ရက် ၁ဝဝ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ပြောဆိုမှုအပေါ် ဆက်သွယ်မေးမြန်းချက်
အာဏာသိမ်းသမ္မတ၊ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရက် ၁ဝဝ အတွင်း EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း) တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ PDF တွေကို လက်နက်ချအလင်းဝင်ဖို့ ဧပြီလ ၂ဝ ရက်မှာ ထုတ်ဖော်ပြော ဆိုထားပါတယ်။
အမှန်တကယ်ကော ဦးမင်းအောင်လှိုင်ပြောတဲ့ ဧပြီ ၂ဝ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ ရက် ၁ဝဝ အတွင်း EAO တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလာနိုင်သလား။ နောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေအနေနဲ့လည်း လက်နက်ချအလင်းဝင်ဖို့ ဖြစ်လာနိုင်မလား။
ဒီအပေါ် အကြမ်းမဖက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသူ ဗိုလ်ကြီးဇင်ယော်ရဲ့အမြင်ကို ဧပြီလ ၂၁ ရက်၊ မနက်ပိုင်းမှာ ဆက်သွယ်မေးကြည့်ထားပါတယ်။
မေး။ မနေ့က မင်းအောင်လှိုင်က ရက် ၁ဝဝ အတွင်း EAO တွေ ငြိမ်းချမ်းရေးဆွေးနွေးပြီး PDF တွေ လက်နက်ချခိုင်းတဲ့အပေါ် ဗိုလ်ကြီး ဘယ်လို သုံးသပ်ပါသလဲခင်ဗျား။
ဖြေ။ PDF တွေကတော့ လက်နက်ချမဲ့ အနေအထားမျိုးမရှိဘူး။ အခုတောင်မှ တစ်စုတစ်စည်းတည်း ပြန်စုနေတဲ့အနေအထားမျိုးရှိတယ်။ စစ်ကောင်စီရဲ့ တစ်ဘက်သတ်လိုလားချက်ပေါ့နော်။ သူ့ရဲ့ တစ်ဘက်သတ်လိုလားချက်၊ မျှော်လင့်ချက်က ဘာလဲဆိုတော့ တရုတ်အကူအညီနဲ့ ERO (Ethnic Resistance Organization – တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း)တွေကနေတဆင့်ပေါ့နော်။ တရုတ်အကူအညီနဲ့ ERO တွေကို သူတို့ အပစ်ရပ်မယ်။ ငြိမ်းချမ်းရေးဆိုတာ အသာထားပေါ့နော်။ လောလောဆယ် အပစ်ရပ်မယ်။ သူက အဲဒီအပစ်ရပ်တဲ့အချိန်ကာလကို သူတို့က အသုံးပြုပြီးကာမှ ဒီ PDF တွေပေါ့နော်။ တော်လှန်ရေးတပ်ဖွဲ့တွေကို သူတို့က ဦးတည်ရန်သူအဖြစ် ချေမှုန်းလိုတဲ့အနေအထားမျိုး ကျနော်တို့ကတော့ မြင်တယ်။ သူကလည်း ရက် ၁ဝဝ အတွင်းမှာ အချိန်ပေးတယ်ပေါ့နော်။ အချိန်ပေးပေမဲ့ PDF တပ်ဖွဲ့တွေက ဝင်ရောက်ခြင်း၊ လာပြီးတော့ လက်နက်ချတာမရှိဘူး၊ အလင်းဝင်တာ မရှိဘူး၊ ပူးပေါင်းတာမရှိလို့ အကြမ်းဖက်အဖြစ်ဆိုပြီးတော့ ဦးတည်ပြီးတော့ ချေမှုန်းလာမဲ့အနေအထားမျိုးလည်း ကျနော်တို့က မြင်တယ်။
မေး။ အမှန်တကယ်ကော ဒီ ရက် ၁ဝဝ အတွင်း EAO တွေ ငြိမ်းချမ်းရေးဆွေးနွေးပြီး PDF တွေ လက်နက်ချလာနိုင်ပါသလား။ ဘာကြောင့်လဲ။ ဘယ်လို စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာနိုင်ပါသလဲ။
