ကော့ကရိတ် – ကျုံဒိုးစစ်ဘေးရှောင်များ ကြုံတွေ့နေရသည့်အခက်အခဲ၊ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်နှင့် ဆက်သွယ်မေးမြန်းချက်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်ခဲ့သည်။
အရပ်သားများနေထိုင်ရာအနီး၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၂၀ နီးပါးသေဆုံးပြီး ကျေးရွာ ၃၀ ခန့်က ဒေသခံပြည်သူတစ်သိန်းနီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စစ်ဘေးရှောင်တို့၏ အခြေအနေ ဘယ်လိုရှိနေပါလဲ။ မကြာခင် မိုးဦးရာသီရောက်ရှိတော့မည် ဖြစ်တာကြောင့် စစ်ဘေးရှောင်များ ကြုံလာရနိုင်မည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကော့ကရိတ်-ကျုံဒိုး ဒေသခံပြည်သူတွေ ဘယ်လိုနေရာတွေမှာ တိမ်းရှောင်နေကြရပြီး ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်နေရပါလဲ။
ဖြေ။ ။ လတ်တလော လေကြောင်းနဲ့ဗုံးကြဲမှုတွေကြောင့် ထိခိုက်ခံရတဲ့နေရာတွေကတော့ ရွာပေါင်း ၃၀ လောက် ရှိပါတယ်။ ဒီနေ့ (မေ ၁ ရက်) အထိပေါ့။ အတော်များများက မော်လမြိုင်၊ ကျိုက်မရောနဲ့ မြို့နဲ့နီးတဲ့ သူတို့ရဲ့အသိမိတ်ဆွေတွေဆီမှာ ခိုနေတာများတယ်။ တံတားကျိုးတို့ လှိုင်ဝတို့ အင်းကြီးတို့ နွားခြံကုန်းတို့ ရေပူကြီးတို့ နောင်တမန်တို့ အဲဒီလိုကျေးရွာဘက်က လူတွေကြတော့ ဘားအံဘက်ကိုခိုတာများတယ်။ ကော့ကရိတ်ဘက်က မွန်တွေက မော်လမြိုင်ကအသိတွေ၊ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ သွားခိုတာလည်း ရှိတယ်။ ခုနက စစ်ဘေးဒဏ်သင့်တဲ့ရွာက ကျောင်းလာထိုင်သီတင်းသုံးတဲ့ မော်လမြိုင်မြို့ပေါ်က တိုက်ကျောင်း တွေဖြစ်တဲ့ ရွာသစ်ကျောင်းတို့၊ ဓမ္မသတ်ဘက်ကဒကာတွေ လူငယ်အင်အားစုတွေ ကျေးရွာကလူငယ်အသင်းအဖွဲ့ တွေကနေ ကူတာလည်းတွေ့ရတယ်။ ကျန်တာကတော့ တပ်မဟာ ၆ အရှေ့ဘက်က စစ်ရှောင်စခန်းတွေမှာ အနည်းအကျဉ်းရှောင်နေကြတာ ကြားရတယ်။
