ကရင်နီပြည်တွင် လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲ၊ နည်းလမ်းပို့ချပေးခြင်းတို့ကို ပညာပေးဖြန့်ဝေမှု ပေးနေသည့် ပျက်စီးဆုံးရှုံးနိုင်ခြေလျော့ချရေးအဖွဲ့ (RRI) နည်းပြတာဝန်ခံ ခွန်းလုံးနှင့် ဆက်သွယ်မေးမြန်းချက်။
နိုင်ငံတဝှမ်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်သည် ကရင်နီ (ကယား) ပြည်ရှိ အရပ်သားပစ်မှတ်များကို လေကြောင်းနှင့်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေသည်။
လေကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုလျော့ချနိုင်ရန် ရည်ရွယ်ပြီး စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချမှု ပိတ်ပင်ရန်၊ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရန်အပြင် အရပ်သားပစ်မှတ်များအား တိုက်ခိုက်မှုမလုပ်ရန် နိုင်ငံတကာထံ တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးပေ။
ယင်းသို့လေကြောင်းအန္တရာယ်မှ ရှောင်လွဲရန်မဖြစ်နိုင်သော်လည်း ကရင်နီအရပ်သားပြည်သူများ ထိခိုက်မှု လျော့ချရန် ဖြစ်နိုင်သည့်နည်းလမ်းမျိုးစုံဖြင့် ဗုံးခိုကျင်း၊ ဗုံးခိုမြောင်းတို့ တူးဖော်ဆောင်ရွက်မှုတို့ ရှိနေသည်။
ကရင်နီပြည်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုလျော့ချနိုင်ရန်ရည်ရွယ်ပြီး ပျက်စီးဆုံးရှုံးနိုင်ခြေ လျော့ချရေးအဖွဲ့ (RRI) ဖွဲ့စည်းပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေးလုပ်ဆောင်နေမှု အခြေအနေများအပေါ် RRI အဖွဲ့၏ နည်းပြတာဝန်ခံခွန်းလုံးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပျက်စီးဆုံးရှုံးနိုင်ခြေလျော့ချရေးအဖွဲ့ (RRI) အနေနဲ့ လက်ရှိမှာ ဘာတွေလုပ်ဆောင်ပေးနေတာရှိပါလဲ။
