26 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“၁၅၀ နှစ်” မြောက် ကရင်နီအမျိုးသားနေ့ဂုဏ်ပြု ကရင်နီလူငယ်တချို့၏ ကရင်နီအမျိုးသားနေ့အပေါ်ထားရှိသည့် ခံယူချက်နှင့် ရင်တွင်းစကားသံစုစည်းမှု။

“၁၅၀ နှစ်” မြောက် ကရင်နီအမျိုးသားနေ့ဂုဏ်ပြု ကရင်နီလူငယ်တချို့၏ ကရင်နီအမျိုးသားနေ့အပေါ်ထားရှိသည့် ခံယူချက်နှင့် ရင်တွင်းစကားသံစုစည်းမှု။

ဇွန်လ ၂၁ ရက်နေ့သည် ကရင်နီအမျိုးသားနေ့ဖြစ်သည်။ ဗြိတိသျှအင်ပါယာနှင့် မြန်မာဘုရင်တို့က ကရင်နီ (ကယား) ပြည် သီးခြားလွတ်လပ်စွာတည်ရှိမှုကို လက်ခံခဲ့ကြပြီး၊ နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့ ၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ ၂၀၂၅ ဇွန်လ ၂၁ ရက်နေ့တွင် “၁၅၀” နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများပြင်းထန်နေသည့် ကရင်နီပြည်တွင် ကရင်နီအမျိုးသားနေ့ကို ယခင်ကဲ့သို့ ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခြင်းမရှိတော့ပေ။ ဒီလိုမကျင်းပနိုင်မှုက ကရင်နီလူငယ်ထုအတွက် ဘယ်လို စိုးရိမ်မှုများရှိနေပါလဲ။ ကရင်နီလူငယ်တချို့၏ ကရင်နီအမျိုးသားနေ့အပေါ်ထားရှိသည့် ခံယူချက်နှင့် ရင်တွင်းစကားသံများကို ကရင်နီလူငယ်တချို့အားမေးမြန်းပြီး စုစည်းတင်ပြလိုက်ပါသည်။

မော်လူမြာ (ဒုဌာနမှူး – ၁၊ IEC လူငယ်ရေးရာဌာန)

ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၅၀ နှစ်မြောက် ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်သူလူထုတရပ်လုံး ဘေးကင်းလုံခြုံပါစေကြောင်း အရင်ဆုံးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကရင်နီအမျိုးသားနေ့ဆိုတာက အားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်၊ ဗြိတိသျှနဲ့ မြန်မာဘုရင်တို့ကနေပြီးတော့မှ ကရင်နီပြည်နယ်ကို သီးခြား လွတ်လပ်တဲ့ပြည်နယ်အနေနဲ့ အသိအမှတ်ပြုလက်မှတ်ရေးထိုးတဲ့နေ့ ဖြစ်တယ်ပေါ့နော်။ ဆိုတော့အဲဒီနေ့ကို ကျမတို့က အခုချိန်အထိအသိအမှတ်ပြုတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်ပေါ့နော်။ လက်ရှိမှာက ကျမတို့က အရင်တုန်းကလိုမျိုး ကရင်နီအမျိုးသားနေ့အခမ်းအနားကို အကျယ်တဝင့်မလုပ်နိုင်ဘူး။ ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ဘူးပေါ့နော်။ သို့ပေမယ့်လည်း ကရင်နီပြည်က တချိန်က သီးခြားလွတ်လပ်တဲ့ ပြည်နယ်တခုဖြစ်နေခဲ့ တယ်ဆိုတဲ့ဟာကို ကျမတို့ကစိတ်ထဲမှာအမြဲရှိတယ်။

