ကန်ပက်လက်မြို့၊ ဆတ်ချောက်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ ၃ နှစ်အရွယ်ကလေးအပါအဝင် ဒေသခံ ၂ ဦး သေဆုံး

By MPM 14 ဩဂုတ်, 2024 👁

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲရှိ ဆတ်ချောက်ကျေးရွာကို ဩဂုတ် ၁၃ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၆ လ သားကလေးငယ်အပါအဝင် ဒေသခံပြည်သူ ၄ ဦးထိ ခိုက်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သေဆုံးတဲ့ လူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ လူတွေအားလုံးဟာ ဒေသခံပြည်သူတွေပဲ။ တိုက်ပွဲလည်း မရှိပါဘူး။ သူတို့က ပစ်ချင်လို့ကို ပစ်သွားတာပါ။ ထိခိုက်သေဆုံးမှုတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။ ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ ကြဲချသွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၃ ရက် နေ့လည် ၁ နာရီ ၄၈ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသ အုပ်ချုပ်မှုနယ်မြေရှိ၊ ဆတ်ချောက်အုပ်စု၊ ဆတ်ချောက်ကျေးရွာရှိ စာသင်ကျောင်းကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အသက် ၃ နှစ်အရွယ် မောင်ထန်းမနားနှင့် အသက် ၄၂ နှစ်အရွယ် ဒေါ်လိုင်းလှေ့တို့သည် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုအတွင်း ပွဲချင်းပြီ သေဆုံးသွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

၆ လသားအရွယ်မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၂ နှစ်အရွယ် ကျား ၁ ဦး၊ အသက် ၅၂ အရွယ် ကျား ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စာသင်ကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၄ လုံးတို့မှာ လုံးဝ ထိခိုက်ပျက်စီးသွားပြီး လူနေအိမ် ၂ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည်ဟု ဆိုသည်။

ဆတ်ချောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် ဗုံး ၆ လုံးခန့်ဖြင့် အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်လာမှာကို စိုးရိမ်နေကြသည့်အတွက် ဆတ်ချောက်ကျေးရွာ ဒေသခံအားလုံးသည် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

KMG ပေးပို့သည်။