ဖြေ။ ။ ကျနော်တို့ ကရင်နီမှာ လေကြောင်းရန်ကာကွယ်ရေးက ကျနော်တို့ အဓိကလုပ်ဆောင်ပေးတာကတော့ ကျောင်းသူကျောင်းသားတွေအတွက် ဖြစ်တယ်။ ပြီးတော့ ကျောင်းတိုင်းမှာ ဗုံးခိုကျင်း၊ ဗုံးခိုမြောင်းတွေ လုပ်ခိုင်း ထားတာပေါ့နော်။ အဓိကကတော့ ဗုံးခိုကျင်းဆို လူအုပ်နဲ့ဝင်ရင် အဆင်မပြေဘူးပေါ့နော်။ အများအားဖြင့် ကတုတ်ကျင်း၊ ဗုံးခိုမြောင်းတွေ လုပ်ခိုင်းတယ်။ ပြီးတော့ အကယ်၍ ကျနော်တို့ စစ်ရှောင်စခန်းတွေသွားတဲ့ အချိန်မှာ သူတို့အိမ်ထောင်စုတွေကို ဗုံးခိုကျင်းတွေ ပြင်ဆင်ခိုင်းထားတာပေါ့နော်။ ကျနော်တို့ကျောင်းတွေမှာ သင်တန်းသွားပေးတဲ့အခါမှာ သူတို့ကို Sirens အချက်ပေးစနစ်ကို တပ်ဆင်ပေးတယ်။ ပြီးတော့ ကျနော်တို့ လက်တွေ့သင်တန်းတွေ train ပေးတယ်။
ကျနော်တို့အရင်ဆုံးတော့ ဘယ်လိုသွားလဲ ဆိုတော့ သူတို့ကို လေကြောင်းရန်ဟောပြောပွဲ အရင်သွားတယ်။ ပြီးတော့ training skills တွေ ပြသပေးတယ်။ ပြီးတော့ ဘယ်လိုကယ်ဆယ်ရမလဲ၊ ဘယ်လိုဝပ်ရမလဲ၊ ဘယ်လို ထိုင်ရမလဲ ပြီးတော့ ဘယ်လိုပြေးရမလဲ ဆိုတဲ့ဟာ မျိုးပေါ့။ အဓိက က ကျနော်တို့ ဒါတွေကိုသွားပေးတာ ဖြစ်တယ်။ လေကြောင်းတက်လာရင်တော့ Sirens ရယ် Icon စက်တွေ ပေးထားတယ်၊ ချိတ်ဆက်လို့ရအောင်။ အကယ်၍ လေကြောင်းတက်လာတာနဲ့ ဒီ Sirens ကို ဖွင့်ခိုင်းတယ်။ ကျောင်းမှာကတော့ Sirens ရယ်၊ ဘက်ထရီရယ်၊ ဆိုလာရယ် ပြီးတော့ စကားပြောစက်ပေါ့နော်။ ကျနော်တို့ သွားတပ်ဆင်ပေးတယ်ပေါ့နော်။

မေး။ ။ ပြောသွားတဲ့ထဲက Sirens ဆိုတာ ဘာလဲဆိုတာကို ရှင်းပြပေးပါလား။
ဖြေ။ ။ Sirens က လေကြောင်းရန်အချက်ပေးစနစ်လေ၊ သူက ဥဩဆွဲသံ (ဟွန်းအချက်ပေးသံ) လိုမျိုးလေ။ ပလပ်ပေါက်နဲ့ ထိုးရင် ဝူးးးးး ဆိုပြီး အဲ့လိုမျိုးအော်တယ်ပေါ့။ အချက်ပေး စနစ်တစ်ခုပဲ။ အသံက တစ်မိုင်ပတ် ပတ် လည်ဝန်းကျင်မှာ ကြားရတယ်။ ဒီ Sirens က ဥဩဆွဲသံလိုမျိုးပဲလေ။
မေး။ ။ အကယ်၍ ဗုံးလာကြဲတော့မယ်ဆိုတာ ဘယ်လိုကြိုပြီး သိနိုင်တဲ့ အနေအထားတွေရှိပါလဲ။
ဖြေ။ ။ ဗုံးမကြဲခင်မှာတော့ သူတို့ကင်းထောက်တွေ အရင်သွားတယ်ပေါ့နော်။ Y12 ကင်းထောက်လေယာဉ် သွားတယ်။ ပြီးရင် သူတို့ပတ်တယ်။ တချို့က ဒရုန်းတွေနဲ့ပတ်တာ ရှိတယ်။ ဒီကရင်နီမှာတော့ ကင်းထောက်နဲ့ ပတ်တာ များတယ်ပေါ့နော်။
မေး။ ။ ဒီကတုတ်ကျင်းနဲ့ ဗုံးခိုကျင်းက ဘယ်လိုကွာခြားမှုရှိပါလဲ။
