27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အကြိုကောလိပ် မဖွင့်နိုင်သေးတဲ့ မြို့နယ်၊ ဒေသအချို့မှာ ဖွင့်နိုင်တဲ့ မြို့နယ်၊ ဒေသကို သွားလာနိုင်ဖို့က လမ်းပန်းဆက်သွယ်ရေးက အခက်အခဲတွေ အများကြီးကြုံရတယ်။ အကြိုကောလိပ်တန်းအတွက်...

“အကြိုကောလိပ် မဖွင့်နိုင်သေးတဲ့ မြို့နယ်၊ ဒေသအချို့မှာ ဖွင့်နိုင်တဲ့ မြို့နယ်၊ ဒေသကို သွားလာနိုင်ဖို့က လမ်းပန်းဆက်သွယ်ရေးက အခက်အခဲတွေ အများကြီးကြုံရတယ်။ အကြိုကောလိပ်တန်းအတွက် စာကြည့်တိုက်တို့၊ အင်တာနက်တို့ ဆက်သွယ်ရေးကလည်း အခက်အခဲရှိပါတယ်။ မူလတန်းကျောင်းသူ/သားတွေက စာရေးကိရိယာတွေ၊ ပုံနှိပ်စာအုပ်တွေ အရမ်းခက်ခဲပါတယ်” ချင်းပြည်ပညာရေးဝန်ကြီး Salai Cross Thang

ချင်းတော်လှန်ရေးနှင့်အတူ ချင်းပြည် ပညာရေးကဏ္ဍအပြောင်းအလဲ အကောင်အထည်ဖော် စီမံဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး ချင်းပြည်ပညာရေးဝန်ကြီး Salai Cross Thang နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းပြီးနောက် ချင်းလက်နက်ကိုင်တော်လှန်ရေး ၃ နှစ်ကျော်လာချိန်တွင် နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့်အတူ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ကို CNF ဦးဆောင်သည့် ချင်းအင်အားစုက ဖွဲ့စည်းခဲ့သည်။

ချင်းပြည်အစိုးရကိုဖွဲ့စည်းပြီး ၈ လအကြာတွင် ချင်းပြည် ပညာရေးကဏ္ဍကို ဦးဆောင်သူများက ချင်းတော်လှန်ရေးနှင့်အတူ ချင်းပြည် ပညာရေးအပြောင်းအလဲကိုလည်း လျင်လျင်မြန်မြန် အကောင်အထည်ဖော်လာနေသည်။

မိသားစုနှင့်အတူ အိုးအိမ်စွန့်ခွာထွက်ပြေးကြရသည့် ချင်းကလေးငယ်နှင့်အတူ ချင်းလူငယ်များ၊ CDM ပြုလုပ်ထားသည့် ချင်းကျောင်းသူကျောင်းသားများ၊ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ရောက်သွားသည့်လူငယ်များ စသဖြင့် ထောင်နှင့်ချီသော ချင်းလူငယ်များ ပညာဆက်လက်သင်ယူနိုင်ရေး၊ ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများ မဆုံးရှုံးစေရန်နှင့် ကျောင်းသားလူငယ်များ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဖော်ဆောင်နေသည်ဟု ချင်းပြည် ပညာရေးကဏ္ဍ ဦးဆောင်နေသူများက ပြောဆိုသည်။

ချင်းပြည် ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၅- ၂၀၃၀) ကို ရေးဆွဲအကောင်အထည်ဖော်နေသလို အဆင့်မြင့်ပညာကဏ္ဍမှ ချင်း အမျိုးသားတက္ကသိုလ် (Chin National University/CNU) ကို စတင်တည်ထောင်ရန်စီစဉ်နေပြီး ကျောင်းသူ/ကျောင်းသားများကို မကြာမီ ခေါ်ယူတော့မည်ဟု ဆိုပါသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ချင်းပညာရေးဝန်ကြီးဌာနအောက်တွင် ကနဦးစာရင်းများအရ ကျောင်းသူ/ကျောင်းသား ၅ သောင်းကျော် ပညာသင်ယူနေသလို မကြာမီဖွင့်လှစ်မည့် အဆင့်မြင့်ပညာတက္ကသိုလ်တွင်လည်း ကျောင်းသူ/ကျောင်းသား ရာချီကို လက်ခံသင်ကြားပေးတော့မည်ဖြစ်သည်။

