နိုင်ငံတကာအမျိုးသမီးများနေ့ အမှတ်တရ စကားသံများ (Vox-pop Interviews)
မြန်မာနိုင်ငံရဲ့ လက်ရှိခေတ်အနေအထားကိုကြည့်ရင် အာဏာသိမ်းပြီးနောက်ပိုင်း လူထုဘဝလုံခြုံရေး၊ ငြိမ်းချမ်း ရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့အရေးတွေမှာ အဖက်ဖက်က စိုးရိမ်ပူပန်မှုစရာတွေများလာနေပါတယ်။
ခေတ်အဆက်ဆက်က ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေခံလာရတဲ့ အမျိုးသမီးတွေအတွက်ကတော့ ဒီလိုခေတ်အခြေအနေက စိန်ခေါ်မှုပိုကြီးပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပဋိပက္ခ၊ ခေတ်စနစ်ဆိုးကြီးအောက် ရှင်သန်နေကြရတဲ့ အမျိုးသမီး တွေအတွက် မတ်လ (၈) ရက်နေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ အားပေးတိုက်တွန်းစကားတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
ဒေါ်နှင်းနှင်းမွှေး (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS တွဲဖက်အတွင်းရေးမှူး)

ကျမတို့နိုင်ငံက အမျိုးသမီးတွေက နယ်ချဲ့ဆန့်ကျင်ရေးကနေစပြီး လွတ်လပ်ရေး၊ ဒီမိုကရေစီ အရေးအတွက်ပဲဖြစ်ဖြစ် ၂၀၂၁ နွေဦးတော်လှန်ရေးမှာပဲဖြစ်ဖြစ် ဘယ်လိုမျိုးလွတ်မြောက်ရေးတိုက်ပွဲမှာမဆို သေသေချာချာပူးပေါင်းပါဝင်ခဲ့ကြတယ်။ ရှေ့တန်းကနေလည်းဦးဆောင်ပြီးတော့ ပါဝင်ခဲ့ကြ တယ်ဆိုတာတွေ့ရတယ်။ အခုနောက်ဆုံး နွေဦးတော်လှန်ရေးမှာဆိုရင်လည်း တော်လှန်ရေး စကာစအချိန်ကတည်းကိုက တော်လှန်ရေးရဲ့ဘက်ပေါင်းစုံကနေ သူတို့တတ်စွမ်းသမျှ ပါဝင်ခဲ့ကြတာလည်းတွေ့ရတယ်။
ဝမ်းနည်းစရာကောင်းတာက တပြိုင်တည်းမှာပဲ အမျိုးသမီးတွေအပေါ် ခွဲခြားမှု၊ ဖိနှိပ်မှုတွေကိုလည်း ကျမတို့တွေ့နေရတယ်။ ဒါတွေအဆုံးသတ်သွားဖို့ဆိုရင် တော်လှန်ရေးရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတာက အင်မတန်အရေးကြီးတဲ့ကိစ္စလို့ယူဆတယ်။ အခုနွေဦးတော်လှန်ရေးမှာပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေပဲဖြစ်ဖြစ် ရှေ့အဆက်ဆက်မှာ တော်လှန်ရေးအဆက်ဆက်မှာပါဝင်ခဲ့ကြတဲ့အမျိုးသမီးတွေပဲဖြစ်ဖြစ် အမျိုးသမီးတိုင်းရဲ့ မမှိတ်မသုန် ပါဝင်မှုတွေကို မမေ့ဖို့ဂုဏ်ပြုဖို့လိုတယ်။ ခွဲခြားဆက်ဆံမှုတွေကိုပပျောက်သွားဖို့လိုတယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေး ဘာသာရေး ယဥ်ကျေးမှုထုံးထမ်းတွေအရ အိမ်ထောင်မှုအဆင့်အတန်းတွေအရ အမျိုးသမီးတွေကိုခွဲခြားမှုတွေကနေ ပပျောက်ပြီးတော့ လူသားအားလုံးတန်းတူညီမျှစွာပါဝင်နိုင်ကြတဲ့ လူ့ဘောင် အသစ်တစ်ခုကိုအမြန်ဆုံးရောက်ဖို့အတွက် အားလုံးစုပေါင်းအားနဲ့ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုတယ်။