ဖြေ။ ။ ကတုတ်ကျင်းနဲ့ ဗုံးခိုကျင်း ဘယ်လိုကွာခြားလဲဆိုတော့ လူအုပ်စုတွေ အရမ်းများတဲ့အချိန်မှာ ဥပမာ ကျောင်းသားတွေက ကတုတ်ကျင်းထဲပြေးရင်တော့ ပိုမြန်တယ်။ ပိုဆံ့တယ်။ ပြီးတော့ အန္တရာယ်လည်း နည်းနည်း ပိုကင်းတယ်။ အကယ်၍ ဗုံးခိုကျင်းမှာဆိုရင် ကျောင်းသူကျောင်းသားတွေအတွက် ဗုံးခိုကျင်းတွေ သွားလုပ်တယ် ဆိုရင် အစုလိုက်အပြုံလိုက်ပြေးတဲ့အချိန်မှာတော့ သိပ်တော့အဆင်မပြေဘူးပေါ့နော်။
အဲဒီ ဗုံးခိုကျင်းထဲရောက်ရင်လည်း နေရာကျပ်တယ်။ အဲ့ဒါက ကျောင်းသားတွေအတွက်ပေါ့နော်။ စစ်ရှောင်တွေ အတွက်ကတော့ သူတို့က လူအုပ်စုနည်းတဲ့အတွက်မို့လို့ တစ်အိမ်ထောင်စုကို အလွန်ဆုံး ၁၀ ယောက် ၁၅ ယောက်လောက်ပဲ ရှိတဲ့အတွက်ကြောင့် ဗုံးခိုကျင်းနဲ့ဆို ပိုအဆင်ပြေတယ်ပေါ့နော်။
မေး။ ။ RRI အဖွဲ့ကနေပြီး ဗုံးခိုကျင်းတို့၊ ကတုတ်ကျင်းတို့ကို ကိုယ်တိုင်ဆောင်ရွက်ပေးနေတာပါလား။
ဖြေ။ ။ ကျနော်တို့ RRI အဖွဲ့ကတော့ ဗုံးခိုကျင်း၊ ဗုံးခိုမြောင်းတွေတော့ သွားမလုပ်ပေးဘူးပေါ့နော်။ ဒါပေမယ့် ကျနော်တို့ သင်တန်းသွားပေးမယ်ဆို သူတို့ကျောင်းသူကျောင်းသားတွေကိုရော စစ်ရှောင်စခန်းမှာ သွားပေးတယ် ဆိုရင် သူတို့ကိုတော့ပြင်ဆင်ခိုင်းထားတယ်ပေါ့နော်။ ဒါပေမယ့် အများအားဖြင့်တော့ ကျနော်တို့က ကျောင်းသူ ကျောင်းသားတွေကိုပဲ အဓိကပေးတဲ့အတွက်ကြောင့် ကျောင်းတိုင်းမှာတော့ ဗုံးခိုမြောင်းတူးထားပေးတယ်။
ကျနော်တို့ ဗုံးခိုကျင်းတို့တော့ မလုပ်ပေးနိုင်ဘူးပေါ့။ အဓိက သင်တန်းတွေပေးမယ်။ အစာအာဟာရတွေ ပေးမယ်။ သူတို့အတွက် လိုအပ်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် Sirens တို့ပဲဖြစ်ဖြစ်၊ ဆိုလာတို့ စကားပြောစက်တို့ပဲ အဓိက သွားပေးတယ်။ ပြီးတော့ နည်းစနစ်တွေကို အဓိက သွားပေးတဲ့အဖွဲ့တွေဖြစ်တယ်ပေါ့နော်။
မေး။ ။ လေကြောင်းရန်ကာကွယ်ရေး လုပ်ဆောင်မှုတွေနဲ့ အသိပညာပေးမှုတွေကြောင့် လေယာဉ်လာကြဲတာနဲ့ ကြုံပြီး ဘေးကင်းသွားတဲ့အဖြစ်မျိုးရောကြုံခဲ့ဖူးပါလား။
