စစ်အာဏာသိမ်းကာလ (၅) နှစ်ကျော် (၆) နှစ်အတွင်း ရောက်ရှိလာသည်နှင့်အမျှ အာဏသိမ်းစစ်အုပ်စု အပြောင်းအလဲများ၊ တော်လှန်ရေးအင်အားစုများ၏ စုဖွဲ့မှု၊ ဦးစားပေးလှုပ်ရှားမှုနှင့် ဦးတည်ရာအရွေ့အပြောင်းများသည် ထူးခြားမှုများစွာ ရှိလာခဲ့ပါသည်။ အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုကို အဆုံးသတ်နိုင်ရေးအတွက် အတုအယောင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပကာ အသွင်ပြောင်းအစိုးရတစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတကာကို မျက်လှည့်ပြဖို့ ကြိုးပမ်းခဲ့ပါသည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဆက်လက်စွဲကိုင်ထားခြင်းကြောင့် ၎င်းတို့၏ အာဏာဆက်လက်ချုပ်ကိုင်ထားလိုစိတ်ကို ဖုံးအုပ်ထားနိုင်ခြင်း မရှိခဲ့ပေ။

တော်လှန်ရေးအင်အားစုများဘက်တွင်တော့ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး အနာဂတ်နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်နေမှုကို အဆုံးသတ်ရေးအပါအဝင် ဘုံနိုင်ငံရေးရပ်တည်ချက် (၆) ရပ်အပေါ် အင်အားစုအများစုက ခိုင်မာစွာလက်ခံလာခဲ့ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေးပြည်ထောင်စု တည်ဆောက်ရေးအတွက် “Bottom-up Federalism Approach” သည်လည်း ပိုမိုအားကောင်းလာခဲ့သည်ကို တွေ့ရသည်။ နောက်ဆုံးထွက်ပေါ်လာသည့် ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) သည် အဆိုပါ ဘုံနိုင်ငံရေးသဘောတူညီချက် (၆) ရပ်နှင့် Bottom-up Federalism ချဉ်းကပ်မှုကို အခြေပြုထားသည့် အစုအဖွဲ့ဖြစ်ပြီး တောင်တန်းဒေသအလိုက် တော်လှန်ရေးအင်အားစုအားလုံးကို နိုင်ငံရေးအရရော စစ်ရေးအရပါ ပေါင်းစပ်ညှိနှိုင်းလှုပ်ရှားနိုင်ရေးအတွက် ဦးတည်လာသည်ဟု ဆိုရမည်ဖြစ်သည်။  ဖော်ပြပါရွေးထုတ်တင်ပြထားသည့် ဇာတ်ကောင်များသည် ၂၀၂၅၊ ၂၀၂၆ ခုနှစ်များအတွင်း ထူးခြားသောအရွေ့အပြောင်းများရှိခဲ့သည့် ဇာတ်ကောင်များဖြစ်ပါသည်။