28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အများစုတွေ့နေရတာက သွားလာရေးတွေပေါ့။ အင်မတန် တင်းကြပ်ထားတယ်။ တနေရာရာသွားရင် လိုင်စင် မရှိတာကို အကြောင်းပြပြီးစစ်ဆေးတာတွေရှိတယ်။ သူတို့စစ်ဆေးဂိတ်တွေကိုလည်း လုံခြုံရေးတင်းကြပ် လာတယ်။ မြို့အဝင်လမ်း...

“အများစုတွေ့နေရတာက သွားလာရေးတွေပေါ့။ အင်မတန် တင်းကြပ်ထားတယ်။ တနေရာရာသွားရင် လိုင်စင် မရှိတာကို အကြောင်းပြပြီးစစ်ဆေးတာတွေရှိတယ်။ သူတို့စစ်ဆေးဂိတ်တွေကိုလည်း လုံခြုံရေးတင်းကြပ် လာတယ်။ မြို့အဝင်လမ်း အထွက်လမ်း၊ အဲ့ဒီတလျှောက်ဆို အများကြီးပဲ။ မြို့ပေါ်မှာဆိုလည်း အချိန်မရွေး အဓမ္မဖမ်းဆီးလို့ရနေတယ်” နိုင်အဲမွန် / ဒါရိုက်တာ – မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း

ရေးမြို့နယ်အတွင်း စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှုအပါအဝင် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတို့နှင့် ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာနိုင်အဲမွန်နှင့် ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ မကြာခဏအင်အားဖြည့်တင်းနေသည့်အပြင် မြို့အဝင်/အထွက် လမ်းတလျှောက်တွင် ပြီးခဲ့သည့်မေလဆန်းပိုင်းမှစ၍ လုံခြုံရေးဆက်တိုက်တင်းကြပ်ကာ လူ့အခွင့်ရေးချိုးဖောက် လုပ်ဆောင်မှုတို့ ရှိနေကြောင်း ရေးဒေသခံတို့က ပြောဆိုသည်။

အလားတူ ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၁၉) လက်အောက်တပ်စခန်းများဖြစ်သည့် ခြေမြန်တပ်ရင်း ခမရ – ၅၈၆၊ ခြေလျှင်တပ်ရင်း ခလရ- ၆၁ တပ်ရင်းရှေ့တို့တွင် အုတ်ပုံခဲများဖြင့်ခံစစ်ပုံစံဆောက်လုပ် ပြင်ဆင်နေသည်ဟု ဆိုသည်။

ရွေးကောက်ပွဲနီးကပ်လာပြီဖြစ်၍ စစ်ကောင်စီက မွန်ပြည်နယ်အတွင်း ၎င်းတို့အုပ်ချုပ်နိုင်စွမ်းကို ပိုမိုပြသနေ သဖြင့် နယ်မြေစိုးမိုးမှုအပြင် စစ်ရေးလည်း ပိုမိုတင်းမာလာနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတို့က သုံးသပ်ပြောဆိုသည်။

ရေးမြို့နယ်အတွင်း စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှုအပါအဝင် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက် ခံနေရမှုတို့နှင့်ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာနိုင်အဲမွန်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီတပ်ဖွဲ့တွေ ရေးဒေသအတွင်းနဲ့ ရေး – သံဖြူဇရပ်လမ်းပိုင်းတလျှောက်မှာ အင်အားဖြည့်တင်းပြီး လုံခြုံရေးတင်းကြပ်မှုတွေလုပ်နေတဲ့ သူတို့ (စကစ) ရဲ့ရည်ရွယ်ချက်က ဘာဖြစ်မယ်လို့ထင်ပါလဲ။