ချင်းပြည် တည်ဆောက်ရေးနှင့်အပြိုင် လိုအပ်လာမည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးမည့် ချင်းတော်လှန်ရေးအင်အားစုတို့၏ ချင်းပြည် ပညာရေးကဏ္ဍ အပြောင်းအလဲနှင့် စီမံဆောင်ရွက်မှု အခြေအနေများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ချင်းပြည် ပညာရေးဝန်ကြီး Salai Cross Thang ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တော်လှန်ရေးကာလမှာ ချင်းအမျိူးသားတက္ကသိုလ် (CNU) ကို ဖွင့်လှစ်ခွင့်ပြုလိုက်ပြီးလို့ သိရပါတယ်။ ဖွင့်လှစ်ခွင့်ပြုလိုက်ပြီးဆိုတော့ ဘာတွေဆောင်ရွက်နေပါပြီလဲ။

ဖြေ။ ။ ဝန်ကြီးဌာနကနေ အမိန့်ကြေညာချက်ထုတ်တာက ဖွင့်လှစ်ခွင့်ပြုတဲ့အမိန့်ပေါ့နော်။ CNU က စစချင်းမှာ အကြိုကောလိပ်အစီအစဉ်နဲ့ပဲ စဦးမှာဖြစ်တယ်။ CNU ရဲ့ ပထမနှစ်သင်တန်း၊ ဒုတိယနှစ်သင်တန်းတို့ကို တိုက်ရိုက် တက်ခွင့်ရကြမှာ မဟုတ်ဘူး။ CNU တက်မယ့်သူတိုင်းသည် ၈ လ ကြာမြင့်မယ့် အကြိုကောလိပ်ဒီပလိုမာသင်တန်း အစီအစဉ်ကို အရင်ဦးစွာတက်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဝန်ကြီးဌာန စာမျက်နှာမှာလည်း တင်ပြီးသားဖြစ်ပါတယ်။ အကြိုကောလိပ်တန်းပြီးတဲ့လူတွေမှပဲ တက္ကသိုလ်ရဲ့သင်တန်းတွေကို တက်ခွင့်ရကြမှာဖြစ်ပါတယ်။ CNU မှာ မဟာဌာနက ၁၁ ခု ရည်ရွယ်ထားတယ်။

မေး။ ။ ချင်းအမျိုးသားတက္ကသိုလ်ရဲ့ မဟာဌာန ၁၁ ခု က ဘာတွေပါလဲ။

ဖြေ။ ။ ဥပဒေပညာ မဟာဌာန၊ ဆေးသိပ္ပံ မဟာဌာန၊ ပညာရေး မဟာဌာန၊ ဓမ္မပညာ မဟာဌာန၊ နည်းပညာ မဟာဌာန၊ ကွန်ပျူတာသိပ္ပံ မဟာဌာန၊ လူမှုရေးသိပ္ပံ မဟာဌာန၊ သဘာဝသိပ္ပံ မဟာဌာန၊ စီးပွားရေး မဟာဌာန၊ စိုက်ပျိုးရေး မဟာဌာနနဲ့ ဘာသာစကား၊ စာပေနဲ့ယဉ်ကျေးမှုမဟာဌာန စသဖြင့်ပေါ့နော်။

