ကနီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်း သိမ်းပိုက်ခံရ

By MPM 18 ဧပြီ, 2023 👁 5

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲထားတဲ့ ဆယ်သွယ်ရေး တာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ရှိတဲ့ အဲ့ဒီစခန်းကို ဧပြီ ၁၇ ရက် မနက် ၇ နာရီကျော်မှာ ဒေသခံ PDF တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ၅ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ယင်းမာပင်ခရိုင် PDF တစ်ဦးက ပြောပါတယ်။

“ယာကြီးရွာအနောက်ဘက်က တာဝါတိုင်စခန်းကို ယင်မာပင်ခရိုင်ယင်း ၁၊ ယင်း၂ ခရိုင်ကွပ်ကဲရေးအဖွဲ့နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

တာဝါတိုင်စခန်းကုန်း တိုက်ပွဲကနေ MA-2 (၃) လက်၊ MA – 11 (၆) လက်၊ MA – 3 (၅) လက်၊MA – 4 (၁) လက်၊ MA ကျည်ဘောက် (၈) ခု၊ ၅.၅၆ ကျည် (၉၃၈၀) တောင့်၊ 60mm – ပြောင်းတို (၁) လက်၊ 60 mm ဗုံးသီး (၅၀) လုံး၊ 40 mm ဗုံးသီး (၅၇) လုံး၊ လက်ပစ်ဗုံးသီး (၅၆) လုံး၊ ရှေ့ထွက်မိုင်း (၁၀) လုံး၊ နင်းမိုင်း (၂၉) လုံး၊ Detonator(လက်ပစ်) (၃၇) ခု၊ Detonator (မိုင်း) (၄၅) ခု၊ ငွေကျပ် (၁၁၁၀၀) ကျပ် စတာကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

ရှမ်းနီအသံမှ ပေးပို့သည်။