သမိုင်းအစဉ်အလာအရနဲ့လည်း ရှိထားပြီးသားဖြစ်တဲ့အတွက် ကျမတို့ကဂုဏ်ယူစွာနဲ့ပဲ ပေါ့နော်။ ဒီဇွန်လ ၂၁ ရက်နေ့ဟာ ကရင်နီအမျိုးသားနေ့ဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ဖော်ပြချင်ပါတယ်။ လက်ရှိ ကျမတို့ပြည်နယ် မှာက အခက်အခဲအကျပ်အတည်းကာလနဲ့ ရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်ပေါ့နော်။ ဆိုတော့ အခက်အခဲတွေ၊ အကျပ်အတည်းတွေကို ကြိုးစားပြီးတော့မှ ကျော်ဖြတ်နေကြရတယ်။ အထူးသဖြင့် လူထုတွေပေါ့နော်။ ဆိုတော့ လူထုတွေက ပိုပြီးတော့မှဒုက္ခရောက်ကြရတယ်။ စားဝတ်နေရေး ခက်ခဲကြတယ်။ အိုးအိမ်တွေ ပျက်စီးကြတယ်။ ထွက်ပြေးတိမ်းရှောင် ရတယ်ပေါ့နော်။ ဒါပေမယ့်လည်း သူတို့ကအခက်အခဲကြားမှာ တော်လှန်ရေးကို အားဖြည့် ပေးကြတယ်။ ပါဝင်ပေးကြတယ်။ အဲဒီအတွက်လည်း ကျေးဇူးတယ်တယ်လို့ ပြောကြားချင်တယ်။ ဆက်လက်ပြီး တော့မှ ဒီတော်လှန်ရေးမှာ ဆက်ပြီးပါဝင်ပေးဖို့တောင်းဆိုချင်တယ်။

တော်လှန်ရေးလို့ပြောတဲ့အခါမှာ တော်လှန်ရေးမှာပါဝင်နေတဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းက လူငယ်တွေဖြစ်တယ် လေနော်။ လူငယ်တွေကတော့ အသက်တွေပေးဆပ်ကြရတယ်။ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ကြရတယ်။ သို့ပေမယ့်လည်း သူတို့ရဲ့တခုတည်းသော မျှော်လင့်ချက်က ပြည်နယ်ရဲ့ဒီမိုကရေစီရရှိဖို့ ပြီးတော့မှ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိတဲ့ပြည်နယ်တခု ဖြစ်ပေါ်လာဖို့အတွက်ပေါ့။ အဲဒါတွေက လူငယ်တွေရဲ့ အဓိက ရည်မှန်းချက်ပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမတို့မျှော်လင့်နေတဲ့ တော်လှန်ရေးရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိဖို့ရယ်၊ ပြီးတော့မှ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးဖို့ပေါ့နော် ။ကောင်းမွန်တဲ့ စနစ်တခုရရှိဖို့ဆိုရင် ကျမတို့ဆက်ပြီးတော့မှ တိုက်ပွဲဝင်ဖို့လိုတယ်ဆိုတဲ့ဟာကို ကျမတိုက်တွန်းချင်ပါတယ်။

ဟင်နရီနျား (ဒီးမော့ဆိုဒေသခံ)

ဘိုးဘွားခေတ်အဆက်ဆက်ကတည်းက ထိန်းသိမ်းလာတဲ့ဒီကရင်နီအမျိုးသားနေ့ပေါ့နော်၊ အခုတော့ “၁၅၀ နှစ်” မြောက်ရောက်လာခဲ့ပြီ။ အဲဒီနေ့ကို ကျနော်ဂုဏ်ပြုပါတယ်။ ပြည်သားတယောက်အနေနဲ့လည်း အရမ်းဂုဏ်ယူ ပါတယ်။ နှောင်နှစ်တွေမှာလည်း ဒီလိုနေ့ရက်မျိုးကို ဆက်လက်ထိန်းသိမ်းကျင်းပနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့်ရယ်၊ နိုင်ငံရေးအခြေအနေကြောင့် အမျိုးသားနေ့ကို ပြည်တွင်းမှာခမ်းခမ်းနားနား မကျင်းပနိုင်တော့တာတော့ တော်တော်လေးဝမ်းနည်းမိတယ်။ ဒါပေမဲ့ လူထုတွေရဲ့ရင်ထဲမှာတော့ အမျိုးသားနေ့ က အမြဲတမ်းအမှတ်ရနေမယ်လို့တော့ ကျနော်ယုံကြည်တယ်။

