ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး၊ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Kachin Human Rights Watch (KHRW) အဖွဲ့က ထုတ်ပြန်သည်။
သေဆုံးသူများသည် ဖေဖော်ဝါရီလအတွင်း မိုးမောက်မြို့နှင့် ဖားကန့်မြို့နယ်တို့တွင် စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများဖြစ်သည်ဟု KHRW ၏ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Kachin Human Rights Watch အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျက်ကော့ (Jacob) က “အချိန်ကာလတခု ရောက်လာရင်တော့ စစ်ကောင်စီတွေအနေနဲ့က ကျူးလွန်ခဲ့တဲ့အရာတွေကို တာဝန်ခံရမှာပဲလို့ မြင်ပါတယ်။ သူတို့ ကျူးလွန်တဲ့အရာတွေလည်း တစ်ခုနှစ်ခုပဲ မဟုတ်တော့ဘူး။ စုံနေပြီ။ လက်ရှိမှာလည်း နိုင်ငံတကာစစ်ဥဒေကို ချိုးဖောက်နေတဲ့အတွက် အဲဒီအရာတွေအားလုံးကို တာဝန်ယူရမှာပဲ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖားကန့်မြို့နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာကို လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု၌ ၁၀ နှစ်အောက် ကလေးသူငယ် ၃ ဦး၊ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် ယခုလိုအရပ်သားပြည်သူများအား ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲမှုတို့နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုက စစ်ရှုံးလာသည့် စစ်ကောင်စီတပ်အနေနှင့် ပြည်သူလူထုကို အကြောက်တရားနှင့် အုပ်ချုပ်လိုသော ပုံစံမျိုးဖြစ်နေသည်ဟု KHRW ပြောဆိုသည်။
“ဒါဟာ အာဏာသိမ်းစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စစ်ဥပဒေချိုးဖောက်နေတာဖြစ်ပြီး ဒီလုပ်ရပ်အပေါ် တရားမျှတမှု ရရှိလာအောင် ဒေသတွင်းအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်ပက ICC, ICJ တရားဥပဒေ ရှေ့နေတွေက ကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်တယ်” ဟု ကိုဂျက်ကော့က ဆက်ပြောသည်။
အမျိုးသားညီညွှတ်ရေးအစိုးရလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် စစ်ကောင်စီကနေ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၇၃၉၄ ခု အထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုသည် နှစ်ဆနီးပါးမြင့်တက်သွားသည်ဟု သိရသည်။
“ကျွန်တော်တို့ရရှိထားတဲ့ အချက်အလက်တွေက သက်သေအထောက်အထားတွေ ဖြစ်ပါတယ်။ ဒီသက်သေ အထောက်အထားတွေကို စနစ်တကျစုံစမ်းပြီးတော့ မှတ်တမ်းတင်ပြီး တရားစွဲဆိုနိုင်ဖို့ လုပ်ဆောင်နေတဲ့ double I double အဖွဲ့ယန္တရားကိုလည်း ကျွန်တော်တို့ရဲ့ သတင်းတွေကို ပေးပို့ပြီးတော့ တရားမျှတမှုနဲ့ အပြစ်ပေး အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲတခုတွင် ပြောဆိုထားသည်။
ယင်းအပြင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီအာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့အထိ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၆,၃၈၁ ဦး သေဆုံးခဲ့ပြီး၊ ဖမ်းဆီးခံခဲ့ရသူ ၂၈,၇၅၂ ဦးရှိပြီး ယင်းတို့ထဲမှ ၂၁,၉၇၅ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံရသူများမှ ၁၀, ၅၂၁ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု ဆိုသည်။
KNG ပေးပို့သည်။