“အခု ၁၀၂၇ စစ်ဆင်ရေးနဲ့ ကျွန်တော်တို့နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင် ကျွန်တော်တို့ ၂၅ ရက်နေ့ ညကမှ စထွက်ရပါတယ်။ ဒရုန်းတွေစပြီးတော့ တိုက်ပွဲဧရိယာထဲကို ထွက်ရပါတယ်။ ၂၆ ရက်နေ့ ညကနေစလိုက်တာ အခုဒီနေ့အထိ တစ်ရက်မှ မနားရပါဘူး။ နေ့ရောညရော ဒရုန်းမကြဲရတဲ့နေ့ မရှိဘူး။ ဒရုန်းမကြဲရတဲ့ည မရှိဘူး” ကိုငြိမ်း – Cloud Wings ဒရုန်းအဖွဲ့တာဝန်ခံ

By MPM 24 နိုဝင်ဘာ, 2023 👁

စစ်ရေးအရှိန်မြှင့်တင်သွားမယ့် ဒရုန်းစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး Cloud Wings ဒရုန်းအဖွဲ့ တာဝန်ခံကိုငြိမ်းနဲ့ ဆက်သွယ်မေးမြန်းချက်။

နိုင်ငံတဝန်းရှိ တိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်စခန်းတွေ လက်လွှတ်နေရပြီး အင်အားပေါင်းစည်းရတဲ့အထိ အထိနာနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံလာပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကို ပြောင်းလဲလာတဲ့စစ်နည်းဗျူဟာအရ မဟာဗျူဟာကျကျ အမြန်ဆုံးထိရောက်စွာ ကာကွယ်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဘက်က ကြွေးကြွော်ထားတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းကာလအတွင်း ဒရုန်းစစ်ဆင်ရေးဖော်ဆောင်မှု၊ တိုက်ပွဲဆင်နွှဲဖို့ ကြိုတင်ပြင်ဆင်ရတဲ့အခြေအနေ၊ ကုန်ကျစရိတ်များအပါအဝင် စစ်ရေးအရှိန်မြှင့်တင်သွားမယ့် ဒရုန်းစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေအတွင်းလှုပ်ရှားနေတဲ့ Cloud Wings ဒရုန်းအဖွဲ့တာဝန်ခံ ကိုငြိမ်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဒရုန်းစစ်ဆင်ရေးတွေကို ဘယ်လိုနေရာတွေမှာ ဘယ်လိုပုံစုံတွေနဲ့ ဖော်ဆောင်တာတွေ လုပ်ဆောင်နေပါလဲ။ ရှင်းပြပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့ ဒရုန်းတပ်ဖွဲ့တွေက ရန်သူရဲ့စစ်ဖက်ဆိုင်ရာပစ်မှတ်တွေ သူ့ရဲ့အုပ်ချုပ်ရေးဆိုင်ရာ ပစ်မှတ်တွေစသဖြင့် ဒီလိုနေရာမျိုးတွေကို ပြောက်ကျားနည်းအားဖြင့် တိုက်ခိုက်ရတာမျိုးတွေရှိတယ်။ ရန်သူရဲ့ အမြှောက်ကုန်းတွေ၊ ရန်သူရဲ့လေယာဉ်ကွင်း စသဖြင့်ပေါ့၊ ရန်သူရဲ့စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို တဖက်မှာ အာရုံစိုက်မှုပျက်ပြားအောင် နှောင့်ယှက်ဟန့်တားပြီး တိုက်ခိုက်ရတာမျိုးတွေ ရှိတယ်။ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေ စစ်ကြောင်းတွေနဲ့အတူတူ တဖက်ရန်သူနဲ့ စခန်းသိမ်းတိုက်ပွဲပဲဖြစ်ဖြစ်၊ စစ်ကြောင်းဖြတ်တာမျိုးပဲဖြစ်ဖြစ် ရင်ဆိုင်တိုက်ပွဲ ထိတွေ့တိုက်ပွဲတွေ လုပ်ရတာမျိုးတွေ ရှိတယ်။ ဒရုန်းတွေက စစ်ဆင်ရေးပေါ်မူတည်ပြီး သူ့နည်း သူ့ဟန်နဲ့တော့ ထိတွေ့ရမှုတွေကတော့ ရှိကြတာအမှန်ပဲ။

မေး။ ။ ဒရုန်းတပ်ဖွဲ့တွေအနေနဲ့ ဒရုန်းစစ်ဆင်ရေးမှာ ထိထိရောက်ရောက်ဖြစ်ဖို့ ဘယ်လိုတွေ ပြင်ဆင်ဆောင်ရွက်ရပါလဲ။

