28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အခုဆို လနဲ့ချီ စစ်ဘေးရှောင်နေရတဲ့ အခြေအနေဆိုတော့ အရင်က ခဏစစ်ဘေးရှောင်ရာကနေ အခုလနဲ့ချီ ပြောင်းရွေ့နေရတော့ ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေ မရရှိဘူး။ ကျန်းမာရေးဆိုလည်း...

“အခုဆို လနဲ့ချီ စစ်ဘေးရှောင်နေရတဲ့ အခြေအနေဆိုတော့ အရင်က ခဏစစ်ဘေးရှောင်ရာကနေ အခုလနဲ့ချီ ပြောင်းရွေ့နေရတော့ ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေ မရရှိဘူး။ ကျန်းမာရေးဆိုလည်း ဆေးဝါးတွေမရတော့ စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ ခက်တာက အလုပ်အကိုင်တွေလည်း လုပ်လို့မရဘူး” ခုနစ်စဉ်ကြယ်အဖွဲ့ တာဝန်ရှိသူတစ်ဦး

တနင်္သာရီစစ်ဘေးရှောင်များ တွေ့ကြုံနေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး တနင်္သာရီအခြေစိုက် ခုနစ်စဉ်ကြယ်အဖွဲ့တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင် ဦးရေသည် ၇၇,၂၀၀ ဦးကျော်အထိ ရှိလာကြောင်း FE5 Tanintharyi ၏ အစီရင်ခံစာအရ သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်သူအရေအတွက်သည် လျော့ကျသွားခြင်းမရှိဘဲ တဖြည်းဖြည်းတိုးနေကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသူများကပြောသည်။

စစ်ဘေးရှောင်ပြည်သူများသည် စစ်ရှောင်ရသည့်အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အရေပြားရောဂါလိုမျိုး ကူးစက်ရောဂါဖြစ်ပွားလာတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်မှုများလည်း ထွက်ပေါ်လျက်ရှိနေသည်။ ထိုအချိန်မှာပင် စစ်ကောင်စီက တနင်္သာရီတိုင်းရှိ မြို့နယ်ခုနစ်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာတိမ်းရှောင်လာသူ ၁ သောင်းကျော်ကို တစ်ဦးလျှင် ငွေကျပ် ၂ သောင်းနှုန်း ထောက်ပံ့ပေးသည်ဟု ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်း ယာယီနှင့် အမြဲတမ်း နေရပ်စွန့်ခွာနေရသူတို့၏အခြေအနေ၊ စစ်ဘေးရှောင်များကြား ဖြစ်ပွားနေသည့် အရေပြားရောဂါစသည့် ကျန်းမာရေးအခြေအနေ၊ စစ်ကောင်စီ ထောက်ပံ့ကြေးရရှိမှုတို့ အပါ အဝင် စစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို သိရှိနိုင်ရန် စစ်ဘေးရှောင်များကိုကူညီပေး နေသည့် တနင်္သာရီအခြေစိုက် ခုနစ်စဉ်ကြယ်အဖွဲ့တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဦးဆုံး လက်ရှိမှာတနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေနဲ့ အဓိက ကြုံတွေ့နေရပါလဲ။

ဖြေ။ ။ လက်ရှိ တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်တွေက ပိုမိုများပြားလာတဲ့ အခြေအနေမျိုးဖြစ်တယ်။ စစ်ကောင်စီကဗုံးကြဲတာ မြေပြင်မှာထိုးစစ်ဆင်တာတွေ လူသားဒိုင်းလုပ်တဲ့ကိစ္စတွေကြောင့် စစ်ဘေးရှောင်တွေ ပိုမိုများပြားလာတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါးအခက်အခဲနဲ့ အမိုးအကာ၊ အဆောက်အဦးတွေဖြစ်တယ်။ တောထဲနေရတော့ ခြင်ထောင်လိုမျိုးပစ္စည်းတွေ လိုအပ်နေတာပေါ့။ စစ်ဘေးရှောင်တွေက တောတောင်ထဲ စစ်ဘေးရှောင်နေရတော့ လူသားတံတိုင်းအဖြစ်လုပ်နေတော့ မူလနေထိုင်ရာကနေ တခြားနေရာကိုရွေ့တယ်။

