ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာ ၅ နေရာခန့်ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေပြီး အရပ်သားပြည်သူများရှိသည့် နေရာတို့တွင် လေယာဉ်ဗုံးကြဲ တာကြောင့် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံက သိရသည်။
ပြီးခဲ့သည့်တစ်ပတ်အတွင်း လိုင်ဇာနယ်မြေ မုန်းဆိုင်ယန် (Mung Seng Yang) ၊ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်း၊ ဝေရှီ (Wai-shi) ၊ အင်ဂျန့်ယန်သွားလမ်းပေါ်ရှိ တန်ဘောင်ယန် (Tangbau Yang) ၊ လန်ဆယ်ဒေသ၊ ဆဒုံးမြို့အနီး ယင်းဖြူ့ကျေးရွာနှင့် ဝိုင်းမော်မြို့အနီးတဝိုက်တို့ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ယခုလိုလုပ်ရပ်အပေါ် KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မြေပြင်ကနေ စစ်ကြောင်း ထိုးတာတွေ သိပ်မလုပ်နိုင်တော့တာဖြစ်တဲ့အတွက် လေကြောင်းနဲ့ အကြောင်းမဲ့ လိုက်တိုက်ခိုက်နေတယ်လို့ပဲ မြင်ပါတယ်။ ပြီးရင် ဗန်းမော်ဘက်မှာလည်း တိုက်ပွဲကဆက်ပြင်းထန်နေတာ ဖြစ်တဲ့အတွက် အခုလိုတိုက်ပွဲမရှိတဲ့ နေရာတွေဘက်ကို တမင်စစ်ခြေဆွဲတယ်လို့လည်းမြင်တယ်” ဟု ပြောသည်။
နှစ်လဝန်းကျင်ကြာအထိ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေသော ဗန်းမော်မြို့တိုက်ပွဲ၌ စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က ဗန်းမော်မြို့တစ်ခုလုံးအတွက် အရေးပါသော တပ်ရင်းတချို့ကို လက်လွတ်လိုက်ရသလို စစ်ကောင်စီတပ်သား အများအပြား ရှိနေသည့် စကခ ၂၁ တပ်ရင်းလည်း ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခံနေရတာကြောင့် တဖက်တွင် ယခုလို တန်ပြန်တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပြီးခဲ့သည့်တစ်ပတ်အတွင်း ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆော့လော် မြို့နယ်တို့ကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသေဆုံးမှုရှိခဲ့သလို အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း လက်ရှိ KIA ထိန်းချုပ်နယ်မြေဖြစ်သည့် ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆောင်နဲ့ နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု လန်ဆယ်ဒေသခံတို့ဆီက သိရသည်။
တဆက်တည်းပင် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အထက် ယင်းဖြူ့တွင် စစ်ကောင်စီက ၃ ကြိမ်ခန့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် လေယာဉ်ဗုံးတစ်လုံးက ဆဒုံးမြို့၊ စာသင်ကျောင်းအနီး မပေါက်ကွဲ ကျန်ရှိနေခဲ့သည်ဟု ဆဒုံးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“လာပစ်တာက ၇ ရက်နေ့ ဟုတ်တယ်။ ညနေပိုင်း ၂ နာရီနဲ့ ၃ နာရီကြားမှာ လာပစ်တာ။ ဂျက်လေယာဉ်နဲ့ လာပစ်တာ။ လာပစ်တဲ့နေရာက ဆဒုံးရွာနဲ့တော့ သိပ်မနီးဘူး။ နယ်စပ်အထက် ယင်းဖြူ့မှာဟုတ်တယ်။ အဲ့မှာ လာပစ်တဲ့ ဗုံးတစ်လုံးက စာသင်ကျောင်းနားမှာလာကျတာ လူထိခိုက်တာတော့မရှိဘူး။ ဒါပေမယ့် ပြည်သူတွေက စိုးရိမ်နေကြတာပေါ့” ဟု ၎င်းက ပြောသည်။
ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း မြစ်ဆုံအထက် KIA သိမ်းပိုက်ထားပြီဖြစ်သည့် တယန်ဇွပ်၊ ဝေရှီစသည့်နေရာတွင် ၃ ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းတွင်လည်း ဝိုင်းမော်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ရှိသည်ဟုယူဆရသည့် နေရာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟုလည်း ဝိုင်းမော်ဒေသခံတို့ဆီက သိရသည်။
စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်ထဲ မြို့သိမ်းတိုက်ပွဲဖြစ်နေသည့် ဗန်းမော်မြို့တွင်လည်း ဗန်းမော်မြို့ လက်မလွတ်ရရေးအတွက် လေကြောင်းနှင့် နေ့စဉ်အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တို့ထံက သိရသည်။
KNG ပေးပို့သည်။