နာဂပြည်သူ့ကာကွယ်ရေးတပ် (NPDF) ၏ ရပ်တည်မှုနှင့် မူဝါဒ၊ လက်ရှိလှုပ်ရှားဖော်ဆောင်နေသော အခြေအနေများနှင့် ပတ်သက်ပြီး NDPF တပ်၏ တာဝန်ရှိတစ်ဦးဖြစ်သည့် ဗိုလ်လင်းယုန်ကို ဆက်သွယ်မေးမြန်းချက်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး စစ်ကောင်စီက နိုင်ငံအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာပြည် အနှံ့က လူငယ်များသည် စစ်အာဏာဆန့်ကျင်တိုက်ခိုက်ရေး သာမက ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး ရည်ရွယ်ချက်များဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို နယ်မြေဒေသအသီးသီး၌ ဖွဲ့စည်းလာကြသည်။
ထိုသို့ဖွဲ့စည်းခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် နာဂပြည်သူ့ကာကွယ်ရေးတပ် (NPDF) အဖွဲ့သည်လည်း ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်း စတင်ဖွဲ့စည်းပေါ်ပေါက်လာပြီး လက်ရှိတွင် နာဂဒေသ နာဂခရိုင်အမှတ် (၁) တပ်ရင်းအဖြစ် ရပ်တည်နေတာလည်း ဖြစ်သည်။
နာဂဒေသသည် ကချင်ပြည်၊ ဖားကန့်ဒေသနှင့် ထိစပ်နေသော ဒေသတစ်ခုဖြစ်တာကြောင့် နာဂပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၂ ခုနှစ်ကတည်းက KIO/KIA တပ်များနှင့် မဟာမိတ်ဖွဲ့ပြီး စစ်ရေး လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားလျက် ရှိနေပြီဖြစ်သည်။
နာဂပြည်သူ့ကာကွယ်ရေးတပ်သည် ဖားကန့်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၃၈ နှင့် အနီးဆုံးဖြစ်သောကြောင့် ယင်းနယ်မြေထဲ ရောက်ရှိနေပြီး ဆယ်ဇင်းဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် KIA တပ်နှင့် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြသည်။
ယခုလို မြန်မာပြည်မြောက်ဖျားပိုင်းက ဝေးလံခေါင်ပါးပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် နာဂဒေသထဲက နာဂပြည်သူ့ကာကွယ်ရေးတပ် (NPDF) ၏ ရပ်တည်မှုနှင့် မူဝါဒ၊ လက်ရှိလှုပ်ရှားဖော်ဆောင်နေသော အခြေအနေများနှင့် ပတ်သက်ပြီး NDPF တပ်၏ တာဝန်ရှိတစ်ဦးဖြစ်သည့်် ဗိုလ်လင်းယုန်ကို ဆက်သွယ်မေးမြန်းထားပါသည်
မေး။ ။ ပထမဦးဆုံးအနေနဲ့ NPDF တပ်ဖွဲ့ ရပ်တည်မှုအခြေအနေနဲ့ မူဝါဒကို ပြောပြပေးပါဗျ။
ဖြေ။ ။ ရပ်တည်နေတဲ့အခြေအနေက ကျွန်တော်တို့ NPDF လက်ရှိအခြေအနေမှာ ဘယ်လိုလဲဆို NUG လက်အောက်ကနေ သွားနေတဲ့တပ်ရင်းပေါ့နော်။ နာဂခရိုင် အမှတ် (၁) တပ်ရင်းအနေနဲ့ကျွန်တော်တို့သွားနေတဲ့ တပ်ရင်း ဖြစ်ပါတယ်။ မူဝါဒအနေနဲ့ကတော့ ကျွန်တော်တို့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့အောက်က ဖြစ်တဲ့အတွက်ကြောင့် ပြီးတော့နောက် MOD ရဲ့ ထိန်းချုပ်မှုအောက်ကနေ သွားနေတဲ့အတွက်ကြောင့် NUG ၊MOD ရဲ့ လမ်းညွန်ချက် မူဝါဒအတိုင်းပဲ သွားနေတာဖြစ်တယ်။ ကျွန်တော်တို့ အခုတော်လှန်နေတာက မင်းအောင်လှိုင်ကို ပုဂ္ဂိုလ်ရေးမုန်းတီးလို့ ကျွန်တော်တို့ တော်လှန်နေတာမဟုတ်ဘူးလေနော်။ ကျွန်တော်တို့မှာ ဖယ်ဒရယ်ဆိုတဲ့ စနစ်တစ်ခုကိုလိုချင်လို့ ကျွန်တော်တို့တော်လှန်နေကြတာ အားလုံးတန်းတူညီမျှရရှိရေး လူတစ်ဦးရဲ့အခွင့်အရေး အပြည့်အဝရရှိရေးအတွက် ကျွန်တော်တို့က တော်လှန်နေတာ အဲ့အတွက်ကြောင့် ဆက်လက်ပြီး တိုက်ပွဲဝင်နေတာဖြစ်တယ်။