ဖြေ။ ။ ဗမာစစ်တပ်ဆိုတာက နေ့ရက်တိုင်းစစ်တိုက်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ် နေတယ်။ တိုက်ပွဲဖြစ်တိုင်း မြေပြင်မှာတိုက်တာတွေ မလုပ်ဆောင်ရဲတော့ဘူး။ ကျွန်တော်တို့သိသလိုပဲ ဒရုန်းတို့ လေယာဉ်တို့အသုံးပြုမယ်။ ဒါပေမဲ့ မွန်ပြည်အတွက်က သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကိုပြသချင်မယ်၊ အုပ်ချုပ်လို့ ရသေးတယ်ဆိုတာ။ ပြီးတော့ မင်းအောင်လှိုင်လည်း ပြောထားတာရှိတယ်၊ ဒီဇင်ဘာကြရင် ရွေးကောက်ပွဲ ကျင်းပမယ်။ ကျင်းပဖို့ကိုလည်း သူထိန်းချုပ်နိုင်တဲ့ဒေသတွေ သိပ်မရှိတော့ဘူး။ ဒါပေမဲ့ မွန်ပြည်နယ်က ထိန်းချုပ် နိုင်တုန်းပဲ။ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်၊ မန္တလေး ဒါတွေကို သူတို့လက်မလွှတ်ချင်ကြဘူး။

လက်မလွှတ်ချင်ကြတော့ သူ့အင်အားရှိသလောက်ပြသပြီး မြေပြင်စိုးမိုးခြယ်လှယ်မှု၊ မြေပြင်ကြီးကြပ်ကွပ်ကဲမှုတို့ အတင်းလုပ်ဆောင်လာတယ်။ အဲ့ထဲမှာ ရေးကလည်း မကြာခဏပဲ။ ရေးမှာဆို ရေးမြို့ပေါ်၊ ရေးမြောက်ပိုင်း၊ တောင်ပိုင်း၊ ရေး – သံဖြူဇရပ်ကြား၊ အဲ့နေရာတွေကို မနိုင်နိုင်အောင် အမြဲတမ်း အင်အားဖြည့်တင်းထားတယ်။ တဖက်မှာလည်း စစ်မှုထမ်းဥပဒေတွေပေါ်လာတော့ စစ်သင်တန်းပေးပြီး အင်အားထပ်ဖြည့်လာတယ်။ နောက်တခုက ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ အဲ့ဒါလည်းရှိတယ်။ အဲဒါ့ကြောင့် နိုင်သလောက်ရင်ဆိုင်နေရတယ်။ ပြီးတော့ မွန်မှာဆို ရေးက တော်လှန်ရေးတပ်တွေအများဆုံးရှိတဲ့ဒေသ ဖြစ်တယ်။ အဲ့ဒါကိုလည်း သူတို့လန့်နေရ တယ်။ ဒါကြောင့် သူတို့အင်အားရှိသလောက် ပရိယာယ်အဖြစ်ပြထားရတယ်။ လောလောဆယ်ဆို အင်အားတွေ ပြမယ်။ အခြေအနေတွေငြိမ်လာရင် ရွေးကောက်ပွဲကျင်းပလို့ရမယ်လေ။ အဲ့နှစ်ခုကြောင့်ပေါ့။

မေး။ ။ ရေးဒေသဘက်မှာ စစ်ကောင်စီတပ်တွေအားထားနေရတဲ့ အမြဲတမ်းတပ်ရင်းတွေရော ဘယ်လောက်အထိ ကျန်နေသေးလဲ။

ဖြေ။ ။ အမြဲတမ်းတပ်ရင်းက ဘယ်လောက်မှမရှိတော့ဘူး။ မော့ကနင်မှာဆို ၁၀၆၊ စုံနံ့သာမှာဆို ၅၈၆၊ ၅၈၇၊ အာယုတောင်မှာဆို ၃၄၃၊ တပ်ရင်း ၇ ခု မဟုတ်ရင် ၈ ခု လောက်ရှိမယ်။ ဟိုအရင်ကတည်းက ရှိနေတာက စကခ ၁၉ အောက်မှာဆို စုစုပေါင်းတပ်ရင်း ၁၂ ခုလောက်ရှိတယ်။ ဒါပေမဲ့ ခုဆိုမပြည့်တော့ဘူး။ ရေတပ်က ၂ ခု၊ အုန်းပင်ကွင်းနဲ့ လှည်းဆိပ်ဘက်မှာရှိနေတယ်။ ရေးမှာဆို စကခ ၁၉ က အကြီးမားဆုံးတပ်ရင်းဖြစ်တယ်။ အဓိက က စကခ ၁၉ အောက်မှာဆို တပ်တွေရှိတယ်။