မေး။ ။ အကြိုကောလိပ်အကြောင်း ရှင်းပြပေးပါဦး။

ဖြေ။ ။ တော်လှန်ရေးကာလမှာက တက္ကသိုလ်အဆင့်ကတစ်ခုပဲ ဖွင့်ခွင့်ပြုပါတယ်။ အဆင့်မြင့်ပညာကဏ္ဍက ကျန်တဲ့မြို့နယ်၊ ဒေသတွေမှာ အကြိုကောလိပ်၊ ဒီပလိုမာအဆင့်ထိပဲ ဖွင့်လှစ်ခွင့် ပြုထားပါတယ်။ အကြိုကောလိပ် အတန်းက သတ်မှတ်ထားတဲ့ Curriculum (သင်ရိုးညွှန်းတမ်း) ရှိပါတယ်။ သင်ချိန်နာရီပေါင်းက အနည်းဆုံး ၉၀၀ ရှိရမယ်။ သင်ရမယ့် ဘာသာရပ်ကလည်း ၅ ခုရှိပါတယ်။ ဒေသအလိုက် လိုအပ်တဲ့ဘာသာရပ်တွေကိုလည်း ပို့ချခွင့် ပြုထားပါတယ်။

ဒါပေမယ့် ကျနော်တို့သတ်မှတ်ထားတဲ့ ဘာသာရပ် ၅ ခုရဲ့ သင်ချိန်နာရီ ၉၀၀ ကို အနှောင့်အယှက်ပြုလို့မရပါဘူး။ အကြိုကောလိပ်က ဘယ်မြို့နယ်၊ ဒေသမှာပဲ ဖွင့်ခွင့်ပြုတယ်ဆိုတာ မရှိပါဘူး။ ဖွင့်လှစ်နိုင်တဲ့ မြို့နယ်၊ ဒေသတိုင်းက ဖွင့်လှစ်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကိုတော့ မဖြစ်မနေ သင်ပေးရမှာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဒီဘဏ္ဍာငွေချပေးနိုင်တဲ့ ကဏ္ဍတွေရှိရင် အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးဖို့ ရှိပါတယ်။ စစချင်းမှာက ဖွင့်လှစ်ချင်တဲ့ မြို့နယ်၊ ဒေသတွေက သူတို့ကိုယ်ထူကိုယ်ထနဲ့ပဲ ဖွင့်လှစ်ရမှာဖြစ်ပါတယ်။

မေး။ ။ တော်လှန်ရေးကာလ ချင်းပြည်မှာ အကြိုကောလိပ်တွေက ဘယ်နှစ်ခုဖွင့်မှာပါလဲ၊၊ ဘယ်တော့ စတင်ဖွင့်လှစ်မှာပါလဲ။

ဖြေ။ ။ CNU က ဖွင့်လှစ်မယ့် အကြိုကောလိပ်တန်းအစီအစဉ်က နောက်အကျဆုံးက အောက်တိုဘာလထဲမှာ စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ လျှောက်လွှာတွေ မကြာခင် သက်ဆိုင်ရာမြို့နယ်၊ ဒေသတွေကိုဖြန့်ဖို့ အစီအစဉ်ရှိပါတယ်။ အခုက အကြိုကောလိပ်ကို မြို့နယ်၊ ဒေသ ၃ ခုမှာ ဖွင့်လှစ်ဖို့ရှိပါတယ်။

မေး။ ။ CNU စတင်ဖွင့်လှစ်တဲ့ ဒီကာလမှာ ကျောင်းသူ/ကျောင်းသား ဘယ်လောက်အထိ လက်ခံသင်ကြားဖို့ ရည်မှန်းပြီး ဖော်ဆောင်နေပါလဲ။

ဖြေ။ ။ CNUရဲ့ အကြိုကောလိပ်အစီအစဉ်မှာ အနည်းဆုံး ကျောင်းသား ၃၀၀ လက်ခံနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဘာကြောင့်လဲဆို‌တော့ တချို့မြို့နယ်၊ ဒေသတွေမှာ အကြိုကောလိပ်အတန်းတွေ မဖွင့်နိုင်တဲ့အခြေအနေတွေ ရှိတဲ့အတွက် အကြိုကောလိပ် မဖွင့်လှစ်နိုင်တဲ့ မြို့နယ်၊ ဒေသက ကလေးတွေအတွက် ထည့်သွင်းပြီး CNU အကြို ကောလိပ်အစီအစဉ်မှာ အနည်းဆုံးကျောင်းသား ၃၀၀ လက်ခံနိုင်ဖို့ ပြင်ဆင်နေတာပါ။

