်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း ၂ ကျောင်းနဲ့ ဆေးပေးခန်းတစ်နေရာကို ပေါင် ၅၀၀ ဗုံးသီး အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။