28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အဓိကတော့ ငွေကြေးအခက်အခဲပါပဲ။ ငွေသားထုတ်ယူမယ့်နေရာ ခက်ခဲလို့၊ တကယ်လို့ ကူညီမယ့် သူတွေရှိရင်တောင် ငွေသားထုတ်ယူဖို့ နေရာခက်ခဲတယ်။ ဗမာငွေကိုက ပြတ်နေတာ။ ဘာလို့လဲဆိုတော့...

“အဓိကတော့ ငွေကြေးအခက်အခဲပါပဲ။ ငွေသားထုတ်ယူမယ့်နေရာ ခက်ခဲလို့၊ တကယ်လို့ ကူညီမယ့် သူတွေရှိရင်တောင် ငွေသားထုတ်ယူဖို့ နေရာခက်ခဲတယ်။ ဗမာငွေကိုက ပြတ်နေတာ။ ဘာလို့လဲဆိုတော့ ဘဏ် မရှိတော့လို့လေ။ မြစ်ကြီးနားမြို့မှာတောင် ဘဏ်မရှိတော့ဘူး” စစ်ဘေးရှောင်ကူဗန်းမော်မြို့ခံအမျိုးသား

ဗန်းမော်မြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်ပြည်သူများ လိုအပ်နေသည့် အရေးအပေါ်အကူအညီ၊ အခက်အခဲများနှင့် ပတ်သတ်ပြီး စစ်ရှောင်များကိုသွားရောက်ကူညီပေးနေသည့် ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရသည့် ဗန်းမော်မြို့ဒေသခံများသည် စစ်ရှောင်ကာလ တစ်လကျော်ကြာမြင့်လာပြီဖြစ်ပြီး အကူအညီများမရရှိသည့်အတွက် တိမ်းရှောင်နေရသည့်နေရာတွင် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့စတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်လိုက်ပြီးနောက် ဗန်းမော်ဒေသခံပြည်သူသောင်းနှင့်ချီသည် ဘေးလွတ်ရာ ဖြစ်သည့် ဗန်းမော်မြို့၏ မြောက်ဘက်၊ တောင်ဘက်နှင့် ဧရာဝတီမြစ်တဖက်ကမ်းသို့ အများဆုံး ထွက်ပြေး တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

ဗန်းမော်မြို့တောင်ဘက် ဧရာဝတီမြစ်တကြောရှိ မြလယ်၊ စင်းခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊ မာန်တဲ၊ မုန်းခေါင်၊ လိုင်ကာ၊ မုန်းဒိန်ပါ စသည့် ကျေးရွာပေါင်း ၃၀ ခန့်၌ တိမ်းရှောင် နေကြသည့် စစ်ရှောင်များသည် ဘာသာရေးကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးအိမ်တို့တွင် တိမ်းရှောင် နေကြပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။

လက်ရှိတိုက်ပွဲကာလအတွင်း ဗန်းမော်စစ်ရှောင်ပြည်သူများ ဆက်သွယ်ရေး ခက်ခဲနေသည့်ကြားက ရုန်းကန် လှုပ်ရှားနေထိုင်ရသည့် အခြေအနေများနှင့် လိုအပ်နေသည့် အရေးအပေါ်အကူအညီများနှင့် ပတ်သတ်ပြီး စစ်ရှောင်ဒေသခံများကို သွားရောက်ကူညီပေးနေသည့် ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် ဗန်းမော်စစ်ဘေးရှောင်ပြည်သူများ။ (ပုံဟောင်းဖြစ်သည်။)

မေး။ ။ အခုဆိုရင် ဗန်းမော်စစ်ရှောင်တွေဟာ စစ်ရှောင်ကာလလည်းကြာမြင့်လာပြီဆိုတော့ လက်ရှိမှာ ဘယ်လို အခြေအနေရှိနေတာလဲ။ ဘယ်လိုနေရာတွေမှာ တိမ်းရှောင်နေကြပါလဲ။

ဖြေ။ ။ အခုက စစ်ရှောင်တွေက အထက်မှာဆိုရင် ဒေါ့ဖုန်းယန်၊ လိုင်ဇာအထိ စစ်ရှောင်ထောင်ဂဏန်းရှိတယ်။ ဗန်းမော်ရဲ့ အနောက်ဘက်ခြမ်း စစ်ရှောင် ၅၀၀ ကနေ တစ်ထောင်လောက်ရှိတယ်။ ပြီးရင် ဗန်းမော်ရဲ့ အောက်ဘက်ခြမ်းဖြစ်တဲ့ မြလယ်၊ မာန်သာ၊ ဟန်ထက်၊ မိုင်းခေါင် မုန်းဒိန်ပါအထိ အဲဒီဘက်မှာလည်း အတူတူပဲ စစ်ရှောင်က ထောင်ကျော်အထိ ရှိတယ်။

မေး။ ။ လက်ရှိ အဲဒီစစ်ရှောင်တွေက ဘယ်လိုနေရာတွေမှာ တိမ်းရှောင်နေရကြပါလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကျနော်တို့ဘက်ကနေ အရေးပေါ်အကူအညီနဲ့ သွားရောက်ခဲ့တာ တွေ့ရသလောက်တော့ ဆွေမျိုးအိမ်တွေမှာ နေထိုင်ကြတယ်။ တချို့က မြေနေရာလွတ်တဲ့နေရာတွေမှာ တဲထိုးပြီး နေနေကြတယ်။

မေး။ ။ စစ်ရှောင်တွေရဲ့ အဓိကအခက်အခဲတွေကဘာတွေလဲ။ ဘယ်လိုကူညီထောက်ပံ့မှုတွေ လိုအပ်နေကြလဲ။