မေး။ ။ CNU ဟာ ဘယ်လိုပုံစံ တက္ကသိုလ်မျိုးဖြစ်မလဲ။ ချင်းလူထုက ဘယ်လိုမြင်တွေ့ရမှာပါလဲ။ သူ့ကို ဘယ်မှာဖွင့်လှစ်မှာပါလဲ။

ဖြေ။ ။ တည်နေရာကိုတော့ မီဒီယာမှာ အသိမခံနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် လေကြောင်းရန်ကို သတိထားနေရလို့ပါ။ ချင်းအမျိုးသားတက္ကသိုလ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပုံစံအနေနဲ့ ပြည်သူတွေ မြင်တွေ့ရမှာဖြစ်ပါတယ်။

မေး။ ။ ၅ နှစ်အတွင်း ဖော်ဆောင်မယ့် ချင်းပညာရေးစီမံကိန်းကို ချင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲ ကျောင်းကောင်စီတွေမှာ မသန်စွမ်းနဲ့ အမျိုးသမီး ၃၀ ရာခိုင်နှုန်းထက်မနည်း ပါဝင်ရမယ်လို့ ဆိုထားပါတယ်။ ဒါက ဘာကြောင့်ပါလဲ။

ဖြေ။ ။ အဲဒါ ၃၀ ရာခိုင်နှုန်းပါဝင်ရမယ်လို့ သတ်မှတ်ရခြင်းက ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အမျိုးသမီးပါဝင်မှုကို မြှင့်တင်ပေးရမယ်လို့ ပါဝင်တဲ့အတွက်ကြောင့်ပါ။ ကျား-မ တန်းတူညီမျှမှုကို အကောင်အထည်ဖော်တဲ့အနေနဲ့ အမျိုးသမီးကဏ္ဍကို မြှင့်တင်ပေးနိုင်ဖို့လည်း ထည့်သွင်းခြင်းဖြစ်ပါတယ်။ မသန်းစွမ်းတွေကိုလည်း အားလုံး ပါဝင်ခွင့်ရအောင်ဆိုပြီး သူတို့ရဲ့အခန်းကဏ္ဍကို မြင့်တင်ပေးနိုင်ဖို့ ထည့်သွင်းခြင်းဖြစ်ပါတယ်။

မေး။ ။ ချင်းပြည်ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၅ – ၂၀၃၀) အတွင်းမှာ ချင်းပြည်ပညာရေးကဏ္ဍက ဘယ်လို အပြောင်းအလဲတွေ မြင်တွေ့ရမှာပါလဲ။

ဖြေ။ ။ လူတိုင်း တန်းတူညီမျှ အခွင့်အရေးရရှိပြီး ပညာသင်ခွင့်ရနိုင်တဲ့ ပညာရေးစနစ်မျိုး၊ တနည်းပြောရရင် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် ပီပီပြင်ပြင် အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။ ချင်းအမျိုးသားတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်အရ၊ ဒီမိုကရေစီစံတန်ဖိုး အပြည့်အဝရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရ ပညာရေးစနစ် ပီပီပြင်ပြင် အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

မေး။ ။ ချင်းပြည်ပညာရေး အပြောင်းအလဲကို ဖော်ဆောင်တဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပါလဲ။

ဖြေ။ ။ မြေပြင်ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ကြေးပေးနိုင်ဖို့ဟာ အကြီးမားဆုံးသော စိန်ခေါ်မှုလို့ ဆိုပါရစေ။ ဆရာအတတ်ပညာသင်တန်းကလည်း ဒုတိယအခက်အခဲလို့ ဆိုပါရစေ။ ဘာကြောင့်လဲဆို တော်တော်များများက စေတနာ့ဝန်ထမ်းတွေ၊ ဆရာဖြစ် လက်မှတ်မရှိသေးတဲ့ လူငယ်တွေက ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ပေးနေတာဖြစ်ပါတယ်။ သူတို့ကို ဆရာဖြစ်သင်တန်းပေးဖို့ အများကြီး လိုအပ်နေပါတယ်။ ဆရာဖြစ်လက်မှတ် မရရှိသေးတဲ့ စေတနာ့ဝန်ထမ်းတွေက ၆၀ ရာခိုင်နှုန်းကျော်လောက် ရှိနေပါတယ်။