ကျမတို့နိုင်ငံမှာဆိုရင် အမျိုးသမီးထုက နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ အဲဒီအမျိုးသမီးထု မလွတ်မြောက်ဘဲ နိုင်ငံလွတ်မြောက်တယ်လို့ ပြောလို့မရဘူး။ လွတ်မြောက်တယ်ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာလွတ်မြောက်တာကို ရည်ရွယ်တာမဟုတ်ဘူး။ စိတ်ပိုင်း၊ ကိုယ်ပိုင်း နှစ်ခုလုံး လွတ်မြောက်မှသာ ဖြစ်တယ်။ ဒီလိုဖြစ်ဖို့ဆိုရင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ဖိုဝါဒကြီး စိုးမှုကင်းစင်ရေးဆိုတာ အရမ်းအရေးကြီးတဲ့အချက် ဖြစ်တယ်။ ဒါကြောင့် တန်းတူညီမျှတဲ့လူ့ ဘောင်သစ်တစ်ခုကို ရောက်ရှိဖို့အတွက် ကျမတို့အားလုံးအတူတကွ လက်တွဲပြီးတော့ တိုက်ပွဲဝင်ကြပါစို့လို့ပြောချင်ပါတယ်။
နိုင်ဗညားမွန် (မွန်အမျိုးသား နိုင်ငံရေး၊ တော်လှန်ရေးတက်ကြွလှုပ်ရှားသူ)

ကျနော်တို့နိုင်ငံမှာဖြစ်ရှိနေတဲ့ နိုင်ငံရေးအခြေအနေမှာ အမျိုးသမီးတွေကရွပ်ရွပ်ချွံချွံ ဘက်ပေါင်းစုံ ရှေ့တန်း ကနေပါဝင်နေတဲ့ အမျိုးသမီးတွေအားလုံးကို ဂုဏ်ပြုပါတယ်။ အခုကျနော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ စနစ်ဆိုးအောက်မှာ အမျိုးသမီးအပါအဝင် မြန်မာပြည်လူထုတစ်ရပ်လုံးကခံစားနေရတယ်။ ဒီစနစ်ဆိုးရဲ့အကျိုးဆက်က တရားဥပဒေစိုးမိုးမှုမရှိတဲ့အချက်က အခုလက်ရှိဖြစ်ပေါ်နေတဲ့ အမျိုးသမီး တွေရဲ့လုံခြုံရေးကို ပိုပြီးတော့ဆိုးရွားစေတယ်။ လုံခြုံရေးအရပြောရရင် အားလုံးကမလုံခြုံဘူး ဆိုပေမယ့် အမျိုးသမီးဘက်ကကြည့်ရင် ပိုပြီးတော့ခံစားရတဲ့အနေအထားမျိုးဖြစ်တယ်။ ဒါကဒီစနစ်ရဲ့ဆိုးကျိုးအောက်မှာ အမျိုးသမီးတွေက အမျိုးသားနည်းတူပိုပြီးတော့ ခံနေရတာဖြစ်တယ်။
နောက်တစ်ခု ကျနော်မြင်တာက ကျနော်တို့နိုင်ငံရဲ့စနစ်အောက်မှာ ယဥ်ကျေးမှုအရပဲပြောပြော အယူအဆ ရေးရာပဲပြောပြော အမျိုးသမီးအပေါ်မှာခွဲခြားဆက်ဆံ ညှင်းပန်းနေတဲ့လက္ခဏာလည်းတွေ့နေရတယ်။ လက်ဆုပ် လက်ကိုင်မပြနိုင်တဲ့အနေအထားမျိုးပေါ့။ အဲ့လိုအနေအထားမျိုးမှာ ကျတော့ ကျနော်တို့နိုင်ငံက အမျိုးသမီးတွေကပိုခံစားနေရတာ ကိုယ်ချင်းစာပါတယ်။ ဒီလိုမျိုးမှာ ကျနော်တို့မြန်မာနိုင်ငံက အမျိုးသမီးထုတွေက ကြံ့ကြံ့ခံရပ်တည်ပြီးတော့ ရင်ဆိုင်နိုင်တာကိုက ချီးကျူးဂုဏ်ယူစရာဖြစ်ပါတယ်။