ဖြေ။ ။ ဒရုန်းစစ်ဆင်ရေးမှာ ဝေဟင်ပေါ်ပျံတက်ဖို့ စစ်ရေးပစ်မှတ်တစ်ခုကို အောင်မြင်စွာ ဗုံးကြဲတိုက်ခိုက်နိုင်ဖို့ အတွက် သူ့မှာပါဝင်နေတဲ့ လုပ်ဆောင်ရတဲ့ အစိတ်အပိုင်းတွေ၊ လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်။ တိုက်ခိုက်ရေး လုပ်ရတဲ့အတွက် စက်တွေကို ပြုပြင်ထိန်းသိမ်းရတဲ့အပိုင်းတွေ ရှိတယ်။ ဒီပစ္စည်းတွေ မကြာခဏပျက်တာတွေ ရှိတယ်။ မစ်ရှင်တစ်ခုအောင်မြင်ဖို့က သမရိုးကျ မြေပြင်ချေမှုန်းရေးထက်ပိုပြီး အလုပ်ရှုပ်ရတာပေါ့။ ပါဝင်ပတ်သက်နေတဲ့ တစ်ခုချင်းစီကိုလည်း ကျွန်တော်တို့က လစ်ဟာလို့မရဘူး။ အခုလို ရင်ဆိုင်တိုက်ပွဲ ဖြစ်ပြီပေါ့။ ကျွန်တော်တို့ချောင်းနှစ်ခွလိုမျိုး တစ်ပတ်တာကာလအတွင်းမှာ ဗုံးသီးတွေ ၂၀၀ ကျော် ကြဲရတယ်။ ဗုံးသီးတွေ ကလည်း ပုံမှန်အားဖြင့် လက်နက်ကြီး၊ ပြောင်းတွေကနေပစ်ထုတ်ရတဲ့ ဗုံးသီးအမျိုးအစားတွေကို သဏ္ဍာန် ပြောင်းရပြီး တိုက်ခိုက်လို့ရအောင် ပြင်ထားရတာပေါ့။ အချိန်တိုကာလအတွင်း လက်နက်ကြီးပြောင်း ကနေ အဲဒီလောက်အတိုင်းအတာအထိ ပစ်ထုတ်ဖို့ဆိုတာလည်း မလွယ်ကူဘူးပေါ့။

အဓိကပြောချင်တာက တိုက်ပွဲအခြေအနေပေါ် မူတည်ပြီးတော့ တက်လာတဲ့ ဗုံးသီးတွေ ကုန်ကျစရိတ်ပေါ့၊ ကြဲချတိုင်းမှာ တက်လာတဲ့ ဗုံးသီးတွေရဲ့စရိတ်၊ စက်ပစ္စည်းတွေရဲ့ ပြုပြင်ထိန်းသိမ်းရစရိတ် ပြီးရင် ပစ္စည်းတွေရဲ့ ပျက်စီးမှုပေါ့၊ ဒီစက်တွေ အကုန်လုံးက သူ့သက်တမ်းလေးတွေရှိတယ်။ ဘယ်နှစ်ကြိမ်ပဲ သုံးလို့ရတယ်။ ဘယ်လောက်သုံးလို့ရတယ် စသဖြင့်ပေါ့။ ပြန်လည်လဲလှယ်သေးတာပေါ့။ အစစအရာရာပေါ့။ ဒရုန်းစစ်ဆင်ရေး တစ်ကြိမ်သွားတိုင်း လုပ်နိုင်ဖို့အတွက် ပါဝင်ရတဲ့အစိတ်အပိုင်းတွေ အားလုံးပေါင်းလိုက်ရင် ဒရုန်းတစ်စင်းရဲ့ စစ်မြေပြင်ကိုသွားနိုင်ဖို့ အခြေအနေက တော်တော်ကိုဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်ပေါ့။ ကျွန်တော်တို့ ကုန်ကျစရိတ်ကြီးမားမှုဒဏ်ကိုလည်း ခံရတယ်။ ဗုံးသီးတွေကြဲတိုင်း တက်လာတဲ့ ကုန်ကျစရိတ်ကြီးမားမှု တော်တော်များများ ရှိပါတယ်။