ဖြေ။ ။ အခုလောလောဆယ်က ခက်ခဲနေကြပေမယ့် သူတို့တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ဖြတ်သန်းနေတာ ပေါ့လေ။ ရေရှည်မှာ ဒီလိုပဲဆက်သွားဖို့ကတော့ အဆင်မပြေဘူး။ တချို့က အဝတ်အစား၊ ခြုံမယ့်စောင်တောင် မရှိကြတဲ့ မိသားစုတွေလည်းပါတယ်။ ပြီးရင် ဇန်နဝါရီ လဆန်းပိုင်းအထိတောင် မိသားစုတချို့က အဆက်အသွယ် တွေ မရရှိကြသေးဘူး။ တချို့မိသားစုတွေက ချက်စားမယ့်အိုး၊ ခွက်တွေလည်း မရှိကြဘူး။ အခက်အခဲဆုံး ဆိုရင်တော့ စားဖို့သောက်ဖို့အတွက် အစားအသောက်တွေပေါ့။

မေး။ ။ အသက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တဲ့ဆေးဝါးတွေရော ရကြရဲ့လား။

ဖြေ။ ။ အခက်အခဲတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်၊ ကိုယ်ဝန်ဆောင် မိခင်တွေလည်းပါတယ်။ အဓိကတော့ တောနေရာတွေမှာ တိမ်းရှောင်နေကြတဲ့သူတွေပေါ့။ ကျန်းမာရေးအတွက်လည်း သူတို့မှာ ဆေးဝါးတွေလည်း မရရှိကြဘူး။ သူတို့ထင်ထားတာက တစ်ပတ်နှစ်ပတ်လောက် ခဏရှောင်ပြီးရင် ပြန်လို့ ရမယ်လို့ ထင်ထားကြတယ်။ အခုက မြို့ထဲကို ပြန်ဝင်ဖို့ဆိုရင်လည်း တိုက်ပွဲကဖြစ်နေတော့ ပြန်လို့လည်းမရ၊ ဒီထက်ပိုပြီးကြာလာမယ်ဆိုရင် ဒီထက်ပိုခက်ခဲလာဖို့ပဲရှိတာ။

မေး။ ။ စစ်ရှောင်အကူအညီတွေ ဘယ်လိုရရှိနေကြပါလဲ။

ဖြေ။ ။ အကူအညီနဲ့ ပတ်သက်ပြီးတော့လည်း စစ်ရှောင်နေရာအားလုံးမှာ မရောက်မကူညီနိုင်တာတွေရှိတယ်။ တချို့ကူညီနိုင်တဲ့ နေရာတွေမှာတောင် ဥပမာ – လူဦးရေ ထောင်ချီလောက်ရှိရင်တောင် လူဦးရေ ၂၀၀ လောက်ပဲ ကူညီနိုင်တာတွေလည်း ရှိနေပါတယ်။ တချို့နေရာတွေမှာကတော့ လူဦးရေ ၆၀၀၊ ၇၀၀ လောက်ပဲ ကူညီနိုင်တာ တွေရှိနေတယ်။ အဓိကတော့ ပိုပြီးခက်ခဲနေတဲ့သူတွေကို ဦးစားပေးကူညီပေးနေတာ ဖြစ်ပါတယ်။

မေး။ ။ စစ်ရှောင်ကူညီပေးနေသူတွေက စစ်ရှောင်အားလုံးကို မကူညီနိုင်တာက ဘာကြောင့်ပါလဲ။

ဖြေ။ ။ အဓိကတော့ ငွေကြေးအခက်အခဲပါပဲ။ ငွေသားထုတ်ယူမယ့်နေရာ ခက်ခဲလို့၊ တကယ်လို့ ကူညီမယ့် သူတွေရှိရင်တောင် ငွေသားထုတ်ယူဖို့ နေရာခက်ခဲတယ်။ ဗမာငွေကိုက ပြတ်နေတာ။ ဘာလို့လဲဆိုတော့ ဘဏ် မရှိတော့လို့လေ။ မြစ်ကြီးနားမြို့မှာတောင် ဘဏ်မရှိတော့ဘူး။ ဘဏ်က ကချင်ပြည်နယ် တစ်ခုလုံးမှာတောင် ပြတ်သွားနေတာ။ အဲဒါကြောင့် ရန်ကုန်ဘက်ကနေ ခက်ခက်ခဲခဲ တဖြည်းဖြည်းနဲ့သယ်ယူပြီး ပြန်သုံးနေရတာ။

မေး။ ။ အခုလို စစ်ရှောင်အကူအညီတွေ မရရှိကြတာ၊ အခက်အခဲဖြစ်နေကြတာက ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲကြောင့်လား။

ဖြေ။ ။ မှန်တာပေါ့။ ဖုန်းလိုင်းအခက်အခဲကတော့ ကြာပြီလေနော်၊ မိသားစုအချင်းအချင်း အခုချိန်အထိ ပြန်မတွေ့ကြတာလည်း ဖုန်းလိုင်းအခက်အခဲ၊ အခုလို လိုင်းမရတော့တာဖြစ်တဲ့အတွက် ငွေလွှဲ၊ ငွေထုတ်တာက အစ ခက်ခဲသွားတာပေါ့။

မေး။ ။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဗန်းမော်စစ်ရှောင်အားလုံးဆို ဘယ်လောက်ထိရှိနိုင်ပါလဲ။

ဖြေ။ ။ စစ်ရှောင်အားလုံးဆိုရင် ငါးသောင်းနဲ့ တစ်သိန်းကြားမှာ ရှိနိုင်ပါတယ်။

KNG ပေးပို့သည်။