တတိယက ချင်းပြည်ဒေသသင်ရိုးက တော်လှန်ရေးကာလဖြစ်တဲ့အတွက် မူလတန်းအဆင့်မှာ ဘာသာရပ်အားလုံးကို ချင်းဘာသာစကားနဲ့ ရေးဆွဲပြဌာန်းဖို့၊ ပုံနှိပ်ထုတ်ဝေဖို့က မဖြစ်နိုင်သေးတဲ့အတွက် ချင်းပြည် ဒေသသင်ရိုးလုပ်ဖို့ အခု ကျနော်တို့ အရေးတကြီးလိုအပ်နေပါတယ်။ ချင်းစာ၊ ပထဝီ၊ သမိုင်း၊ ပြည်သူ့နီတိ၊ ဘဝတွက်သာကျွမ်းကျင်စရာတို့ကို ချင်းဒေသသင်ရိုးအဖြစ် ဘာသာရပ်တစ်ခုထဲမှာ စုပြီးထည့်ထားဖို့ ရည်ရွယ်ထားပါတယ်။ ဒေသသင်ရိုး ရေးဆွဲနိုင်ဖို့ အခုပြင်ဆင်နေပါတယ်။ ဘာသာရပ်တစ်ခုအနေနဲ့ ပထမတန်းကနေ နဝမတန်းအထိ သင်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။

နောက်တချက်က အဆင့်မြင့်ပညာကဏ္ဍက အဆင့်မြင့်ပညာက ဆရာ၊ ဆရာမတွေပဲ သင်ပေးနိုင်တဲ့အတွက် လူသား အရင်းအမြစ်က ရှားပါးနေပါတယ်။ ဒီမဟာဌာန ၁၁ ခုကို ဖွင့်လှစ်နိုင်ဖို့က လူသားအရင်းအမြစ်က အများကြီးလိုအပ်မှာ ဖြစ်ပါတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမ အခက်အခဲကပေါ့နော်။ သင်ထောက်ကူပစ္စည်း၊ ပုံနှိပ်စာအုပ်တို့၊ စာရေးကိရိယာတို့လည်း အားလုံးက အခက်အခဲကြုံရပါတယ်။ ဒါပေမယ့် ဒီလိုအခက်အခဲအများကြီးထဲကနေ အဓိက စိန်ခေါ်မှု ၄ ခုကို ဖြေရှင်းနိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ချင်းပြည်ရဲ့ပညာရေးက အထိခိုက်မှုအနည်းဆုံးနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ ပြည်တွင်း/ပြည်ပက ပြည်သူတွေကိုရော ဘယ်လိုအကူအညီတွေ လိုအပ်နေတယ်လို့ သတင်းစကားပါးချင်ပါလဲ။

ဖြေ။ ။ ပညာရေးက ပြည်တွင်းအားနဲ့ပဲ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာရောက် ချင်းပြည်သူတွေရော ပြည်တွင်းက ချင်းပြည်သူတွေရော လက်တွဲဆောင်ရွက်မှ အထိခိုက်မှုအနည်းဆုံးနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဗမာအပါအဝင် ကျန်တဲ့တိုင်းရင်းသားတွေအနေနဲ့လည်း ချင်းပြည်ရဲ့ပညာရေး ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်အောင် ကူညီပံ့ပိုးပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ပြည်သူတွေရဲ့ ပညာအခြေခံ နိမ်းပါးလို့မရပါဘူး။ တော်လှန်ရေးကာလဖြစ်ပေမယ့်လို့ ပညာရေးပျက်စီးသွားရင် ကျနော်တို့ လူငယ်တွေ၊ သားသမီးတွေ ပညာသင်ယူခွင့်မရဘဲနဲ့ ပညာရေးလုပ်ငန်းတွေ ရပ်တန့်ရင် ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ပညာရေချိန် နိမ့်ပါးနေရင် ဦးသန့်ပြောခဲ့သလိုပဲ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်က ဗရုပ်သုတ်ခအခြေအနေကို ရောက်ရှိစေမှာဖြစ်ပါတယ်။ ဒီမိုကရေစီ စံတန်ဖိုးတွေနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်မျိုး ရနိုင်ဖို့ဆိုရင် အခြေခံပညာရေး၊ အဆင့်မြင့်ပညာပါ တော်လှန်ရေးကာလမှာလည်းပဲ လျစ်လျူရှုမထားဘဲ ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။