အခုလက်ရှိနိုင်ငံရေးနဲ့ လူမျိုးပေါင်းစုံကလာပြီးတော့ တိုက်ကူနေကြတော့လေ၊ နောင်တချိန် ဒီကရင်နီပြည် လွတ်မြောက်သွားခဲ့ရင် သူတို့တွေ ရှင်းတမ်းရှင်းကြတဲ့အခါ အဲဒီအမျိုးသားနေ့ကို သူတို့အသိအမှတ်မပြုတော့မှာ စိုးတယ်။ ပြီးတော့ အဲဒီအမျိုးသားနေ့ကို ဆက်လက်ထိန်းသိမ်းပေးဖို့လည်း ပြည်သူတယောက်အနေနဲ့ ကျနော် တောင်းဆိုချင်ပါတယ်။ စစ်ရှောင်နေတဲ့လူထုတွေအနေနဲ့က ဆက်ပြီးတော့အားတင်းထားပေးပါလို့ ပြောချင်ပါ တယ်။ ဒီနေ့က အင်္ဂလိပ်နဲ့ ဗမာဘုရင်တို့က သီးခြားလွတ်လပ်တဲ့ကရင်နီပြည်အဖြစ် သတ်မှတ်ပေးထားတဲ့နေ့ ဖြစ်တယ်။ ဒါကြောင့် အဲဒီလိုနေ့မျိုးပြန်ရဖို့ ဆက်လက်တည်မြဲနိုင်ဖို့အတွက်တော့ ရဲဘော်တွေနဲ့အတူ ဆင်းရဲ ပင်ပန်းခံပြီး အတူတိုက်ပွဲဝင်ပေးဖို့ပြောချင်ပါတယ်။

မော်ထျှိုးမြာ (CDM ကျန်းမာရေးဝန်ထမ်း)

အခုကျရောက်တဲ့ “၁၅၀ နှစ်”မြောက် ကရင်နီအမျိုးသားနေ့ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ ဒီလို နေ့ထူးနေ့မြတ်တွေ အမျိုးသားရေးကိစ္စတွေဆိုတာ အရင်တုန်းက ကျမတို့ကသိရကောင်းမှန်းမသိခဲ့ကြဘူး။ အဓိကကတော့ ဒီလိုအခွင့်အရေးတွေ လုပ်ဆောင်လို့မရအောင် ပိတ်ပင်ခံထားရတာတွေရှိတယ်ပေါ့နော်။ ရိုက်သွင်းခံထားရတဲ့ အပိုင်းတွေရှိတယ်။ အဲဒါကြောင့်မို့လို့လည်း ပါတယ်ပေါ့နော်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာက လူထုတွေဟာ ဒီအခွင့်အရေးတွေကိုသူတို့စွဲကိုင်တတ်လာကြပြီ။ ပိုပြီးတော့ပါဝင်လာကြပြီ။ လေ့လာမှုအားကောင်း လာကြတယ်ပေါ့နော်။ ဒါပေမဲ့လည်း ဒီအာဏာပြန်သိမ်းလိုက်တော့ အဓိက ကျမတို့ရဲ့အမျိုးသားနေ့ပဲဖြစ်ဖြစ်၊ နေ့ထူးနေ့မြတ်ပဲဖြစ်ဖြစ် ပြည်တွင်းမှာကကြီးကျယ်ခမ်းနားစွာ ကျင်းပလို့မရတော့ပြန်ဘူးပေါ့နော်။ ဒါပေမဲ့ လူထုတွေရဲ့အသိစိတ်ထဲမှာ ဒီလိုနေ့ရက်တွေကို အသိအမှတ်ပြုတတ်လာကြပြီပေါ့နော်။