၅၈၆၊ ၅၈၇၊ ၅၉၁၊ ၅၉၃၊ ၃၄၃၊ ခလရ ၃၁၊ အဲ့ဒီတပ်တွေက ရှိနေတုန်းပဲ။ ရှိတာကလည်း ပုံပန်းသဏ္ဍန်လောက်ပဲ ကျန်တော့တာ။ အရင်က တပ်တစ်ခုဆို အင်အား ၂၀၀/၃၀၀ လောက် ရှိတယ်။ ခုဆို ဆယ်ဂဏန်းဝန်းကျင် လောက်ပဲရှိတော့တာ။ သူတို့ရဲ့အင်အားကတော့ အရင်ကလို ခိုင်ခိုင်မာမာမရှိတော့ဘူး။ အကယ်လို့ စစ်ထဲဝင်ဖို့ အဓမ္မဖမ်းဆီးထားတဲ့ ကလေးတွေကို စစ်သားအတင်းလုပ်ခိုင်းရင်တော့ အင်အားရှိချင်ရှိမယ်။ ဒါပေမဲ့ စစ်သား စွမ်းရည်အပြည့်အဝ ရှိတဲ့သူတွေမဟုတ်ဘူး။ တိုက်ပွဲဖြစ်တိုင်း အဲ့ကလေးတွေ သေရမှာပဲ။ အဲ့ဒါကြောင့် အဲ့လိုမျိုးထားထားတာ။

မေး။ ။ အဲဒီအမြဲတမ်းတပ်ရင်းတွေမှာ စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းနေတာတွေရှိတော့ ရေးမှာ စစ်ကောင်စီတပ်အင်အား ပိုများလာတယ်လို့ပြောလို့ရလား။

ဖြေ။ ။ အဲ့ဒီတပ်ရင်း ၇ တပ်ရင်းကနေဆို အင်အားအများဆုံး ၆၀၀/၇၀၀ ဝန်းကျင်လောက်ပဲရှိမယ်။ ဘာကြောင့် လဲဆိုရင် အခြေအနေအမျိုးမျိုးကြောင့် အခြားဒေသဘက်တွေကိုပို့နေရတဲ့ အင်အားတွေကလည်းမနည်းဘူး။ ဥပမာ ခေါဇာလိုမျိုး ခလရ ၃၁ ဆို ခေါဇာမှာမရှိတော့ဘူး။ အဲ့ဒီကစစ်သားတွေဆို ဟိုးကော့ကရိက်ဘက်ကို ပို့ခံ ထားရတယ်။ အချို့ဆို ရှမ်းမြောက်ဘက်မှာရှိနေကြတယ်။ အသိမ်းခံရတဲ့လားရှိုးဘက်ဆို အမြဲပို့နေရတယ်။ ရေးဘက်က တပ်ရင်းမှာဆို နှစ်အကြာကြီးနေထားတဲ့စစ်သားတွေမရှိတော့ဘူး။

ခဏခဏ ရွှေ့ပြောင်းခံထိတယ်။ အင်အားတွေလည်း လျော့သထက်လျော့လာတယ်။ ခန့်မှန်းကြည့်ရသလောက် တော့ ရာဂဏန်းလောက်ပဲရှိတော့တယ်။ အများဆုံး ၆၀၀ ပေါ့လေ၊ လူအင်အားသိပ်မရှိတော့ပေမယ့် သူတို့ရဲ့ စစ်လက်နက်အင်အားကတော့ ရှိနေတုန်းပဲ။ ဒီအင်အားတွေက သူတို့အုပ်ချုပ်ရင်ဆိုင်နိုင်နေသေးတယ်။ နိုင်ငံတော် ဘတ်ဂျက်တွေရှိတယ်။ အသုံးပြုခွင့် ရှိတယ်လေ။ ကျည်တို့ ၊ လက်နက်တို့၊ ဗုံးတို့ဆို အပြည့်အဝရှိတယ်။ စစ်ရေး လေ့လာအကဲခတ်တဲ့သူတွေ အများစုကလည်း အဲ့လိုပဲပြောကြတယ်။