မေး။ ။ NPDF အနေနဲ့ အခြားသော EAO တွေ PDF တပ်ဖွဲ့တွေနဲ့ မဟာမိတ်လုပ်ဆောင်ထားတာမျိုးရှိပါလား။
ဖြေ။ ။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းတစ်တိုင်းလုံးက KIA၊ KIO ရဲ့လမ်းညွန်မှုအမိန့်အောက်မှာ သွားနေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့နာဂဒေသက KIA တပ်မဟာ ၉ နဲ့ အနီးစပ်ဆုံးဖြစ်တယ်။ ကျွန်တော်တို့က တပ်မဟာ ၉ တပ်ရင်း ၃၈ နဲ့ အနီးစပ်ဆုံးဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ KIO ၊ KIA နဲ့ လာရောက်ပြီးတော့ မဟာမိတ်ဖွဲ့ ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက ဒီမှာရောက်ရှိနေပြီးတော့ ဆယ်ဇင်းတိုက်ပွဲတွေမှာ လက်တွဲပြီး တော့ လုပ်ဆောင်နေတယ်။ ပြီးတော့ စစ်အတွေ့အကြုံအရရော ၊အဖက်ဖက်ကနေ ကျွန်တော်တို့ နောင်တော်ကြီး နဲ့ပူးပေါင်းပြီး စစ်အာဏာရှင်ကျရှုံးရေးမှာ ဆက်လက်ပြီးတိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
မေး။ ။ NPDF တပ်ဖွဲ့က နာဂလူငယ်တွေနဲ့ပဲ သီးသန့်ဖွဲ့စည်းထားတာပါလား။ တခြားလူမျိုးထဲက လူငယ်တွေရော ပါဝင်သေးလား။
ဖြေ။ ။ NPDF မှာဆိုရင် ကျွန်တော်တို့နာဂလူငယ်တွေပါတယ်။ ဗမာလူမျိုးတွေလည်း ပါတယ်။ ချင်းလူမျိုးတွေလည်း ပါတယ်။ ရှမ်းတွေလည်း ပါတယ်။ အဲ့လိုမျိုးပေါ့။ ပြည်သူတွေ စုပေါင်းပြီးတော့ အတူတူလက်တွဲပြီးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မေး။ ။ NDPF မှာ CDM ရဲနဲ့ စစ်သားတွေရော ပါဝင်လားဗျ။
ဖြေ။ ။ ဟုတ်တယ်ဗျ အခုကျွန်တော်တို့ ၂၀၂၁ ခုနှစ် တော်လှန်ရေးကာလတုန်းက CDM လုပ်ထားတဲ့ သုံးရစ်ဆရာအဆင့်တောင် ကျွန်တော်တို့မှာ ရှိတယ်။ ပြီးကျန်တဲ့ စစ်ဖက်ဆိုင်ရာနဲ့ ရဲဌာနတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတာရှိတယ်။ ပြီးတော့ ထွေအုပ်လိုမျိုးအဖွဲ့အစည်းထဲကတွေရှိတယ်။
မေး။ ။ NPDF အနေနဲ့ လက်ရှိ ဘယ်နေရာ၊ ဘယ်ဒေသတွေမှာ အဓိက ပါဝင်ဆောင်ရွက်နေပါလဲ။
ဖြေ။ ။ အဓိက ကျွန်တော်တို့လှုပ်ရှားနေတာကတော့ အခုလောလောဆယ်မှာ ကျွန်တော်တို့က အဖက်ဖက်ကနေ အားနည်းနေတာပေါ့ဗျာ။ လက်နက်ခဲယမ်းသော်လည်းကောင်း၊ လူအင်အားသော်လည်းကောင်း အားနည်းတယ်။ ပြီးတော့ ကျွန်တော်တို့နာဂဒေသမှာ လှုပ်ရှားဖို့က ကျွန်တော်တို့မှာ လက်နက်အင်အားမရှိဘူး။ ပြီးတော့ အောက်ပြည်အောက်ရွာမှာ ဥပမာ- ကျွန်တော်တို့ စစ်ကိုင်းတိုင်းထဲသော်လည်းကောင်း နွေဦး တော်လှန်ရေးကို ချုံ့ကြည့်လိုက်ရင် ကျွန်တော်တို့က စကစ သော်လည်းကောင်း၊ ပြီးတော့ ရဲဌာန ပြီးတော့ ပျူစောထီး အဲ့လိုသုံးပိုင်းလောက်နဲ့ ဖိုက်နေရတဲ့အချိန်မှာ ကျွန်တော်တို့နာဂဒေသကမှာက စစ်မျက်နှာက သုံးခု မကဘူး။ နာဂဒေသမှာက