နောက်တခါ ကော့ကရိတ်-ကျုံဒိုးကားလမ်းဘေးက ကရင်ရွာတွေနဲ့ မွန်ရွာတွေမှာရှောင်တာ စုစုပေါင်း ကျွန်တော်တို့ရဲ့မြေပြင်ဒေတာအရ စုစုပေါင်း သုံးသောင်းကျော်မယ်ထင်တယ်။ မနေ့ (ဧပြီ ၃၀ ရက်) က ဒေတာ အရဆိုရင် ရွာပြင်က လယ်တောတွေ၊ ရွာတွေ၊ ဥယျာဉ်ခြံတွေနဲ့ ရော်ဘာခြံတချို့တွေမှာ ခိုအောင်း နေထိုင်ကြတဲ့ အခြေအနေတွေလည်းရှိတယ်။ စစ်ရေးကျွမ်းကျင်တဲ့သူတွေက ဘာပြောလဲဆိုရင် အဲဒီလိုနေတဲ့အခါ သတိနဲ့နေဖို့ ပြောတယ်။ အဓိကအားဖြင့် အပေါ်ကနေ ပစ်မှတ်တွေ တွေ့နေရပြီးသားဖြစ်တဲ့အတွက် လူတွေ မြင်နေရရင် ပစ်ချသွားတာရှိမှာ စိုးရိမ်လို့ပြောကြတယ်။ အခက်အခဲတွေကတော့ IDP တွေမှာ ဖြစ်လေ့ရှိတဲ့ မသေချာမရေရာ ခြင်းတွေနဲ့ အသက်ဆက်နေရတဲ့ အခက်အခဲ၊ မျှော်လင့်ချက်မဲ့နေတဲ့ အခက်အခဲ ရှိနေတယ်။ စားသောက်ရေး ခက်ခဲမှုတွေ ကုန်ခြောက်၊ ဆန်တို့စတဲ့ ချို့တဲ့ခက်ခဲမှုတွေစတာတွေ ဖြစ်နေတာ တွေ့ရတယ်။ မြေပြင်မှာရှိရင်းစွဲ ရွာတွေလိုက်ကူတဲ့ရိက္ခာတွေ ပြတ်တောက်မှုလည်းရှိနေတာ တချို့နေရာတွေမှာ တွေ့ရတယ်။
ပြီးခဲ့တဲ့သုံးလေးရက်တုန်းက မိုးအကြီးအကျယ်ရွာထားတာရှိတယ်။ မုန်တိုင်းတွေဝင်ထားတာ ရှိတယ်။ အဲဒီ အခြေအနေမှာ ယာယီတဲထိုးနေရတဲ့ အနေအထားတွေရှိလာတယ်။ တဲထိုးဖို့ ပလတ်စတစ်တို့၊ တာလပတ်တို့ လိုအပ်တာတွေရှိတယ်။ ကျန်းမာရေးပိုင်းမှာ ထုံးစံအတိုင်း ဆေးဝါးတို့၊ အရေးပေါ်ကယ်ဆယ်ရေး၊ ကိရိယာ ပစ္စည်းတွေ တခြားအခြေခံလိုအပ်ချက်တွေဖြစ်တယ်။ တချို့ရက်တွေတုန်းကဆို မြေပြင်မှာချက်ပြုတ်ဖို့ မီးတောင် သုံးလို့မရဘူးလို့ပြောတယ်။ ခုနက ကျွန်တော်ပြောတဲ့ ပစ်မှတ်တွေဖြစ်မှာစိုးလို့။ ခြုံပြီးပြောရရင် Physical အခက်အခဲတွေကနေ အသက်ဘေးစိုးရိမ်ရတဲ့ စိတ်ပိုင်းဆိုင်ရာတွေဖြစ်ပြီးတဲ့ ဖြစ်ရပ်ဆိုးတွေက တဆင့် ခံစားရတဲ့ စိတ်ဒဏ်ရာတွေ မပြည့်မစုံမှုတွေမှာ ခံစားရတဲ့သိမ်ငယ်မှုတွေ မရေရာမှုတွေ အတော်များများ ကိုယ်စီပေါ့။ IDP တွေမှာ တွေ့နေရတာရှိတယ်။
မေး။ ။ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ပြည်သူတွေထဲမှာ အမျိုးသမီး၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုတွေ ဘယ်လောက်ထိပါဝင်ပါလဲ။ သူတို့အတွက် အရေးတကြီး ဘာတွေလိုအပ်နေပါလဲ။