အဲဒါအပြင် တချို့နေရာဒေသတွေမှာ အခက်အခဲတွေ၊ အန္တရာယ်တွေအများကြီးရှိရင်တောင်မှ ဒီလိုမျိုး နေ့ထူးနေ့မြတ်ကို ရအောင်ကြိုဆိုနိုင်တဲ့အရာတွေရှိတယ်။ အဲဒီအတွက်လည်း အများကြီးဂုဏ်ယူရပါတယ်။ ကျမတို့ဟာလွတ်လပ်စွာ ပြုလုပ်ခွင့်မရရင်တောင် ကျမတို့ရဲ့အသိစိတ်ထဲမှာ ဂုဏ်ယူတတ်နေဖို့လိုတယ်။ နောက်တခုက ဒီစစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ ကျမတို့ပြည်နယ်မှာ လူထုတွေကနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်ပေါ့နော်။ ဒီပြည်နယ်သူ၊ပြည်နယ်သားမှ မဟုတ်ဘူး၊ တခြားနေရာဒေသက လူတွေက ရှောင်လာကြတဲ့အထိပေါ့နော်။ ဒီလိုအချိန်ကာလ ကြာလာတော့လမ်းပျောက်နေသလိုမျိုး၊ ဝေဝါးလာ သလိုမျိုးတွေရှိသလို တဖက်မှာလည်း ကျမတို့အခုလိုမျိုးရင်ဆိုင်နေရတယ်၊ ကြိုးစားနေရတယ်။ လုပ်ဆောင်နေ ရတယ်ဆိုတာဟာ တချိန် ကျမတို့နောင်မျိုးဆက်တွေ ကျမတို့လိုမဖြစ်အောင် သူတို့အခွင့်အရေး၊ သူတို့ လွတ်လပ်မှု တွေရရှိအောင် ကျမတို့ရင်ဆိုင်နေရတာပါ။

ကျမတို့ဒီလူထုတွေ အခုချိန်ထိကြံ့ကြံ့ခိုင်အောင် ရင်ဆိုင်ရပ်တည်ပေးနေတဲ့အတွက်လည်း အားလည်းနာတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ ပြီးရင် ကျမတို့ပြည်နယ်မှာက မျိုးနွယ်စုတွေ၊လူမျိုးစုတွေ အများကြီးရှိတယ်။ အဲဒီ အပေါ်မှာ ကျမတို့သွေးဝမ်းမကွဲဘဲနဲ့ ညီညွှတ်စွာသွားတယ်။ ပြီးရင် ကျမတို့ ပြစ်တင်ဝေဖန်မှုတွေလျော့ချပြီးတော့ ကိုယ်တိုင်ပါဝင်လာမယ်ဆိုရင် ကျမတို့အရွေ့တခု၊ ကျမတို့လိုချင်တဲ့ပန်းတိုင်က ကျမတို့လက်ထဲကိုရောက်လာမှာ ဖြစ်ပါတယ်။ အထူးမှာချင်တာကတော့ လုံခြုံအောင်နေပါဆိုရင်လည်း ဒီချိန်မျိုး ဘယ်နေရာမှမလုံခြုံဘူးပေါ့နော်။ ဒါပေမဲ့ အဓိက ကျမတို့ရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကတော့ ကျန်းမာနေဖို့လိုတယ်ဆိုတာ မှာချင်ပါတယ်။

မောရစ် (ကော်ယော်၊ မိုနုမနော တိုင်းရင်းသား)

ဇွန်လ ၂၁ ရက်နေ့မှာကျရောက်တဲ့ “၁၅၀ နှစ်မြောက်” ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်သူတွေအားလုံး ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ။ ဘေးအန္တာရာယ်အပေါင်းမှလည်း ကင်းဝေးကြပါစေလို့ ကျနော် လူငယ်တယောက်အနေနဲ့ ပထမဦးဆုံးဆုတောင်းပေးလိုက်ပါတယ်။ ကျနော်တို့ ကရင်နီအမျိုးသားနေ့ကို အခုချိန်ထိမမေ့မလျော့ဘဲ ကျင်းပလာကြတာ ဒီနေ့နဲ့ဆို “၁၅၀ ကြိမ်”မြောက်ခဲ့ပြီ။ အဲဒီအပေါ်မှာလည်း ကျနော် ဝမ်းသာမိပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ကရင်နီအမျိုးသားနေ့ကို အရင်ကလိုမျိုးလုံခြုံရေးအရ စည်စည်ကားကားခမ်းခမ်းနားနား မကျင်းပနိုင်တဲ့အပေါ်မှာ ကျနော်အနည်းငယ်ဝမ်းနည်းမိတယ်ပေါ့နော်။

