1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အခုလိုမျိုး စစ်ဗျူဟာတွေ ဖွဲ့စည်းလိုက်တဲ့အတွက် စစ်ရေးဆောင်ရွက်ရာမှာ လျင်မြန်တဲ့ အမိန့်စီးဆင်းမှုတွေ တိကျတဲ့လမ်းညွန်မှုတွေ စုဖွဲ့မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်ပါတယ်ခင်ဗျ။ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာလည်း ပိုမိုထိရောက်တဲ့ နည်းဗျူဟာတွေ...

“အခုလိုမျိုး စစ်ဗျူဟာတွေ ဖွဲ့စည်းလိုက်တဲ့အတွက် စစ်ရေးဆောင်ရွက်ရာမှာ လျင်မြန်တဲ့ အမိန့်စီးဆင်းမှုတွေ တိကျတဲ့လမ်းညွန်မှုတွေ စုဖွဲ့မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်ပါတယ်ခင်ဗျ။ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာလည်း ပိုမိုထိရောက်တဲ့ နည်းဗျူဟာတွေ တိုက်ပွဲဖော်ဆောင်တာတွေကို လုပ်ဆောင်နိုင်တာ ဖြစ်ပေါ်လာပါတယ်” အမှတ် -၂၇ စစ်ဗျူဟာတာဝန်ခံ ရဲဘော်ကိုအေးမင်းထွန်း

အမှတ် -၂၇ စစ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဆက်လက်လှုပ်ရှားလုပ်ဆောင်သွားမည့် တော်လှန်ရေးခရီးနှင့်ပတ်သတ်ပြီး စစ်ဗျူဟာတာဝန်ခံ ရဲဘော်ကိုအေးမင်းထွန်းနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် ဖွဲ့စည်းထားရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနလက်အောက် စစ်ဒေသခွဲ အမှတ် (၂) ၏ အမှတ် – ၂၇ စစ်ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တရားဝင် Facebook စာမျက်နှာ၊ Youtube ချန်နယ်နှင့် ဝက်ဘ်ဆိုက်များကို မကြာသေးခင်က လွှင့်တင်ဆောင်ရွက်လာပါသည်။

အမှတ် -၂၇ စစ်ဗျူဟာ ဖွဲ့စည်းထူထောင်ရသည့် ရည်ရွယ်ချက်၊ အခြေစိုက်လှုပ်ရှားမည့် ဒေသများ၊ လုပ်ဆောင်သွားမည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအကြောင်းနှင့် ဒေသတွင်းရှိ ERO အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများကို သိရှိနိုင်ရန် အမှတ် -၂၇ စစ်ဗျူဟာတာဝန်ခံ ရဲဘော်ကိုအေးမင်းထွန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မကြာခင်က ဖွင့်လှစ်လိုက်တဲ့ အမှတ် -၂၇ စစ်ဗျူဟာနဲ့ပတ်သက်ပြီး အရင်ဆုံး ဖွဲ့စည်းတည်‌ထောင်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ဖြေ။ ။ အမှတ် ၂၇ စစ်ဗျူဟာကို မြေပြင်မှာတည်ထောင်တာက တပ်ရင်းတွေကို ကျစ်လစ်စွာနဲ့ စစ်ဆင်ရေးကို စနစ်တကျ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ရန်ဖြစ်ပါတယ်။ အွန်လိုင်းမှာ ပေချ်ဖွင့်ထားတာက အမှတ် ၂၇ စစ်ဗျူဟာ က မြေပြင်မှာ ဘယ်လိုဆောင်ရွက်နေလဲဆိုတာ အဝေးမှာရှိတဲ့ပြည်သူတွေ တခြားနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အားလုံး မြင်တွေ့နိုင်ဖို့နဲ့ အကြံပြုချက်တွေ ရရှိနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့က ပြည်သူ့အားနဲ့သွားနေတာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ရင်ဘတ်ထဲကစကားတွေကိုလည်း ပွင့်လင်းစွာကြားချင်လို့ ဖွင့်ထားရတာ ဖြစ်ပါတယ်။

မေး။ ။ အမှတ် -၂၇ စစ်ဗျူဟာရဲ့အောက်မှာ တပ်ရင်းဘယ်နှစ်ရင်းရှိပြီး ဘယ်ဒေသတွေမှာ အခြေစိုက်လှုပ်ရှားမှာပါလဲ။ မွန်နဲ့ ပဲခူးဆိုရင်လည်း ဘယ်ဒေသတွေ မြို့နယ်တွေ ပါဝင်ပါလဲ။

ဖြေ။ ။ စစ်ဗျူဟာရဲ့အောက်မှာ တပ်ရင်း ၄ ရင်းနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ စစ်ရေးလှုပ်ရှားမှု နယ်မြေတွေကိုတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတွေမှာ အခြေပြုလှုပ်ရှားတာပေါ့။ စစ်ရေးအရ ဒေသတွေကိုတော့ မပြောနိုင်တာကို နားလည်ပေးစေချင်ပါတယ်ခင်ဗျ။

မေး။ ။ ဒီစစ်ဗျူဟာက ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေရော ဘယ်လိုမျိုးလုပ်ဆောင်ဖို့ ရှိ‌နေမလဲ။ ဥပမာ – အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသဖြင့်ပေါ့။