ဖြေ။ ။ လွိုင်နန်းဖကျောင်းကို ကျနော်တို့သင်တန်းသွားပေးတာက သောကြာနေ့လောက်သွားပေးရင် တနင်္လာ နေ့လောက် လာကြဲတယ်။ ဒါပေမယ့် လူအထိအခိုက်မရှိတာက သူတို့ကကတုတ်ကျင်းထဲ အကုန်လုံးပြေးသွား ကြတယ်။ လွိုင်နန်းဖကျောင်းမှာ လာကြဲသွားတာက လေယာဉ်နှစ်စီးသုံးစီးလောက် ရှိတယ်။ ဒါပေမယ့် အထိ အခိုက် တစ်ယောက်မှမရှိဘူးပေါ့နော်။
တချို့က နှလုံးဖောက်တဲ့သူတွေရှိတယ်။ အဲ့ချိန် CPR တွေလိုပြီး အဲ့လို အချိန်ဆို ရှေးဦးသူနာပြုပါ ပါသွားပေး တာလည်း ရှိတယ်ပေါ့နော်။ လူအုပ်စုများရင်တော့ ဗုံးခိုကျင်းထက် ကတုတ်ကျင်းက ပိုပြီးတော့ ထိရောက်တယ် ပေါ့။ ပြီးတော့ ပြေးရတာလည်း အမြန်ဆန်ဆုံး ပြီးတော့ ကတုတ်ကျင်းက ပတ်ပတ်လည်တူးထားတဲ့အတွက် ကြောင့် ပြေးရတာပိုမြန်တယ်ပေါ့နော်။
မေး။ ။ စာသင်ကျောင်းတွေအတွက် ကတုတ်ကျင်းတွေတူးထားတာက ပိုသင့်လျော်တယ်ဆိုပေမယ့် တဖက်မှာကလည်း အန္တရာယ်ကို ဖိတ်ခေါ်သလိုမျိုး မဖြစ်သွားနိုင်ဘူးလား။
ဖြေ။ ။ အခုနောက်ပိုင်းမှာက ကျနော်တို့ဘယ်လိုဆင်ခြင်လဲဆိုတော့ ဗုံးခိုမြောင်းတွေကို တူးခိုင်းထားတယ်။ ဒါပေမယ့် တူးထားတဲ့မြေစာတွေကို ကျနော်တို့ကတစ်ခုခုနဲ့ ကွယ်ထားတယ်ပေါ့နော်။ စကာမဲနဲ့လား၊ ဒါမှမဟုတ် တခြားဟာနဲ့လား။ ဒီမြေစာကို ဖယ်ပစ်လိုက်လား၊ ဒါမျိုးတွေ လုပ်တယ်ပေါ့နော်။
ဒါပေမယ့် အခု အပေါ်ကနေကြည့်ရင် မမြင်နိုင်တဲ့နည်းနဲ့တော့ ကျတော်တို့ပြန်ပြောင်းတယ်။ အရင်နှစ် လွိုင်နန်းဖ ကျောင်းမျိုးဆို သူတို့ကကင်းထောက်နဲ့တွေ့တော့ ဒါစစ်သင်တန်းကျောင်းပဲ၊ စစ်သင်တန်းတွေ ဘာတွေ လာပေးတယ် စစ်ကောင်စီဘက်က အဲလိုပြောသံတွေတော့ ကြားတယ်ပေါ့နော်။
မေး။ ။ လေယာဉ်တက်လာပြီဆိုတာနဲ့ ဘယ်လိုချိတ်ဆက် အသိပေးကြပါလဲ။
ဖြေ။ ။ လေယာဉ်တက်လာပြီဆိုတာနဲ့ ကျနော်တို့ရဲ့စက်အထိုင်ကြီးပေါ့နော်။ ကျနော်တို့ သွားပေးပေးထားတဲ့ icon စက်အထိုင်ကြီး သုံးလုံးချထားပေးတယ်။ နောက်တခုက အိုက်ကွန်က ကျောင်းတိုင်းကို ကျနော်တို့ပေးတယ်။ အကယ်၍ လေယာဉ်တက်လာတာနဲ့ အချင်းချင်းချိတ်ဆက်လို့ရအောင်ပေါ့နော်။ တောင်ငူကနေ၍ တက်လာတာ များတယ်ထားလိုက်ပါတော့။