မေး။ ။ နောက်တစ်ခုက ဒရုန်းစစ်ဆင်ရေးတစ်ခုအတွက် ကုန်ကျစရိတ်က ဘယ်လောက်ထိကြီးမားပါလဲ။

ဖြေ။ ။ ဒရုန်းအဖွဲ့တွေက လူအင်အားများများနဲ့ ကျွန်တော်တို့ စစ်ဆင်ရေးဆောင်ရွက်တာမျိုးထက် အဓိက ပစ္စည်း၊ နည်းပညာစက်ပစ္စည်းပေါ့။ ဒါကိုအားပြုအခြေပြုပြီး တိုက်ပွဲဝင်ရတာဖြစ်တယ်။ ဒရုန်းတစ်စင်းကို ပျှမ်းမျှ လူ ၅ ယောက်လောက် သုံးရတယ်ပေါ့။ ဒရုန်းတစ်စင်း လူ ၅ ယောက်၊ ၆ ယောက် မစ်ရှင်တစ်ပွဲစာစရိတ်က မြေပြင်တပ်ခွဲ တစ်ခွဲသွားရတဲ့စရိတ်နဲ့ မတိမ်းမယိမ်းပေါ့။ စကစမြေပြင်စစ်ကြောင်းတွေက လေကြောင်းပစ်ကူ ယူသလိုပဲ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒရုန်းစစ်ဆင်ရေးက လက်နက်ကြီးတွေ ကြဲချတာကို မြေပြင်နဲ့ သွားနေကြတာတော့ ရှိပါတယ်။

မေး။ ။ လက်ရှိ တော်လှန်ရေးအရှိန်ကလည်း အားကောင်းလာတယ်၊ အဖက်ဖက်က စစ်ကောင်စီတပ်ကို ဝိုင်းတိုက်နေချိန်မှာ ဒရုန်းစစ်ဆင်ရေးတွေကရော ဒီထက်ပိုပြီးစစ်ရေးအရှိန်မြှင့်ဖို့ ရှိနေမလား။

ဖြေ။ ။ လက်ရှိက တော်လှန်ရေးအရှိန်က ကောင်းနေတယ်ပေါ့။ ကျွန်တော်တို့ Cloud Wings ဒရုန်းအဖွဲ့ အနေနဲ့ ရှေ့ကာလကို မပြောတော့ဘူး။ ရှေ့မှာလည်း ကျွန်တော်တို့ မနားရပါဘူး။ တစ်လမှာတစ်ပတ်လောက် နားရရင် တော်တော်နားရတယ်လို့ ပြောလို့ရပါတယ်။ အခု ၁၀၂၇ စစ်ဆင်ရေးနဲ့ ကျွန်တော်တို့နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင် ကျွန်တော်တို့ ၂၅ ရက်နေ့ ညကမှ စထွက်ရပါတယ်။ ဒရုန်းတွေစပြီးတော့ တိုက်ပွဲဧရိယာထဲကို ထွက်ရပါတယ်။ ၂၆ ရက်နေ့ ညကနေစလိုက်တာ အခုဒီနေ့အထိ တစ်ရက်မှမနားရပါဘူး။ နေ့ရောညရော ဒရုန်းမကြဲရတဲ့နေ့ မရှိဘူး။ ဒရုန်းမကြဲရတဲ့ ည မရှိဘူး။ နေရာဒေသတွေသာ ကွဲရင်ကွဲသွားမယ်။ မြေပြင် တပ်ဖွဲ့တွေ၊ စစ်ကြောင်းတွေ၊ EROတွေ စသဖြင့်ပေါ့။

ဒါတွေမြှင့်တင်လိုက်တဲ့ စစ်ရေးအရှိန်၊ တော်လှန်ရေးအရှိန်နဲ့ တပြိုင်နက်ထဲမှာ ဒရုန်းတွေရဲ့ပါဝင်ပတ်သက်မှု၊ တိုက်ခိုက်မှုတွေကလည်း တပြိုင်တည်း မြှင့်တင်ပြီးသား ဖြစ်တာပေါ့လေ။ ကျွန်တော်ရှေ့မှာလည်း ပြောပြထားသလိုပဲ။ ကျွန်တော်တို့ ဟန်ချက်ညီညီသွားနေတဲ့ပုံစံက မြေပြင်၊ ဝေဟင် စသဖြင့်ပေါ့။ မြေပြင်ကနေ ပူးပေါင်းစစ်ကြောင်းတွေနဲ့ ဒရုန်းတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မိမိနဲ့ စစ်ဆင်ရေးတွေ ကို ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြေပြင်တော်လှန်ရေးအဖွဲ့တွေရဲ့ အရှိန်မြှင့်လေလေ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေရဲ့ ပူးပေါင်းစစ်ကြောင်းတွေနဲ့ ကျွန်တော်တို့ ဒရုန်းတပ်ဖွဲ့ ချိတ်ဆက်မိမိနဲ့ ဒရုန်းတပ်ဖွဲ့ရဲ့ စစ်ရေးအရှိန်မြှင့်မှုကလည်း တပြိုင်နက်တည်းမှာ ရှိနေမှာပါ။

သံလွင်တိုင်းမ် ပေးပို့သည်။