အားပေးစကားပြောမယ်ဆိုရင် ဒီစနစ်ဆိုးအောက်မှာ အမျိုးသမီးရော အမျိုးသားရော မရုန်းကန်နိုင်ရင် ခံစားနေရဦးမှာဖြစ်တယ်။ ဒီစနစ်ဆိုးကလွတ်မြောက်ဖို့ ကျနော်တို့အတူတကွရုန်းကန်လက်တွဲကြဖို့ အားပေးတိုက်တွန်းချင်တယ်။ နောက်တစ်ခုက အမျိုးသမီးတွေတောင်းဆိုနေတဲ့ တန်းတူအခွင့်အရေး၊ ဒီတန်းတူအခွင့်အရေးရှိတဲ့ မျှော်မှန်းချက်အပေါ်မှာ ကျနော်တို့အမျိုးသားထုတွေမှာလည်းတာဝန်ရှိသလို ကျနော်တို့အားလုံးတိုက်ပွဲဝင်ပြီးတော့ အမျိုးသမီးတွေတန်းတူရေးကို အာမခံချက်ရှိဖို့၊ ရှိနိုင်တဲ့စနစ်ကို ကျနော်တို့အတူတကွဖန်တီးရပါလိမ့်မယ်။ ကျနော်တို့အမျိုးသမီးထုကလည်း ဒီလိုရည်မှန်းချက်အပေါ်မှာ မျက်ခြေမပြတ် ဆက်လက်ပြီး တိုက်ပွဲဝင်ကြဖို့ပြောချင်ပါတယ်။
ရဲဘော်သံခဲ (ဥက္ကဌ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF)

အမျိုးသမီးတွေရဲ့လုံခြုံမှုဆိုတာ လူသားဘဝရဲ့လုံခြုံမှုလို့ပြောရမှာဖြစ်တယ်။ ကျနော်တို့မှာ အမေတွေ အစ်မတွေရှိတယ်။ ကျနော်တို့ကိုယ်တိုင် မိသားစုတွေတည်ဆောက်ရတဲ့အခါမှာ အမျိုးသမီးတွေအပေါ် တန်ဖိုးထားလေးစားမှုကအရေးကြီးတယ်လို့ ယူဆရမှာဖြစ်တယ်။ ခေတ်ကြီးတွေဘယ်လောက်ပဲပြောင်းပြောင်း အမျိုးသမီးထုရဲ့အခန်းကဏ္ဍဟာ မေ့ပျောက်လို့မရပါဘူး။ အမျိုးသမီးရဲ့အခန်းကဏ္ဍအပေါ် လေးစားတန်ဖိုး ထားတဲ့နေရာမှာလည်း ခုနပြောတဲ့လုံခြုံရေးဆိုတဲ့ကိစ္စက အဓိကလို့ယူဆယ်။ ဥပမာဗျာ အင်မတန် လုံခြုံရေးတည်ငြိမ်နေတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေဟာ မနက်ပဲသွားမလား ညပဲသွားမလား ဘယ်အချိန်ပဲ ဘယ်နေရာမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေအတွက်လုံခြုံမှုဆိုတာရှိတော့ ကိုယ့်ကိုယ်ကို လုံခြုံမှုရှိနိုင်သလို အားလုံးလူထုဘဝအတွက် တည်ငြိမ်မှုကိုတည်ဆောက်နိုင်မယ်လို့ ယူဆလို့ရတယ်။
ကျနော်တို့နိုင်ငံမှာတော့ စစ်မက်တွေလည်းဖြစ် မတည်ငြိမ်ဘူးဗျာ စီးပွားရေးကလည်းအဆင်မပြေ စနစ်ဆိုးကြီး အောက်မှာ ဒီအမျိုးသမီးတွေဘယ်လောက်များ ရုန်းကန်ကြရမလဲဆိုတာ ကျနော်တွေးကြည့်ရင်တောင် အင်မတန် စိုးရိမ်ဖွယ်ရှိပါတယ်။ ဒီဟာတွေကနိုင်ငံရေးနဲ့ဆိုင်သလို ခေတ်တွေ စနစ်တွေနဲ့ဆိုင်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ကခေတ်ပြောင်းစနစ်ပြောင်းကို တည်ဆောက်ရမယ်။ ဒီလိုတည်ဆောက်တဲ့နေရာမှာ အမျိုးသမီး ထုရဲ့အခန်း ကဏ္ဍကိုမေ့ပြစ်လို့မရဘူးလို့ အလေးအနက်တောင်းဆိုချင်တယ်။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို လူတိုင်းနားလည်ဖို့လိုတယ်။