အဲဒီနေရာအသစ်မှာလည်း တိုက်ပွဲဖြစ်တော့ ထပ်ပြီးရွေ့ ပြောင်းနေရတဲ့ အခက်အခဲပေါ့။ ပိုပြီး အခြေအနေဆိုး လာတဲ့ အခြေအနေဖြစ်တယ်။ နောက်တခုက ၅ ရက်သို့ ၁၀ ရက် ရှောင်ရတဲ့အခြေအနေဖြစ်တော့ အခုဆို လနဲ့ချီ စစ်ဘေးရှောင်နေရတဲ့ အခြေအနေဆိုတော့ အရင်က ခဏစစ်ဘေးရှောင်ရာကနေ အခု လနဲ့ချီ ပြောင်းရွေ့နေ ရတော့ ဆေးဝါးတွေစားနပ်ရိက္ခာတွေ မရရှိဘူး။ ကျန်းမာရေးဆိုလည်း ဆေးဝါးတွေမရတော့ စိန်ခေါ်မှုတွေ ဖြစ်လာတယ်။ ခက်တာက အလုပ်အကိုင်တွေလည်း လုပ်လို့မရဘူး။ သူတို့ဆီအကူအညီတွေ မရောက်ဘူး ဆိုတော့ စစ်ဘေးရှောင်တွေက ရုန်းကန်နေရတဲ့အခြေအနေကို ရောက်နေတယ်။

မေး။ ။ တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေမှာဆိုရင် အရေပြားရောဂါဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေရော ဘယ်လိုရှိလဲခင်ဗျာ။ ဘယ်အချိန်ကစပြီး လူဦးရေဘယ်လောက်မှာ ဖြစ်ပွားနေပါလဲ။

ဖြေ။ ။ အခုတနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေမှာ အရေပြားရောဂါတွေ ဖြစ်နေတယ်။ ကျန်းမာရေး အဖွဲ့တွေရယ် စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ အဖွဲ့တွေရယ်နဲ့ ကုသတဲ့အပိုင်းကို လုပ်ပေးနေတယ်။ ၂၀၂၄ ဒီဇင်ဘာလလယ်လောက်ကစပြီး ဖြစ်တယ်လို့သိရတယ်။ ၃ လကျော်လောက်တော့ ဖြစ်နေပြီ။ လူဦးရေကတော့ ၅ထောင်ကျော်တော့ အရေပြားရောဂါကို ခံစားနေကြရတယ်။ ၂၀၂၅ နှစ်လအတွင်းမှာဆို အထူးသဖြင့် ဖေဖော်ဝါရီ မှာ တိုးတက်မှုရှိနေတယ်။

မေး။ ။ လက်ရှိဖြစ်ပွားနေတဲ့ အရေပြားရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရတာရှိလဲ။ အဲဒါတွေကို ဘယ်လိုဖြေရှင်းပေးနေလဲ။

ဖြေ။ ။ အရေပြားရောဂါနဲ့ ပက်သက်တဲ့ဆေးဝါးတွေရဖို့ အခက်အခဲရှိတယ်။ အရေပြားရောဂါ ခံစားနေရတာက စစ်ဘေးရှောင်တွေအပြင် ဒေသခံပြည်သူလူထုတွေ တော်လှန်ရေးကရဲဘော်တွေ ခံစားနေရတာဖြစ်တယ်။ အရေပြားရောဂါကို ကုသပေးဖို့အတွက်က အခြေအနေပေးမှုနည်းတယ်။

တိုက်ပွဲတွေဖြစ်တဲ့ အခါမျိုးဆိုရင် ဒီအရေပြားရောဂါကိုကုပေးဖို့ဆိုတာ စစ်ဘေးရှောင်တွေက နေရာအနှံ့မှာ ရောက်နေကြတော့ ကျွန်တော်တို့က ဒီဆေးဝါးတွေကိုရောက်အောင်ပို့ဖို့ အခက်အခဲရှိတယ်။ လက်ရှိမှာတော့ နည်းလမ်းမျိုးစုံနဲ့ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ နောက်ဆုံးတာဝန်ရှိတဲ့ အစုအဖွဲ့တွေနဲ့ပေါင်းပြီးတော့ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။