ဖြေ။ ။ စစ်ရေးဖြစ်တိုင်း ပိုပြီးထိခိုက်နစ်နာခံစားရတဲ့သူတွေက ကလေးသူငယ်တွေ၊ မသန်စွမ်းတွေ၊ သက်ကြီး ရွယ်အိုတွေ၊ အမျိုးသမီးတွေ တွေ့ရစမြဲပဲ။ အခုလည်း သင်္ကြန်မတိုင်ခင်ကနေ ဖြစ်ခဲ့တဲ့ကိစ္စ၊ အခါတွင်းမှာတင် တချို့က သရက်တောရွာတို့ ကမ်းနီရွာကလူတွေဆိုရင် ချက်ချင်းပြောင်းရတာတွေရှိတယ်။ ကလေးသူငယ်တွေ မသန်စွမ်းတွေ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေ သာသနာ့ဝန်ထမ်းတွေ သံဃာတော်တွေ သီလရှင်တွေလည်း ပါတာရှိတယ်။ တော်တော်များများက မော်လမြိုင်နဲ့ဘားအံမှာရှိတဲ့ သူတို့နဲ့သိတဲ့ ဘုန်းတော်ကြီးကျောင်းတို့ ယာယီစခန်းတွေမှာ နေရတဲ့ပုံစံတွေရှိတယ်။ ကျန်တဲ့အမျိုးသားတို့ ရွာသားတွေကြတော့ သက်ဆိုင်ရာက ကြုံရင် ကြုံသလို အိမ်တွေကိုပြန်ပြီးကြည့်တဲ့ အနေအထားတစ်ခုရဖို့အတွက် တချို့ဆိုရင်ကုပ်ကပ်ပြီးတော့ သူတို့ အနီးအနားပတ်ဝန်းကျင်မှာပဲ စစ်ရှောင်နေတာလည်းတွေ့ရတယ်။

မေး။ ။ လက်ရှိမှာရော ကော့ကရိတ် – ကျုံဒိုးဘက်မှာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတော့ ထပ်မံတိမ်းရှောင်လာသူတွေ ဆက်ရှိနေမလား။ ပိတ်မိသူတွေ ရှိနေပါလား။ လောလောဆယ်အထိ စစ်ရှောင် အရေအတွက် ဘယ်လောက်အထိရှိလာနေပြီလဲ။
ဖြေ။ ။ ကော့ကရိတ်မြို့ထဲ ရပ်ကွက်တွေနဲ့ မြို့နားတဝိုက် ပိတ်မိနေတဲ့ထဲမှာပါတယ်။ ခလရ ၅၄၅ တို့ ခမရ ၅၄၆၊ နောက် ခလရ ၂၃၁ အဲဒါတွေက စကစ ၁၂ ရဲ့ လက်အောက်ခံတပ်တွေ။ သူတို့ရဲ့မဟာမိတ် BGF တွေကနေ မြို့ကိုပိတ်တဲ့ကိစ္စတွေကို လုပ်နေတာ။ အဝင်တွေရော၊ အထွက်တွေရော မြေပြင်မှာ အဲဒီလိုတွေ သေနတ်နဲ့ ခြိမ်းခြောက်ပြီးတော့ အပြင်ကလူလည်း အထဲမဝင်ရ၊ အထဲကလူလည်း အပြင်မထွက်ရဆိုတဲ့ကိစ္စတွေ လုပ်နေတာ နှစ်ပတ်ကျော်ပြီ။ အပေါ်မှာလည်း ကင်းထောက်တွေ ဒရုန်းတွေသုံးပြီးတော့ စောင့်ကြည့်လေ့လာတာတွေ အသေးစားလေယာဉ်တွေ ဒရုန်းတွေသုံးပြီးတော့ ကြဲချတာတွေရှိတယ်။ တခါတလေ ဂျက်ဖိုက်တာတွေဝင်ပြီး ကြဲတာတွေ ရှိတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းကိုကြဲပြီး ဒီဘက်ကိုလာပြန်ဝင်လာတာတွေရှိတယ်။