အခုခေတ်က Screen base ခေတ်၊ ဒီခေတ်က ဖုန်းမျက်နှာပြင်ပေါ်မှာ စာတစ်ချက်ရေးရုံနဲ့ ကမ္ဘာကြီးပေါ်ကို ကိုယ်တစ်ယောက်တည်းလည်း ဖြန့်နိုင်တယ်။ ကိုယ့်အမျိုးသားရေးအတွက်လည်း ဖြန့်နိုင်တယ်။ အမျိုးသမီးထု အမျိုးသားထုဆိုတဲ့ ဘောင်တွေကကျော်သွားတယ်၊ နိုင်ငံတကာဘောင်တွေလည်း ကျော်သွားတယ်။ ဒီတော့ အဆင်မြင့်မြင့်တွေးနိုင်ရမယ်လို့ ယူဆတယ်။ ကိုယ်ရေးတဲ့စာတွေကအစ ဘယ်ပလက်ဖောင်းမှာသုံးသုံး လေးစားမှု နဲ့ယဥ်ကျေးမှုရှိဖို့လည်း ကျနော်ယူဆတယ်။ ဟိုးအရင်ခေတ်ကတော့ တယ်လီဖုန်းတွေမရှိတော့ မြေပြင်မှာပဲ ထိန်းသိမ်းရတယ်။ နောက်ပြီး လူလူချင်းတွေ့ပြီးပြောဆိုကြရတယ်။ ဒီနေ့ခေတ် ကတော့ဒီလိုမဟုတ်တော့ဘူး ဒါကြောင့်သတိထားပြီး အမျိုးသမီးထုကိုလေးစားဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ပျက်စီးမှာပဲ။ ဒီလေးစားသမှုက အင်မတန်မှအရေးကြီးတယ်လို့ ယူဆတယ်။
ကျနော့်အနေနဲ့လည်း နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတယ်။ ကျနော်တို့မှာလည်း အမေတွေ ညီမတွေ အစ်မတွေရှိတယ်။ မိသားစုဘဝတည်ဆောက်တဲ့အခါမှာလည်း အမျိုးသမီးတွေ၊ သမီးတွေရှိလာမယ်။ ဒါတွေကိုလေးစားပါ။ လူ့အဖွဲ့၊ ဘဝအဖွဲ့အစည်းကို ဒီလိုတည်ဆောက်နိုင်မှပဲ သာယာမယ်။ အဓိကကတော့ စနစ်နဲ့တည်ငြိမ်မှုသည် အများကြီးအရေးကြီးတယ်။ စနစ်ပြောင်းတော်လှန်ရေးမှာလည်း အမျိုးသမီးတွေရဲ့ပါဝင်ထောက်ခံ အားပေးမှုတွေ လိုအပ်တယ်၊ အရေးကြီးတယ်လို့ ကျနော်ပြောချင်တယ်။
ဒေါ်တင်တင်ညို (Burma News International – BNI မန်းနေးဂျင်းဒါရိုက်တာ)

လက်ရှိမြန်မာနိုင်ငံက စစ်ပွဲတွေပိုမိုပြင်းထန်လာတဲ့ အခြေအနေနဲ့ တစ်ဖက်ကလည်း စစ်ကော်မရှင်ရဲ့ နေ့စဉ် ရက်ဆက် ဗုံးကြဲနေတဲ့ အခြေအနေရှိနေတယ်။ ဒီလို ခေတ်စနစ်ဆိုးကြီးအောက်မှာရှိနေတဲ့ ကျမတို့ အမျိုးသမီးတွေရဲ့ဘဝက စစ်ရဲ့ ဆိုးကျိုးဒဏ်၊ စစ်ရဲ့အနိဌာရုံတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတယ်။ တစ်ဖက်မှာလည်းပဲ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စစ်ပွဲတွေကြောင့်မို့လို့ စီးပွားရေးအရချွတ်ခြုံကျမှုတွေ၊ အကြပ်အတည်းတွေလည်း ကြုံနေရတာတော့ အမှန်ပဲ။ ဒီလိုအခြေအနေတွေကို ကျမတို့ နေ့တဓူဝ ကြုံနေရတာ ငါးနှစ်ဆိုတဲ့ ကာလကို ရောက်လာပြီ။ ကျမတို့အမျိုးသမီးတွေက တခြားသော မြန်မာပြည်သူတွေနဲ့အတူ ဒီအခြေအနေတွေ အားလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်လာနိုင်ခဲ့တယ်။