မေး။ ။ ဒီအရေပြားရောဂါဖြစ်ပွားရတာဟာ ဘာကြောင့်လို့ ထင်ပါလဲ။

ဖြေ။ ။ အရေပြားရောဂါက အဓိကအချက်ကတော့ တစ်က တကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ၊ ရေကြောင့်ဖြစ်တာရယ် ပြောလို့ရတယ်။ ရေသည် သန့်ရှင်းမှုမရှိဘူး။ ရေသန့်ရှင်းမှု အားနည်းမှုရယ် ရေကြောင့် ဖြစ်တာရယ် ကျွန်တော်တို့တွေ့ရှိရတယ်။ သုံးစွဲနေရတဲ့ရေတွေကို ဓာတ်ခွဲခန်းမှာ တိတိကျကျ ပြောဖို့ခက်တယ်။ ဓာတ်ခွဲခန်းမှာ တကိုယ်ရည်သန့်ရှင်းမှု မရှိတာကြောင့်လို့ လောလောဆယ်မှာတွေ့ရှိရတယ်။

မေး။ ။ စစ်ဘေးရှောင်တစ်ဦးကို တစ်လလျှင်နှစ်သောင်းကျပ်နဲ့ တစ်နှစ်တိတိကို စစ်ကောင်စီဘက်က တနင်္သာရီတိုင်းကစစ်ဘေးရှောင်တွေကို ထောက်ပံ့ကြေးပေးအပ်နေတယ်ဆိုတာက အခြေအနေဘယ်လိုရှိပါလဲ။

ဖြေ။ ။ တကယ်ရတယ်ဆို ကောင်းတယ်ပေါ့။ ကျွန်တော်တို့တွေ့ထားတဲ့ လက်ရှိ တနင်္သာရီစစ်ဘေးရှောင်တွေ မှာ အုပ်စုနှစ်စု နှစ်မျိုးကွဲတယ်။ တိုက်ပွဲတွေ ဖြစ်တယ်။ စစ်ဘေးရှောင်ကြတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေက ဆွေမျိုးတွေရှိတဲ့ မြို့ပြတွေကို စစ်ဘေးရှောင်တာရှိတယ်။ စစ်ဘေးရှောင်တွေက သူတို့ကျေးရွာကပတ်ဝန်းကျင်မှာ ရှောင်ပြေးရတဲ့ဟာမျိုး ဖြစ်တယ်။ အထူးသဖြင့် နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံရတယ်။ စာသင်ကျောင်း၊ တောတောင်တွေမှာ ခိုလှုံရတယ်။

စစ်ဘေးရှောင်တွေကို စစ်ကောင်စီက မြို့တော်ခန်းမမှာ ပိုက်ဆံခေါ်ပေးတယ်ဆိုတာ တကယ်ဒုက္ခခံရတဲ့ စစ်ဘေးရှောင်တွေဖြစ်လားဆိုတာရယ် ဖြစ်တယ်ဆို စစ်ဘေးရှောင်တွေအတွက် ကောင်းတယ်ပြောလို့ရတယ်။ စစ်ကောင်စီကနေ တနင်္သာရီကစစ်ဘေးရှောင်တွေကို ထောက်ပံ့ကြေးပေးတာနဲ့ပတ်သက်ပြီး တကယ့် စစ်ဘေးရှောင်စစ်စစ်တွေ ဒုက္ခခံစားနေရတဲ့ပြည်သူတွေကို ပေးတယ်ဆိုရင် ဘာမှပြောစရာမလိုဘူး။ မဟုတ်ဘူး ဆိုရင် ဒီဟာသည် စကစက ဟန်ပြလုပ်တာ၊ ဒီဟာကိုအပြလုပ်ပြီး သူတို့ရဲ့အကျိုးအမြတ်အတွက် ပြည်သူလူထုက သူတို့အပေါ်မြင်နေတဲ့အမြင်ကို ပြောင်းလဲချင်လို့ နိုင်ငံရေးအရ အသုံးချချင်လို့ဆို ဒါက မလုပ်သင့် မလုပ်ထိုက်ဘူး လို့ ပြောချင်တယ်။

သံလွင်တိုင်းမ် ပေးပို့သည်။