သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊ ဘာမှမရှိဘူး၊ ဘာမှလည်း လက်လှမ်းမီတဲ့နေရာမဟုတ်ဘူး၊ ရေကလည်း ရှားတော့ တကိုယ်ရေ သန့်ရှင်းမှုအားနည်းတယ်။ ကလေးတွေ ကိုယ်ဝန်ဆောင်တွေက ကျန်းမာရေးစောင့်ရှောက်မှုမရှိဘူး” ဟု ၎င်းအမျိုးသမီးကပြောသည်။
ထို့အပြင် စစ်ရှောင်အများစုမှာ နေရပ်ပြန်နိုင်ခြင်း မရှိသေးဘဲ နီးစပ်ရာ တောတောင်နှင့် နားဟီးကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေရပြီး ပအိုဝ်းပြည်သူ့စစ် PNO က စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာထောက်ပံ့မှု တစ်စုံတရာမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။
ဆက်လက်ပြီး နေရပ်ပြန်နေကြသော စစ်ဘေးရှောင်အချို့သည် နေရပ်ပြန်နိုင်သော်လည်း စစ်ရေးအခြေအနေ တင်းမာနေသောကြောင့် အလုပ်လုပ်ရန် လုံခြုံရေးအတွက် အခက်အခဲများရှိနေကြောင်း၊ မြေမြုပ်မိုင်းအန္တရာယ်ပါ စိုးရိမ်နေရသည့် အခြေနေဖြစ်ကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တချို့က နေရပ်ကို ပြန်နိုင်ပေမဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အခြေနေရှိတယ်၊ စားဝတ်နေရေးအခက်ခဲတွေ အများကြီးရှိတယ်၊ဘယ်တော တိုက်ပွဲပြန်ဖြစ်မလဲဆိုတာ စိုးရိမ်နေကြတဲ့ အခြေနေဖြစ်နေတယ်၊ ကျန်းမာရေးပိုင်းမှာက ဆေးဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေမရှိတော့ ကလေး၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အခက်ခဲအများကြီး ရင်ဆိုင်ရနိုင်တယ်” ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ကဒူးကြီးဒေသသည် PNLA ဌာနချုပ်ဖြစ်သည့်အတွက်ကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဟိုပုံး-ဆီဆိုင် တိုက်ပွဲစဖြစ်သည့် အချိန်မှစပြီး လေကြောင်းတိုက်ခိုက်မှုများ မကြာခဏရင်ဆိုင်နေရပြီး သက်ကြီးရွယ်အိုနှင့် ကလေးများ မကြာခဏ စစ်ဘေးတိမ်းရှောင်နေရကြောင်း ၎င်းတာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစပြီး ကဒူးကြီးဒေသ ဗန်းမတ်ကျေးရွာ၊ နောင်ထောဝ်ကျေးရွာ၊ ဟံဗွားရွာတို့တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲကြောင့် ဒေသခံ (၁၀၀၀) နီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အထိ စစ်ဘေးရှောင် (၈၀) ရာခိုင်နူန်းရှိကြောင်း သိရသည်။
သျှမ်းသံတော်ဆင့်