နာဂလက်နက်ကိုင်တွေလည်း အများကြီးရှိလာတယ်။ အဲ့ဒီအများကြီးထဲမှာလည်း တချို့ဆိုလည်း ကျွန်တော်တို့ကြားရသလောက်က စကစနဲ့ ပူးပေါင်းနေတဲ့အပိုင်းတွေလည်း အများကြီးရှိတယ်။ အဲ့ကြောင့် ဒီဒေသမှာ လက်နက်ခဲယမ်း မရှိပဲနဲ့ရပ်တည်ဖို့က အင်မတန်မှခက်ခဲပါတယ်။ အဲ့ကြောင့် ကျွန်တော်တို့က တပ်ရင်းရုံးအနေနဲ့သော်လည်းကောင်း၊ စစ်ဆင်ရေးအနေနဲ့သော်လည်းကောင်း ၂၀၂၂ ဒီဇင်ဘာလ ကတည်းက ကချင်ပြည်နယ်ဘက်မှာ လာရောက်ပူးပေါင်းပြီးတော့ ဒီနေ့ဒီချိန်ထိ မဟာမိတ်အနေနဲ့ စကစကို တော်လှန်နေတယ်။
မေး။ ။ ပြီးတော့ နာဂဒေသမှာက နဂိုကတည်းက NSCN-K ဆိုတဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့ ရှိထားတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ပေးထားတယ်ပေါ့။ အခု NSCN-K နဲ့ NPDF ရဲ့ဆက်ဆံရေးက ဘယ်လိုရှိပါလဲဗျ။
ဖြေ။ ။ သူတို့(NSCN-K) ကတော့ ကျွန်တော်တို့ စစထွက်လာကတည်းက သူတို့နဲ့ကျွန်တော်တို့နဲ့က ပြဿနာ ဖြစ်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တို့က မြင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ပေါ်လစီက သီးသန့် ရှိပြီးသားလေနော်။ ကျွန်တော်တို့က ကျွန်တော်တို့နာဂလူမျိုးအတွက်ပဲ လုပ်နေတာမဟုတ်ဘူး၊ ၁၃၅ မျိုးသော တိုင်းရင်းသား ၅၄ သန်းသော ပြည်သူတွေအတွက် အလုပ်လုပ်နေတာ။ ဒါကြောင့် ကျွန်တော်တို့နဲ့ ခံယူချက်ခြင်း သော်လည်းကောင်း ကျွန်တော်တို့နဲ့ ပေါ်လစီခြင်းက ကွဲပြားသွားပြီလို့ မြင်တယ်။ သူတို့ကလည်း ကျွန်တော်တို့ကို ဖိအားပေးတာ မရှိဘူး။ ပြီးတော့ NUG ကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေကို အမြဲတမ်းတံခါးဖွင့်ပြီး ကြိုဆိုနေတာပဲလေနော် ။
မေး။ ။ နာဂဒေသက ဝေးလံခေါင်ဖျားဒေသလည်းဖြစ်တယ် ပြီးတော့ လမ်းပမ်းဆက်သွယ်ရေးကလည်း အင်မတန် ခက်ခဲတဲ့ဒေသဖြစ်တယ်။ အဲ့လိုဒေသမှာ NPDF တပ်ဖွဲ့တွေ ရပ်တည်ဖို့ဆိုရင် အဓိက စိန်ခေါ်မှု၊ ပြဿနာတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ အဓိက စိန်ခေါ်မှုနဲ့ ပြဿနာကတော့ ခုနပြောသလိုပဲ နာဂဒေသက တိုင်းရင်းသားဒေသတွေထဲမှာ အခေါင်ဆုံး အခက်ခဲဆုံး၊ တနေ့လုပ်မှတနေ့စားရမှာ ဖြစ်တဲ့အတွက်ကြောင့် တခြားဒေသက တိုင်းရင်းသားတွေ ထက်စာရင် ကျွန်တော်တို့က အတော်လည်းခက်ခဲပါတယ်။ တခြားဒေသကကြတော့ ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ဆိုတော့ ၆၀ ရာခိုင်နှုန်းလောက်က ဖြစ်နိုင်တယ်။ ကျွန်တော်တို့မှာ ၂၅ ရာခိုင်နှုန်းလောက်တောင် မရှိဘူး။ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတယ်။ ပြီးတော့ အခုကျွန်တော်တို့ တိုက်နေတဲ့စနစ်ကြီးကို ပြည်သူတွေ နားမလည်နိုင်အောင် စစ်တပ်က နာဂဒေသကို အမှောင်ဖုံးထားတယ်လို့ ကျွန်တော်တို့က မြင်တယ်။ အဲ့ဒါကြောင့် လက်နက်ခဲယမ်းခက်ခဲသလို ကျွန်တော်တို့ရဲ့စားဝတ်နေရေး အစစအရာရာ ခက်ခဲတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
KNG ပေးပို့သည်။