ဆက်လက်ပြီးတော့မှလည်း ကျမတို့ နိုင်ငံမှာ တကယ့်အကြမ်းဖက်မှုတွေ ပပျောက်ပြီးတော့မှ ငြိမ်းချမ်းတဲ့လူမှုအသိုင်းအဝိုင်း ရရှိနိုင်မယ့် အခြေအနေလေးတစ်ခု ရောက်ဖို့အတွက်ကို ဆက်ပြီးတော့ အားတင်းထားနိုင်မယ်လို့ ယုံကြည်တယ်။ အားတင်းထားဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ ဒီစနစ်ဆိုးကို အမြစ်ကနေပြီးတော့မှ လုံးဝပပျောက်သွားအောင် ဖျက်ပစ်ဖို့လိုပါတယ်။ ဒါမှလည်း ကျမတို့တကယ်လိုချင်တဲ့၊ မျှော်လင့်နေတဲ့ ဒီမိုကရေစီကို လေးစားတန်ဖိုးထားတဲ့၊ တိုင်းရင်းသား အားလုံးရဲ့ အခွင့်အရေးကို အသိအမှတ်ပြုတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို ကျမတို့ရရှိမှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ အားမလျှော့ဘဲနဲ့ ကျမတို့ ရှေ့ဆက်ပြီးတော့ လက်တွဲညီညီနဲ့ စစ်အာဏာရှင်နဲ့အတူ အာဏာရှင်မှန်သမျှ မြန်မာပြည်မြေပုံကနေ ပပျောက်သွားဖို့အတွက် ဝိုင်းဝန်းပြီးတော့ တွန်းလှန်ကြဖို့ကို ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ကိုသိုက်ထွန်းဦး (မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင်)

ကျနော်တို့ မြန်မာနိုင်ငံဆိုတာကို အမိမြေလို့ အားလုံးက နှိုင်းယှဉ်ပြီးတော့ ပြောကြပါတယ်။ အကိုးကားတွေလည်း ရှိပါတယ်။ ဆိုလိုချင်တာက မိခင်တွေဦးဆောင်တဲ့ တိုင်းပြည်လို့ ကျနော့်ရဲ့ မြန်မာပြည်ကြီးကို အမိမြေလို့ ပြောကြတဲ့အဓိပ္ပာယ်လို့ ကျနော်တို့ နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ မြန်မာသာမက ကမ္ဘာ့နိုင်ငံတွေမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်အားတွေ တိုးတက်လာမှုကြောင့် လက်ရှိ မြန်မာနိုင်ငံ အခြေအနေတွေအပါအဝင် ကမ္ဘာကြီးရဲ့ အခြေအနေဟာ မျက်မှောက် အခြေအနေကို ရောက်လာတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ ပါဝင်နိုင်မှုအားကို ဆက်ပြီးမှ မြှင့်တင်နိုင်ဖို့ လိုအပ်သလို မြန်မာပြည်မှာ အခုလိုမျိုး ခေတ်ဆိုးစနစ်ဆိုးတွေရဲ့ အောက်မှာ ကျရာကဏ္ဍကနေ အသက်ကို ပမာဏ မထားဘဲ ရုန်းကန်နေကြတဲ့ အမျိုးသမီးတွေအားလုံးအတွက် ကျနော်တို့ ဝမ်းသာဂုဏ်ယူစွာဖြင့် ကျဆုံးခဲ့ရတဲ့ အမျိုးသမီး အာဇာနည် သူရဲကောင်းတွေအတွက် လေးစားဦးညွတ်စွာဖြင့် ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ နိုင်ငံတဝှမ်းသာမက ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အမျိုးသမီးအားလုံး နိုင်ငံ့ရဲ့ အရေးပါတဲ့ ကဏ္ဍတွေမှာ ဦးဆောင်ဦးရွက်နိုင်ပါစေကြောင်းနဲ့ အမျိုးသမီးတွေဟာ ကမ္ဘာကြီးတည်ရှိနေသရွေ့ အမျိုးသမီးတွေရဲ့အင်အား အမျိုးသမီးတွေရဲ့ခွန်အားတွေ အားကောင်းကောင်းနဲ့ တည်ရှိနေပါစေကြောင်း ကျနော် ဆုတောင်းပါတယ်။
ကေအိုင်စီ