ဖြေ။ ERO တွေကတော့ တချို့ပေါ့နော်။ NCA ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ လာပြီးတော့ တွေ့ဆုံဆွေးနွေးမဲ့အနေအထားမျိုးတော့ရှိတယ်။ သူတို့ကလည်း တစ်ဖွဲ့၊ နှစ်ဖွဲ့ သေချာပေါက်နီးနီးရှိနေလို့ ခေါ်တာပေါ့နော်။ မရှိလည်း သူတို့ကတော့ ဖန်တီးလိုက်မှာပဲ။ တိုင်းရင်းသားပဲဖြစ်ဖြစ်၊ မျိုးနွယ်စုပဲဖြစ်ဖြစ် ကိုယ်စားမပြုတဲ့အဖွဲ့တွေပေါ့နော်။ ကိုယ်စားမပြုတဲ့အဖွဲ့တွေကနေပြီးတော့ တိုင်းရင်းသားနာမည်တပ်ပြီးကာမှ သူတို့နဲ့ ဆွေးနွေးမှုတွေ လုပ်လာမဲ့အနေအထားမျိုးတော့ ဖန်တီးလာနိုင်တယ်။ အဓိကတော့ သူတို့ ERO တွေနဲ့ ခဏ အပစ်ရပ်ချင်တာ။ အပစ်ရပ်ပြီးကာမှ စစ်ကိုင်း၊ မကွေးပေါ့နော်။ မြစ်ဝကျွန်းပေါ်ပေါ့။ ပြီးရင် ပဲခူး၊ တနင်္သာရီပေါ့။ ဒီတိုင်းဒေသကြီးတွေမှာရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုပဲ ဦးတည်ပြီးတော့ ချေမှုန်းလိုတဲ့ပုံစံမျိုး တွေ့ရတယ်။ တော်လှန်ရေးတပ်တွေကတော့ ကျနော်သိသလောက်ကတော့ အခုက ပြန်တိုက်ဖို့တောင် တစ်စုတစ်စည်းတည်းလုပ်နေကြပြီ။ အဓိက ခဲယမ်း။ အဲဒီမှာ ERO တွေနဲ့ အပစ်ရပ်ပြီးကာလမှာ ဒီခဲယမ်းပေါ့နော်။ လက်နက်ခဲယမ်း ရရှိမှုက ERO တွေကိုပဲ အားကိုးနေရတာပေါ့။ အဲဒီတော့ အခြား လမ်းကြောင်းတစ်ခုခုရှိခဲ့ရင်တော့ တော်လှန်ရေးဘက်က အားကောင်းမယ်။ စစ်တပ်ကတော့ ဒီ PDF ပေါ့။ တော်လှန်ရေးတပ်ဖွဲ့တွေကိုပဲ ဦးတည်ရန်သူအဖြစ် နယ်မြေကျဉ်းပြီးတော့ သူတို့ စစ်ဆင်ရေး ဂွင်ကျဉ်းလာအောင် လုပ်ပြီးကာမှ တိုက်စစ်ဆင်လိုတဲ့အနေအထားမျိုးရှိတယ်လို့တော့ ကျနော်ကတော့ မှန်းဆရပါတယ်ခင်ဗျ။
မေး။ ဟုတ်ကဲ့ပါဗိုလ်ကြီးခင်ဗျား။ နောက်တစ်ခုကလေ အထူးသဖြင့် ကျနော်တို့ ဒီဘက်မှာ AA အနေနဲ့ပေါ့နော်။ AA ကလည်း မိုးမြေအဆုံးထိတိုက်ခိုက်သွားမယ်လို့ ကြွေးကြော်ထားတယ်ဆိုတော့လေ။ AA နဲ့ကော မအလကော ငြိမ်းချမ်းရေးဆွေးနွေးဖို့ အလားအလာတွေဖြစ်လာနိုင်ပါသလား။ ဒီရက် ၁ဝဝ အတွင်းမှာပေါ့နော်။ ဘယ်လိုအနေအထားမျိုးဖြစ်လာနိုင်မယ်လို့ ထင်မြင်မိပါလဲဗိုလ်ကြီးခင်ဗျ။
ဖြေ။ AA နဲ့ကတော့ AA က သူတို့ရရှိပြီးသားနယ်မြေတွေတော့ ပြန်ပေးမဲ့အနေအထားတော့မရှိဘူး။ ဒါပေမဲ့ လောလောဆယ် တရုတ်ရဲ့ ဖိအားပေးမှုနဲ့ပေါ့နော်။ အပစ်ရပ်တဲ့အနေအထားမျိုးတော့ ဖြစ်သွားနိုင်တယ်။ ဒီ ရက် ၁ဝဝ အတွင်းမှာ။ ဘာလို့လဲဆိုတော့ AA ကလည်း ကျောက်ဖြူတိုက်စစ်မှာ တိုက်လာတဲ့ပုံစံက တစ်စုံတရာဖိအားရှိတဲ့ပုံစံ သူတို့လည်း ထုတ်ပြောလာတယ်။ အဲဒီတော့ ရက် ၁ဝဝ အတွင်းမှာလည်း အာရက္ခတပ်က စစ်တပ်နဲ့ ငြိမ်းချမ်းရေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အပစ်ရပ်ပြီးကာမှ တချို့ပေါ့နော်။ စကားတချို့ပြောလာမဲ့အနေအထားမျိုးတော့ရှိတယ်။ အဲလိုမျိုးတော့ ကျနော်တို့ သုံးသပ်ရပါတယ်။ ဒါ ငြိမ်းချမ်းရေးတော့ မဟုတ်ဘူးပေါ့နော်။ အပစ်ရပ်လိုက်မဲ့အနေအထားမျိုးပေါ့။ အပစ်ရပ်တယ်ဆိုတာလည်း နေရာတိုင်းမဟုတ်ဘဲနဲ့ ကျနော်တို့ ကျောက်ဖြူပေါ့။ ကျောက်ဖြူက အဓိက ကျနေတယ်။ အဲဒီတော့ ကျောက်ဖြူလိုနေရာမျိုးမှာတော့ အပစ်ရပ်လိုက်မဲ့အနေအထားမျိုးဖြစ်လာနိုင်တယ်လို့တော့ သေချာပေါက်လောက်နီးနီးကို ပြောရဲတယ်ဗျ။
နိရဉ္စရာ