မေး။ ။ အခြေခံအဆင့်၊ အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့်၊ အကြိုကောလိပ်စတဲ့ ကျောင်းသူ/ကျောင်းသားတွေဟာ တော်လှန်ရေးကာလ ပညာသင်ယူနိုင်ဖို့ ဘယ်လိုအခက်အခဲတွေ အများဆုံးရှိနေကြပါလဲ။

ဖြေ။ ။ အကြိုကောလိပ် မဖွင့်နိုင်သေးတဲ့ မြို့နယ်၊ ဒေသအချို့မှာ ဖွင့်နိုင်တဲ့ မြို့နယ်၊ ဒေသကို သွားလာနိုင်ဖို့က လမ်းပန်းဆက်သွယ်ရေးက အခက်အခဲတွေ အများကြီးကြုံရတယ်။ အကြိုကောလိပ်တန်းအတွက် စာကြည့်တိုက်တို့၊ အင်တာနက်တို့ ဆက်သွယ်ရေးကလည်း အခက်အခဲရှိပါတယ်။ မူလတန်း ကျောင်းသူ/ကျောင်းသားတွေက စာရေးကိရိယာတွေ၊ ပုံနှိပ်စာအုပ်တွေ အရမ်းခက်ခဲပါတယ်။ ပညာသင်နှစ် ၃ နှစ်ကျော်လာတဲ့အတွက် ရှိပြီးသားအရင်းအမြစ်တွေက မလောက်မငှ ဖြစ်လာပါပြီ။

ပုံနှိပ်စာအုပ်တွေဆိုရင် ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့အခြေအနေ ဖြစ်ပါတယ်။ ရှိပြီးသားပုံနှိပ်စာအုပ်တွေကလည်း ပျက်စီးကုန်ပြီ။ စာသင်ကျောင်းတွေဟာ စာသင်ပုန်းတွေကအစ ပျက်စီးနေပါပြီ။ မြို့နယ်၊ ဒေသတချို့က ကျောင်းဆောင်တွေလည်း ခိုင်ခန့်မှု မရှိကြပါဘူး။ တချို့ကျောင်းတွေဟာ မိုးကာတွေနဲ့ ဆောက်ထားရပါတယ်။ မလုံခြုံဘူးပေါ့နော်။ အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေက ကလေးတွေဟာ သနားစရာကောင်းပါတယ်။ မိုးကာတွေကအစ လိုအပ်ချက်တွေ ရှိနေပါတယ်။ စာရေးခုံတွေ၊ ထိုင်ခုံကောင်းတွေလည်း မရှိဘူး။ ယိုင်နဲ့နေပြီ မကောင်းကြတော့ဘူး။ တော်လှန်ရေးကာလဖြစ်လို့ အခက်အခဲတွေ အများကြီးပေါ့နော်။