ဖြေ။ ။ အမှတ် -၂၇ စစ်ဗျူဟာရဲ့ဆောင်ပုဒ်ဖြစ်တဲ့ စစ်လည်းတိုက်မယ်၊ ပြည်သူ့အကျိုးပြုလည်း ဆောင်ရွက်မယ်ဆိုတဲ့အတိုင်း ဒေသအတွင်း တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဘဝ ဖူလုံစေဖို့အတွက် အဓိကထား ဆောင်ရွက်တာဖြစ်ပါတယ်။ အမှတ် -၂၇ စစ်ဗျူဟာကလည်း ရှေ့ဆက်ပြီးတော့ စစ်ရေးဖော်ဆောင်ရင်းနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ပြီး တိုင်းပြည်နဲ့ပြည်သူအားလုံးကို ကာကွယ်စောင့်ရှောက်သွားမှာပါခင်ဗျ။

မေး။ ။ NUG ရဲ့ ကာကွယ်ရေးဌာနအောက်က ဒီစစ်ဗျုဟာကို ဖွင့်လှစ်ထားတယ်ဆိုတော့ မူဝါဒတွေ အမိန့်ပေးစီးဆင်းမှုတွေမှာ ဘယ်လိုမူဝါဒတွေ ချမှတ်ထားတာရှိပါလဲ။

ဖြေ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့မူဝါဒဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးစနစ် တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရေးနဲ့ လူမျိုးပေါင်းစုံ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးဆိုတဲ့ မူဝါဒတွေက ကျွန်တော်တို့ အမှတ် -၂၇ စစ်ဗျူဟာရဲ့ မူဝါဒပဲ ဖြစ်ပါတယ်။ အမိန့်စီးဆင်းမှုကတော့ ကျွန်တော်တို့ဝန်ကြီးဌာနမှ သက်ဆိုင်ရာ စစ်ဒေသအလိုက် ပေးပို့ပြီး စစ်ဒေသမှူးများမှ တဆင့် ကျွန်တော်တို့ စစ်ဗျူဟာအသီးသီးကို ဆက်လက်ညွှန်ကြားတာ ဖြစ်ပါတယ်။

မေး။ ။ စစ်ရေးနဲ့ပတ်သက်ပြီး အမှတ် -၂၇ စစ်ဗျူဟာအနေနဲ့ ဘယ်လိုပုံစံနဲ့ လှုပ်ရှားဖို့ရှိမလဲ။ အခြားနီးစပ်တဲ့ EAO တွေ တော်လှန်ရေးအဖွဲ့တွေနဲ့ရော ပူးတွဲပြီး တိုက်ပွဲဖော်ဆောင်တာတွေအထိ ရှိနိုင်မလား။

ဖြေ။ ။ ကျွန်တော်တို့ အမှတ် -၂၇ စစ်ဗျူဟာအနေနဲ့ စစ်ရေးဖော်ဆောင်မှုတွေကို တခြားစီစဉ်ဆောင်ရွက် တာတွေကို လက်ရှိမှာတော့ ကျွန်တော်တို့တွေက ERO တွေ ဦးဆောင်မှုနဲ့အတူ စစ်ရေးဖော်ဆောင်နေ ကြတာပေါ့။ ကျွန်တော်တို့ဆို KNU၊ KNLA နယ်မြေမှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ KNU၊ KNLA ရဲ့ ဦးဆောင်မှုနဲ့ သွားပြီးတော့ ရှေ့ဆက် တော်လှန်ရေးပြီးဆုံးသည်အထိကို လက်တွဲမဖြုတ်ဘဲ ချစ်ချစ်ခင်ခင် လေးလေးနက်နက်နဲ့ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ အခုလို စစ်ဗျူဟာတစ်ခု ဖွင့်လှစ်လိုက်တဲ့အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲမှာ ဘယ်လိုမျိုး အထောက်အကူဖြစ်စေနိုင်မလဲ။ ဘယ်လိုစိန်ခေါ်မှုတွေရော ရှိလာနိုင်မလဲ။

ဖြေ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့အောက်မှာ NUG၊ MOD ရဲ့အောက်မှာ စစ်ရေးဗျူဟာ အသီးသီးဖွဲ့စည်းထားတာ ရှိတယ်။ အခုလိုမျိုး စစ်ဗျူဟာတွေ ဖွဲ့စည်းလိုက်တဲ့အတွက် စစ်ရေး ဆောင်ရွက်ရာမှာ လျင်မြန်တဲ့ အမိန့်စီးဆင်းမှုတွေ တိကျတဲ့လမ်းညွန်မှုတွေ စုဖွဲ့မှုတွေ ပိုမိုလုပ်ဆောင်လာနိုင် ပါတယ်ခင်ဗျ။ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာလည်း ပိုမိုထိရောက်တဲ့ နည်းဗျူဟာတွေ တိုက်ပွဲဖော်ဆောင် တာတွေကို လုပ်ဆောင်နိုင်တာ ဖြစ်ပေါ်လာပါတယ်။ စိန်ခေါ်မှုတွေကတော့ လောလောဆယ်အနေနဲ့ သိပ်မရှိသေးပါဘူးခင်ဗျ။

မေး။ ။ တခြားဖြည့်စွက် ပြောချင်တာရှိဦးမလား။

ဖြေ။ ။ ကျွန်တော်တို့ အမှတ် – ၂၇ စစ်ဗျူဟာနဲ့အတူ ပြည်သူတွေအားလုံးလည်း ဒီစစ်အာဏာရှင် စနစ်ဆိုးကြီးကို အမြန်ဆုံး တိုက်ဖျက်ချေမှုန်းဖို့ ကျွန်တော်တို့နဲ့တူတူ ပူးပေါင်းလက်တွဲကြပါစို့လို့လည်း ကျွန်တော် တိုက်တွန်းချင်ပါတယ်ခင်ဗျ။

သံလွင်တိုင်းမ် ပေးပို့သည်။