မေး။ ။ လက်ရှိချိန် ရေးမှာ စစ်ကောင်စီအဖွဲ့တွေ ပိုနေရာယူလာပြီး လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိနေတာနဲ့ ပတ်သတ်ပြီး ဘယ်လိုကျူးလွန်နေတာကိုတွေ့ရပါလဲ။

ဖြေ။ ။ အများစုတွေ့နေရတာက သွားလာရေးတွေပေါ့။ အင်မတန် တင်းကြပ်ထားတယ်။ တနေရာရာသွားရင် လိုင်စင်မရှိတာကို အကြောင်းပြပြီးစစ်ဆေးတာတွေရှိတယ်။ သူတို့စစ်ဆေးဂိတ်တွေကိုလည်း လုံခြုံရေးတင်းကြပ် လာတယ်။ မြို့အဝင်လမ်း အထွက်လမ်း၊ အဲ့ဒီတလျှောက်ဆိုအများကြီးပဲ။ မြို့ပေါ်မှာဆိုလည်း အချိန်မရွေး အဓမ္မဖမ်းဆီးလို့ရနေတယ်။ အချိန်မရွေး ကလေးတွေကိုဖမ်းလို့ရတယ်။ အဲ့ဒါကြောင့် ကလေးတွေရော ကလေး မိဘတွေရော အရင်ကလိုအပြင်ထွက်တာက နည်းသွားတယ်။ ရာဘာခြစ်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့သူတွေလည်း နည်းသွားတယ်။ ဖမ်းဆီးတာတွေကိုအကြောင်းပြုပြီး ငွေကြေးနဲ့ဖြေရှင်းရတာတွေ များလာတယ်။

တဖက်မှာလည်း အခြေအနေမတည်ငြိမ်အောင် သူတို့လုပ်ထားတာလားဆိုတာတော့ မသိဘူး။ ဥပမာဆိုပါစို့ အရင်ကလို လူဆိုးတွေနဲ့ပူးပေါင်းပြီး ခိုးဆိုးလုနှိုက်ခိုင်းတာ၊ အခြေအနေမငြိမ်အောင် သူတို့လုပ်နေပြီး ဝင်ရှုပ်လို့ ရအောင် အဲ့လိုတွေပေါ့။ တချို့ဆို ဆိုင်ကယ်ပျောက်သွားတယ်။ အိမ်ချိုးဖောက်ခံရတယ်။ ဘာမှ အရေးမယူဘူး။ ပြည်သူတွေပဲထိတာ။ မသွားလာရဲဘူး။ လွတ်လွတ်လပ်လပ် မရှိဘူး။ အမြဲတမ်း ကြောက်နေရတယ်။ အဲ့အခြေအနေရောက်အောင် သူတို့က အမြဲတမ်းလုပ်ဆောင်နေတာ။ သူတို့ ထိန်းရလွယ်အောင်ပေါ့။ ပြည်သူတွေ အများကြီး ကျပ်တည်းလာတယ်။

မေး။ ။ အကျိုးဆက်အနေနဲ့ ပြည်သူတွေဘယ်လိုခံစားနေရတာကို တွေ့ရပါလဲ။

ဖြေ။ ။ ဒီလိုတွေဖြစ်လာတာက ပြည်သူတွေအရင်ဆုံးထိတယ်။ ဘာလို့ဆို တိုက်ပွဲဖြစ်ကြည့် ပြည်သူတွေပဲ ထိတယ်။ လမ်းတွေ ပိတ်မယ်၊ စစ်ဆေးမယ်၊ တိကျသေချာတဲ့သက်သေမရှိဘဲနဲ့လည်း သူတို့ဖမ်းမယ်၊ ပစ္စည်းတွေ သိမ်းမယ်၊ အနည်းဆုံးအဲ့လိုဖြစ်လာမယ်။

ပြီးတော့ သူတို့သံသယဖြစ်ရင် ပစ်သတ်မယ်၊ စစ်ဆေးရေးဂိတ်မှာ လူငယ်ပစ်သတ်ခံရတာတွေ့တယ် ဟုတ်လား၊ အဲ့လိုတွေ ဖြစ်လာမယ်။ ဒါတွေက ကျွန်တော်တို့ရေးမြို့ပေါ်မှာ တွေ့နေ တာ၊ ရေးမြို့ပေါ်မှာမှ မဟုတ်ဘူး၊ ရေးမြို့တောင်ပိုင်း၊ မြောက်ပိုင်းက အချို့ရွာတွေမှာလည်း ပြည်သူ့စစ်လိုမျိုး မွေးထားတာ။ အဲ့ဒီလူတွေက ဆိုးတဲ့လူတွေလည်းရှိတယ်။ အဲ့လိုဖြစ်အောင် သူတို့ဖန်တီးထားတာ။

မေး။ ။ ရွေးကောက်ပွဲကာလနီးကပ်လာတဲ့အချိန်မှာ ရေးဒေသမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြား စစ်ရေးပိုမိုပြင်းထန်လာနိုင်လား။

ဖြေ။ ။ ကျွန်တော်တို့အရင်က တွက်ချက်ထားသလိုပဲ၊ သူတို့ပြောထားသလို ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်မယ်။ ဒီကြားထဲမှာဆို သူတို့အင်အား၊ ပရိယာယ်၊ သူတို့အုပ်ချုပ်နိုင်စွမ်းကိုပြမယ်။ အယောင်ဆောင်ထားတဲ့ ကိစ္စတွေက ပိုပြီးများလာမယ်။ အဲ့ဒါကြောင့် အဲ့ကိစ္စတွေများလာလေ ပြည်သူတွေအထိနာလေပဲ။ တခုက တော်လှန်ရေးအဖွဲ့တွေကလည်း ငြိမ်နေမှာမဟုတ်ဘူး။ တိုက်ခိုက်နေမှာပဲ၊ အဲ့လိုဆို ရေးဒေသဖြစ်တဲ့ မြောက်ပိုင်း၊ တောင်ပိုင်း၊ ကျောင်းရွာအပါအဝင် အကုန်လုံးက ပဋိပက္ခပိုဖြစ်လာမယ်။ ဒီထက်ပိုဆိုးတာလည်း ဖြစ်နိုင်တယ်။ ခန့်မှန်းကြည့်ရသလောက်တော့ ရေးတစ်ခုတည်း မဟုတ်ဘူး။

ရေး-သံဖြူဇရပ်အကြား၊ သံဖြူဇရပ်-ကြာအင်းဆိပ်ကြီးအကြား အဲ့ဒီဒေသတွေမှာ စစ်ရေးပိုတင်းလာဖို့ရှိတယ်။ ရွေးကောက်ပွဲမရောက်ခင်မှာ အခြေအနေဆိုးလာနိုင်ချေ ရှိတယ်။ သူတို့ဘက်ကလည်း သူတို့လျှော့မှာမဟုတ်ဘူး။ ရွေးကောက်ပွဲကို အောင်မြင်အောင်လုပ်မယ်၊ သူတို့ပြသဖို့ သိပ်မရှိတော့ဘူး။ မွန်ပြည်မှာဆို ဘီးလင်း၊ ကျိုက်ထိုတို့ ဆိုလည်း အခြေအနေမငြိမ်နေဘူး။ သူတို့ရဲ့ပစ်မှတ်ဒေသက မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော ဒီလောက်ပဲကျန်မယ်။ ဒီဒေသမှာဆို ပိုပြီးဆိုးလာမယ်။ စစ်ရေးတင်းမာတဲ့ ကိစ္စတွေရော၊ နယ်မြေစိုးမိုးမှုတွေရော ဒီထက်ပိုပြီး တင်းလာနိုင်တယ်လို့ မြင်ပါတယ်။ အဲ့ဒါမှ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်လုပ်လို့ရမယ်၊ သူ့ကိုလုပ်ပေးမယ့်သူတွေကို မဲဆွယ်စည်းရုံးလို့ရမယ်။ နိုင်ငံရေးပါတီတွေကို အင်အားဖြည့်ခိုင်းမယ်၊ ရွေးကောက်ပွဲ ပုံစံကျအောင်ပေါ့။

IMNA ပေးပို့သည်။