ဒါပေမယ့်လည်း ကရင်နီနေရာဒေသအချို့မှာ ကရင်နီပြည်သူလူထုတွေက ဒီကရင်နီအမျိုးသားနေ့ အခမ်းအနားကို ကျင်းပကြမယ်လို့ ကျနော်ထင်ပါတယ်။ ပြီးရင် ကရင်နီလူငယ်တွေလည်း Social media ပေါ်မှာ Collaboration ပြုလုပ်ကြမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ “၁၅၀ နှစ်မြောက်” ကရင်နီအမျိုးသားနေ့မှာ စစ်ဘေးရှောင် ပြည်သူ လူထုတွေကို စိတ်အားမငယ်ကြဖို့၊ အပြန်အလှန် ဖေးမကူညီကြဖို့ ပြီးရင် ကျနော်တို့မျှော်လင့်ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီလည်း အမြန်ဆုံးရရှိနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ကရင်နီပြည်မှာရှိတဲ့ လူမျိုးစု တစုနဲ့တစု၊ အင်အားစု တစုနဲ့တစုလည်း တော်လှန်ရေးမှာ အတူတူလက်တွဲလုပ်ကိုင်သွားဖို့၊ တဖွဲ့နဲ့တဖွဲ့ နားလည်မှုတွေ ရှိကြဖို့၊ ပြီးရင် စစ်အာဏာရှင်တော်လှန်ရေးကို တစိုက်မတ်မတ်လုပ်သွားဖို့လည်း ကျနော်မျှော်လင့်ပါတယ်။

ပိုပိုလေး (ဂေဘားတိုင်းရင်းသူ)

တကယ်တော့ ကရင်နီအမျိုးသားနေ့ဖြစ်ပေါ်လာတဲ့ နောက်ခံသမိုင်းအကြောင်းက အင်မတန်ကြီးမြတ်တယ် ပေါ့နော်။ ဒီနေ့က ကရင်နီပြည်နယ်ထဲမှာရှိတဲ့လူမျိုးစုများအားလုံး အမှတ်ရကြပြီးတော့ ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပရမယ့်နေ့တနေ့ ဖြစ်တယ်ပေါ့လေ။ ဒါပေမယ့် ကျမတို့အားလုံးသိကြတဲ့အတိုင်းပဲ အခုလက်ရှိပြည်တွင်းမှာ ဆိုရင် စစ်ရေးပဋိပက္ခကြောင့်ပေါ့ ဒီအမျိုးသားနေ့ပွဲကို ကရင်နီပြည်နယ်မှာရှိတဲ့ ကျမတို့လူမျိုးစုများအားလုံး စုပေါင်းပြီးတော့ ကျင်းပနိုင်တဲ့ အခြေအနေလုံးဝမရကြတဲ့အပေါ်မှာ များစွာစိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ပြည်ပမှာရှိနေတဲ့ကျမတို့ကရင်နီအဖွဲ့အစည်းတွေက ကြိုးစားပြီးတော့ နိုင်ငံအလိုက်ကျင်းပကြတာလည်း ရှိတယ် ပေါ့လေ။

သူတို့ ဒီလိုကျင်းပတာဟာလည်း ပျော်ပွဲရွင်ပွဲအတွက်မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့နေ့ထူးနေ့မြတ်ကို ပြန်လည်ပြီးတော့ အမှတ်ရကြဖို့နဲ့ ကိုယ့်ရဲ့ကရင်နီအမျိုးသားရေး၊ စိတ်ဓာတ်ရေးရာတွေမှာပေါ့နော် ပြန်လည်နိုးကြားဖို့အတွက် ပြန်လည်ပြီး စုစည်းနိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီးတော့ ကျင်းပကြတာဖြစ်တယ်။ ပြည်တွင်းမှာရှိတဲ့ ညီအကို မောင်နှမတွေလည်း အချိန်အတိုင်းအတာတခုအထိပေါ့လေ၊ တော်လှန်ရေးအောင်မြင်တဲ့တနေ့ကြရင်တော့ ကျမတို့အားလုံးစုပေါင်းပြီးတော့ ပြည်တွင်းမှာစည်စည်ကားကားနဲ့ ပြန်လည်ကျင်းပနိုင်တဲ့အခွင့်အခါကို အမြဲတမ်း စောင့်မျှော်နေပါတယ်ရှင်။ အားလုံးနဲ့တွေ့ဆုံနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။