တချို့ဆိုရင် ရွှေကျင်ကနေတောက်လျှောက်ပြန်လာပြီးတော့ လာကြဲသွားတာတွေလည်းရှိတယ်။ ကော့ကရိတ်တို့ ကျုံဒိုးတို့နဲ့ ဒီဘက်ပဲခူးတိုင်းအရှေ့ခြမ်း သထုံအနောက်ခြမ်းတွေကို စကစက တလှည့်စီကြဲနေတာတွေ့ရတယ်။ စုစုပေါင်းအရေအတွက် ခန့်မှန်းချက်က ဒီ IDP တွေက တစ်သိန်းစွန်းလောက် ရှိမယ်။ ဒါပေမယ့် အခုရက်ပိုင်း တွေမှာ ကိုယ့်အိမ်ကိုပြန်သွားပြီး အခြေအနေပြန်သွားကြည့်တာတို့ ခဏသွားပြီး အခြေအနေပြန်ကြည့်တဲ့ အရေအတွက်ကို နုတ်လိုက်မယ်ဆိုရင် အဲဒါတွေက ရာဂဏန်းလောက်ရှိမယ်။ နှစ်ရာ၊ သုံးရာထက် မလျော့ဘူး။ ဆိုတဲ့အခါ တစ်သိန်းလောက်မှာ ရာဂဏန်းလောက် နေ့တိုင်းလောက် အပြောင်းအလဲတော့ရှိမယ်။ အဲဒီလောက် ထိခန့်မှန်းတယ်။ အဲဒါက ကျွန်တော်တို့ခန့်မှန်းတာ မဟုတ်ဘူး။ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက CSO တွေ စတဲ့အဖွဲ့တွေက ခန့်မှန်းရလာတဲ့အရေအတွက်ဖြစ်တယ်။ ဒီထက်မလျော့ပါဘူး။
မေး။ ။ စစ်ရှောင်တွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့တွေက အကူအညီပေးနေ တာရှိပါလဲ။ စစ်ကောင်စီဘက်ကရော ကန့်သတ်တားမြစ်တာတွေရှိနေပါလား။
ဖြေ။ ။ လူသားချင်းစာနာကူညီနေတဲ့အဖွဲ့တွေကတော့ စဖြစ်ကာစကနေ တောက်လျှောက်ပါဝင်နေတာက ရပ်ရွာကလူငယ်တွေ၊ ပရဟိတအဖွဲ့တွေ နယ်မြေခံဒေသခံတွေ တချို့သောစစ်ရှောင်တွေက မော်လမြိုင်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ ကျိုက်မရောနဲ့ ဘားအံဘက်ကရွာတွေဆီကို ရောက်ကုန်တာရှိတယ်။ တချိုအမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေပေါ့ သူတို့ကျေးဇူးကြောင့်ပေါ့။ ကျွန်တော်တို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့အဖွဲ့တွေလည်း ရှိတယ်။ အနည်းဆုံး သုံးဖွဲ့ရှိတယ်။ ကရင်အဖွဲ့ အပါအဝင်ပေါ့။ သူတို့တွေ လည်း စစ်ရှောင်ကူညီနေကြအဖွဲ့တွေဆိုတော့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုအမြဲရှိတယ်။
စစ်ရှောင်တွေနဲ့ စစ်ဘေး ဒုက္ခသည်ကို အမြဲတမ်းကူညီနေတဲ့ ကရင်အရပ်ဘက်အဖွဲ့တွေဆို တောင်ကြာအင်းတို့ မြောက်ကြာအင်းတို့ ရေပူတို့ ကော့ဝါးလယ်တို့ ရွာကလေးတို့ ရွာတန်းရှည်တို့မှာ တောက်လျှောက်ကူနေတာ တွေ့ရတယ်။ အဓိက က အစားအသောက်တွေနဲ့ ယာယီတဲတွေလုပ်တဲ့ကိစ္စတွေမှာ ထဲထဲဝင်ဝင်ကူနေတယ်။ ခြုံပြောရမယ်ဆိုရင် CSO တွေက ထုံးစံအတိုင်းပဲ သူ့တာဝန်နဲ့သူကျေပွန်ပြီး လုပ်နေတဲ့အဖွဲ့တွေလည်းရှိတယ်။ နိုင်ငံတကာရန်ပုံငွေပိုက်ပြီးတော့ အဖွဲ့တွေမရောက်နိုင်တဲ့နေရာတွေကို သွားမကူနိုင်တဲ့ ယူအန်အေဂျင်စီတွေ တချို့သော နိုင်ငံတကာအန်ဂျီအိုတွေကလွဲပြီး အတော်များများတော့ မြေပြင်မှာရှိပါတယ်။ ဒါတွေက လက်ရှိ ပကတိအရှိတရားတွေ ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်။
မေး။ ။ ကော့ကရိတ်- ကျုံဒိုးတိုက်ပွဲကလည်း ပိုမိုကျယ်ပြန့်လာနေတော့ စစ်ရှောင်အရေအတွက်လည်း တိုးလာနိုင်တဲ့ အခြေအနေတရပ်မှာရှိနေတယ်။ မကြာခင် မိုးရာသီလည်းရောက်ရှိလာတော့မှာမို့ သူတို့အတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ ကျန်းမာရေး စတာတွေ ဘယ်လို စိန်ခေါ်မှုရှိလာနိုင်ပါလဲ။
ဖြေ။ ။ အခက်အခဲတွေကတော့ လောလောဆယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်မှာတော့ မနေ့က အထိတော့ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းနေတာတော့ ထင်သာမြင်သာတွေ့ရတယ်။ သံလွင်မြစ်ထဲမှာကို စစ်သင်္ဘောတွေ စပိဘုတ်တွေနဲ့ အရန်သင့်ပြင်ဆင်ထားတဲ့ အနေအထားရှိတယ်။ တဖက်ကလည်း စစ်မှုထမ်း အတင်းခေါ်ဖြည့်ထားတဲ့ လူငယ်တွေအတော်များများ ဖြုန်းနိုင်တဲ့ အနေအထားရှိတော့ စစ်ရေး ဖော်ဆောင်နိုင်ချေ ရှိတယ်။ ကျေးရွာတွေထဲမှာဆိုရင် အိမ်တွေ၊ အဆောက်အဦတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ လေယာဉ်နဲ့ ဗုံးကြဲ တာကို ရည်ရွယ်ချက်ရှိရှိနဲ့ဆက်လုပ်နေမယ့် အခြေအနေတော့ရှိမယ်။ ဒါက သူတို့ရဲ့မဟာဗျူဟာပဲလေ။ ဆိုတော့ အခုကတည်းက ဒီ IDP တွေက တစ်သိန်းစွန်းစွန်းဖြစ်နေပြီ။ ကျန်တဲ့ ကျုံဒိုးတို့ ကော့ကရိတ်ပတ်ဝန်းကျင် အနောက်ဘက် မွန်နယ်စပ်နဲ့ တောင်ဘက် ကြာအင်းဆိပ်ကြီးတို့ ကျိုက်ဒုံတို့ဘက်ကို စစ်မီးထပ်ကူးဖို့ တော်တော် လေးကို အခြေအနေများနေတယ်။
