|
|
| ခေါင်းဆောင် – ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဒု-ခေါင်းဆောင် – ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်းမှုသည် ယနေ့အချိန်ထိ အောင်မြင်စွာ အဆုံးသတ်နိုင်ခြင်းမရှိသေးဘဲ သာမာန်မဟုတ်သည့် အခြေအနေကြောင့်ဟုဆိုကာ အရေးပေါ် (၆) လသက်တမ်းကို (၇) ကြိမ်မြောက်အထိ တိုးမြှင့်ခဲ့ရပါသည်။ ၎င်းတို့ကိုယ်တိုင်ရေးဆွဲကာ အခိုင်အမြဲကိုင်စွဲထားသည့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလ အာဏာလွှဲယူမှုကို ပထမသက်တမ်း (၁) နှစ်နှင့် (၆) လနှစ်ကြိမ်အဖြစ် စုစုပေါင်း (၂) နှစ်သာ ခွင့်ပြုထားသော်လည်း ယင်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် လိုသလိုအသုံးပြုပြီး ဗြောင်ကျကျ ချိုးဖောက်ခဲ့သည်ဟု ဆိုရပါမည်။ ကျန်းမာရေးအခြေအနေကြောင့်ဟု အကြောင်းပြကာ ဒုသမ္မတဦးမြင့်ဆွေ (ဗိုလ်ချုပ်ဟောင်း) ကို အနားပေးခဲ့ပြီး မိမိကိုယ်ကို “ယာယီသမ္မတ” အဖြစ် တာဝန်ပေးပြီး တပ်ချုပ်၊ ဝန်ကြီးချုပ်၊ စစ်ကောင်စီဥက္ကဌ စသဖြင့် ရာထူးတာဝန်အားလုံးကို တစ်ဦးတည်းမောင်ပိုင်စီးကာ စစ်အာဏာသိမ်းမှု အောင်မြင်ရေးအတွက် ၎င်း၏ အစုအဖွဲ့အတွင်း အပြောင်းအရွေ့၊ အဖြုတ်အထုတ်ပေါင်းများစွာကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက လုပ်ဆောင်ခဲ့ပါသည်။ စစ်အာဏာသိမ်းမှုအစတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲစာရင်းများ ပြန်လည်စစ်ဆေးမည့်အချက်သည် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတွင်း နံပါတ် (၁) ဦးစားပေးဖြစ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သော် စစ်အုပ်စု၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်တော့ ရွေးကောက်ပွဲအသစ်တရပ် ကျင်းပနိုင်ရေးသည် ၎င်းတို့၏ နံပါတ် (၁) ဦးစားပေးဖြစ်လာခဲ့သည်ကို တွေ့ရပါသည်။ ၄ နှစ်ကျော် (၅) နှစ်အတွင်း ရောက်ရှိလာသည့် စစ်အာဏာသိမ်းကာလအတွင်း စစ်အာဏာသိမ်းမှုအား ဆန့်ကျင်နေကြသည့် တော်လှန်ရေးအင်အားစုများ၏ စစ်ရေး၊ နိုင်ငံရေးဖိအားများသည် ဆက်လက်မြင့်တက်နေဆဲဖြစ်သကဲ့သို့ အာဏာသိမ်းစစ်ကောင်စီတပ်၏ မြေပြင်အင်အားသည်လည်း အလွန်ဆုတ်ယုတ်ယိုင်နဲ့လာပါသည်။ ထို့ကြောင့် တပ်သားစစ်အင်အား အရေးပေါ်ဖြည့်တင်းနိုင်ရေးအတွက် စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူငယ်လူရွယ်ပေါင်း (၇၀,ဝ၀ဝ) နီးပါးကို လပိုင်း၊ ရက်ပိုင်းမျှ စစ်သင်တန်းပေးပြီး စစ်မြေပြင်သို့ ပို့ဆောင်ပစ်ခဲ့ပါသည်။ 1 စစ်ကောင်စီ အနေဖြင့် နိုင်ငံတဝှမ်းရှိ မြို့ပေါင်း (၁၀ဝ) ကျော်နှင့် စစ်စခန်း၊ တပ်စခန်းပေါင်းများစွာကို တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးထားရပြီး မြို့ (၇) မြို့ကိုသာ ပြန်လည်ထိန်းချုပ်ထားနိုင်ပါသည်။ တော်လှန်ရေးအင်အားစုများ၏ တော်လှန်ထိုးစစ်များကို မြို့နယ်ပေါင်း ၂၄၅ မြို့နယ်တွင် အပြင်းထန်ဆုံး ရင်ဆိုင်နေရသည့် စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုကိုသာ နေ့စဉ်နှင့်အမျှ အသုံးပြုနေရသည်ကို တွေ့ရသည်။ သို့သော် အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ၎င်းတို့၏ နံပါတ် (၁) ဦးစားပေးဖြစ်သော ရွေးကောက်ပွဲအသစ် ကျင်းပနိုင်ရေးကိုသာ ဇွတ်အတင်းဦးတည်လျှောက်လှမ်းနေပြီး အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးဟူသော စကားလုံးများကို ဟန်ပြသုံးနှုန်းလေ့ရှိပါသည်။ စစ်အာဏာသိမ်းကာလအတွင်း ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့်လည်း အနှီရွေးကောက်ပွဲဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီများအား စည်းရုံးခြင်း၊ ၎င်းတို့နှင့် စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းမရှိသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအား တွေ့ဆုံခြင်းတို့ဖြင့်သာ အချိန်ကုန်လျက်ရှိသည်ဟု ဆိုရပါမည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေတည်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ကို အစဉ်တစိုက် ဆုပ်ကိုင်ထားသည့် အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကဲ့သို့မျိုး ရွေးကောက်ပွဲအသစ်တရပ်ကိုကျင်းပကာ ၎င်းတို့၏ စစ်အာဏာသိမ်းမှုအား အောင်မြင်စွာအဆုံးသတ်ခြင်းနှင့် ရွေးကောက်ပွဲမှတဆင့် အသွင်ပြောင်းအစိုးရတရပ်ဆီ မျှော်မှန်းနေကြောင်း ရှုမြင်ရပါသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင်တော့ စစ်ကောင်စီကိုဖျက်သိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယာယီသမ္မတတာဝန်၊ ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို တစ်ဦးတည်းရယူထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အဆိုပါကော်မရှင်တွင်လည်း ဥက္ကဌအဖြစ် နေရာယူထားသည်ကို တွေ့ရသည်။ စစ်အာဏာသိမ်းကာလတလျှောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရ စသော အမည်နာမများအား အမျိုးမျိုးပြောင်းလဲလာခဲ့သော်လည်း အာဏာသိမ်းစစ်အုပ်စု၏ ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မပြောင်းမလဲဘဲ ရှိနေဆဲဖြစ်ပါသည်။ 1. စစ်မှုထမ်းဥပဒေ ကျင့်သုံးပြီးနောက် လူငယ် ၇၀,ဝ၀ဝ နီးပါးကို စစ်မှုထမ်းစုဆောင်းခဲ့၊ DVB ၊ ၂၁ ဇူလိုင် ၂၀၂၅ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
အာဏာသိမ်းစစ်အုပ်စု
By MPM
18 စက်တင်ဘာ, 2025
👁