အဲမှာစက်က ဒီအနောက်ဘက်ခြမ်းမှာကတစ်လုံး သူတို့အချင်းချင်း ချိတ်ဆက်လိုက်မယ်ပေါ့နော်။ ငှက်ဆိုးကြီးတွေ လာပြီဆိုပြီးတော့ သူတို့အချင်းချင်းသတိပေးကြတယ်။ တချို့နေရာတွေက စက်အထိုင်မမိလို့လေ။ ဒါကြောင့် စက်အကြီးတွေ တပ်ဆင်ပေးတယ်။ ထိရောက်တယ်လို့ ထင်တာပဲ။ အကယ်၍ လေယာဉ်တက်လာတာနဲ့ သူတို့ ကြားတာကို စက်နဲ့ဖွင့်ရင်တော့ ကျောင်းသားတွေကတော့ လုံခြုံတဲ့နေရာကိုပြေးသွားတယ်။ Sirens လည်း တော်တော်လေးထိရောက်တယ်။
မေး။ ။ RRI အနေနဲ့ ရှေ့ဆက်ပြီး တခြားရော ဘာတွေဆက်လုပ်သွားဖို့ရှိပါလဲ။
ဖြေ။ ။ ဒီလေကြောင်းရန် ကာကွယ်ရေးနဲ့ပတ်သက်လို့ အရင်နှစ်က ကျောင်း ၂၀ လောက်သွားနိုင်တယ်။ ဒီနှစ်မှာလည်း ကျောင်း ၅၀ လောက်ထပ်ကျတယ်။ အဲဒါ ကျောင်း ၂၀ လောက်တော့ သွားပြီးပြီ။
မေး။ ။ ဒီနောက်ပိုင်း စစ်ကောင်စီက ဘယ်နေရာတွေကို လေကြောင်းကနေ အဓိကပစ်မှတ်ထား တိုက်ခိုက်နေ တာတွေရှိနေလဲ။
ဖြေ။ ။ အခုဆို ပြန်သုံးသပ်လို့ရတယ်လေနော်။ စစ်ကောင်စီဘက်က ဘယ်သူ့ကိုပစ်မှတ်ထားလဲ။ ကျနော်တို့ ဘက်မှာ ကျောင်းသူကျောင်းသားတွေက အများဆုံးရာခိုင်နှုန်းလောက် ကျတယ်ပေါ့နော်။ ပြီးတော့ စစ်ရှောင် စခန်းရယ်၊ ဆေးရုံအဆောက်အအုံရယ်၊ ပြီးတော့ ရဲဘော်တပ်စခန်းတွေပေါ့နော်။ ဒါတွေကို သူတို့ အဓိက ပစ်မှတ်ထားတယ်။ ပြီးခဲ့တဲ့ အရင်လကလားမသိ ကျနော်တို့သွားပေးပြီးတဲ့ကျောင်းမှာ လေယာဉ်လာကြဲသေး တယ်။ အဲ့မှာက ကျောင်းသူကျောင်းသားတွေ တစ်ယောက်မှမရှိတဲ့အတွက်ကြောင့်မို့လို့ အထိအခိုက်တွေတော့ မရှိဘူးပေါ့နော်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာလေ။
မေး။ ။ ဒီလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ အသိပညာပေးတာတွေက မြေပြင်မှာ ဘယ်လောက် လုံခြုံမှုပေးနိုင်ပါလဲ။
ဖြေ။ ။ လွိုင်နန်းဖကျောင်းမှာဆိုရင် လူအယောက်က ၅၀၀ – ၆၀၀ လောက်ရှိတယ်။ ဒါပေမယ့် တစ်ယောက်မှ အထိအခိုက်မရှိဘူး။ ဒါက လျော့ကျမယ်လို့ထင်တယ်။ ကျနော်တို့အဖွဲ့လည်း လျှော့ချတဲ့အဖွဲ့ဆိုတော့ လုံးဝ ၁၀၀ ရာခိုင်နှုန်းတော့ အာမမခံဘူးပေါ့လေနော်။ လက်နက်ကြီးတို့ လေယာဉ်တို့ဆိုတာမျိုးလည်း ကွက်တိကျရင်လည်း သေမှာပဲလေ။
NMG ပေးပို့သည်။