အခုလိုမျိုး ပွင့်လင်းရာသီမှာတောင် ဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ စစ်ရှောင်နေရတော့ လာမယ့်မိုးရာသီမှာ ပိုဆိုးလာနိုင်ဖွယ်ရာရှိတယ်။ ဒီဒေသက မိုးတွင်းဆို ရေကြီးရေလျှံတာအမြဲဖြစ်တယ်။ စိုစိုစွတ်စွတ်နဲ့ ဘယ်လို စစ်ဘေးရှောင်ကြမလဲဆိုတာ မတွေးဝံစရာပဲ။ ကျွန်တော်တို့ အတွေ့အကြုံအရဆို တော်တော်လေးခက်ခဲမယ့် အနေအထားတခု ဖြတ်သန်းရမယ်။ တဖက်ကကြည့်ရင် စစ်မီးငြိမ်းဖို့ အဓိကက စစ်ကောင်စီကိုယ်တိုင် ဒီဘက်က တွန်းလှန်ခုခံနေတဲ့ အင်အားစုတွေကိုယ်တိုင်က အပစ်ရပ်မယ်ဆိုတာ မတွေ့ရဘူး။ အပစ်ရပ်တာ အဖြေတစ်ခုလို့ မသတ်မှတ်ကြတော့ ပြည်သူတွေက ဆက်ပြီး ဒီစစ်မီးကို အဆိုးဆုံး ရင်ဆိုင်ရဖို့ပဲ ရှိတော့တယ်။ ပိုပြီးခက်တာက မြန်မာပြည်မှာဖြစ်တဲ့ စကစကလုပ်တဲ့ ပဋိပက္ခတိုင်းမှာ အကြောင်းအရာက ထပ်နေတော့ နိုင်ငံတကာကလည်း ဒါတွေပထမဦးစားပေး ဖြေရှင်းလို့ရမယ့်ကိစ္စလို့ သဘောမထားဘူး။ နေရာတိုင်းမှာ လေယာဉ်နဲ့တိုက်ခိုက်နေ တယ်။ စစ်ရှောင်တွေကလည်း နေရာတိုင်းမှာရှိတယ်ဆိုတော့ ဒါကြီးက ရိုးအီနေတဲ့အကြောင်းအရာ ချိုးဖောက်မှု လို့ သူတို့သတ်မှတ်တဲ့ကိစ္စ မဟုတ်တော့တာတွေ့ရတယ်။
ကျနော်ပြောချင်တာက နိုင်ငံတကာက မြန်မာ့အရေးနဲ့ ကြည့်မယ်ဆိုရင် သာမန်ပုံစံလို ဖြစ်သွားတဲ့ အနေအထား ဖြစ်တဲ့အတွက် ဒါဟာလည်း ကျွန်တော်တို့နိုင်ငံရဲ့ ဆိုးကျိုးသက်ရောက်မှုကို ပိုပြီးဖြစ်စေတဲ့ အကြောင်းတရား ဖြစ်တယ်။ နိုင်ငံတကာကလည်း သူ့ပြဿနာနဲ့သူလေ။ အခုဆို အိန္ဒိယနဲ့ ပါကစ္စတန်နဲ့ ဖြစ်ကြပြီ။ ဆိုတော့ အဲဒါတွေက သတင်းတွေဖုံးလာမယ့်သဘောရှိတယ်။ တခုခုဆို ထုံးစံအတိုင်းကြိတ်ခံရမယ့် အနေအထားရှိတယ်။ ဒေသတွင်း အာဆီယံကလည်း တစ်ခုခုဆိုရင် နေပြည်တော်ကို တဖက်သတ်ကူတာ၊ လူရာသွင်းတာ၊ စစ်မီးတောက်စေဖို့ အခြေအနေကို ဖန်တီးနေတာနဲ့ အတူတူပဲ။ အဆိုးဆုံး ကတော့ ဒီနှစ်ပိုင်းမှာ အမေရိကားက စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီပေးတာတွေ အများစုက ပြတ်ကုန်တာဖြစ်လို့ ပိုပြီး ဆိုးဝါးလာစေ ပါတယ်။ တဖက်ကလည်း NUG နဲ့ ဝန်ကြီးဌာနတွေကလည်း ဒါတွေကို အကုန်လုံး ဆောင်ရွက်နိုင်စွမ်း က နည်းတော့ အဆိုးဆုံးအခြေအနေကိုတော့ ရင်ဆိုင်ကျော်လွားရရုံပဲရှိတယ်လို့ ကျွန်တော်သုံးသပ်တယ်။
သံလွင်တိုင်းမ် ပေးပို့သည်။