တော်လှန်ရေးကာလ ကြာလာတဲ့အချိန်မှာ အခု ဆရာ၊ ဆရာမ အင်အားကလည်း လိုအပ်ချက်က ပိုပြီးတော့ များလာတယ်။ ၂ နှစ်၊ ၃ နှစ် စေတနာဝန်ထမ်း ဝင်လုပ်ကိုင်တဲ့လူတွေဟာ တခြား အသက်မွေးဝမ်းကျောင်းလုပ်ဖို့ လိုအပ်လာတဲ့အတွက် သူတို့ စားဝတ်နေရေး အဆင်ပြေနိုင်တဲ့အထိ ရပ်ရွာလူထုကလည်း ဆရာ၊ ဆရာမ ထောက်ပံ့ကြေးပေးဖို့ ခက်ခဲလာတာက တကြောင်း၊ လူငယ်တွေကလည်း တက်လမ်းရှာရတော့ စေတနာဝန်ထမ်း မလုပ်နိုင်တဲ့လူတွေက များလာတယ်။ ဒါကြောင့် ဆရာ၊ ဆရာမ အင်အားလိုအပ်ချက်က ပိုများလာပါတယ်။

မေး။ ။ ချင်းပြည်ပညာရေးကဏ္ဍ အပြောင်းအလဲက NUG ဖက်ဒရယ်ပညာရေးနဲ့ရော ဘယ်လို ချိတ်ဆက်ဖော်ဆောင်မှုတွေရှိပါလဲ။

ဖြေ။ ။ ချင်းပြည်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒဆိုတာက NUCC က အတည်ပြုပြဌာန်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မီငြမ်းပြီးတော့ ချင်းပြည်နဲ့ကိုက်ညီအောင် ပြုပြင်မွမ်းမံလုပ်ထားတာဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ပန်းတိုင်က ဖက်ဒရယ်ဒီမိုကရေစီဖြစ်တဲ့အတွက် ကျနော်တို့ချင်းပြည်မှာ ဖော်ဆောင်နေတာလည်း ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးဖြစ်လို့ အံ့ဝင်ဂွင်ကျဖြစ်ပါတယ်။

မေး။ ။ ချင်းမှာ ကျောင်းသူ/ကျောင်းသားတွေရဲ့ ပညာသင်ယူနေမှုမှာ စစ်ကောင်စီရဲ့ အန္တရာယ်ပြုနိုင်မှုအခြေအနေတွေက ဘာတွေဖြစ်ပါလဲ။

ဖြေ။ ။ စစ်ကောင်စီက ပြည်သူရှိတဲ့နေရာလည်း မရှောင်ဘူး။ စာသင်ကျောင်း၊ ဆေးရုံကိုလည်းမရှောင်ဘဲ ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့အတွက် လူသားချင်စာနာမှု မရှိဘူးလို့ပြောရမယ်။ အပြစ်မဲ့ပြည်သူတွေ ရှိတဲ့နေရာကို လေကြောင်းတိုက်ခိုက်မှု လုပ်တတ်တဲ့အတွက် လေကြောင်းရန်က အဓိကအန္တရာယ်လို့ပဲ ပြောပါရစေ။

မေး။ ။ ဝန်ကြီးတို့ ဝန်ကြီးဌာနလက်အောက်မှာ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသူ/ကျောင်းသား ဘယ်လောက်ရှိပါလဲ။ ဆရာအင်အားကရော ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ စာရင်းကောက်ရတာ အရမ်းခက်ခဲနေတဲ့အတွက် အားလုံးကိုတော့ မကောက်နိုင်သေးဘူး။ ဒေတာက အကုန်မရောက်သေးဘူး။ နောက်ဆုံးစာရင်းအရ ငါးသောင်းကျော်ရှိတယ်။ ဆရာ၊ ဆရာမ အင်အားက လေးထောင်ကျော် ရှိပါတယ်။

မေး။ ။ ချင်းပြည်နယ်တစ်ဝန်းမှာရှိတဲ့ အခြေခံပညာအထက်တန်းအောင် ကျောင်းသူ/ကျောင်းသားတွေဟာ ချင်းအမျိုးသားတက္ကသိုလ်အထိ တက်ရောက်ဖို့ ဘယ်လိုမျိုး ချိတ်ဆက်လည်ပတ်လဲဆိုတာကို ရှင်းပြပေးပါဦး။

ဖြေ။ ။ အခြေခံပညာက ၁၂ တန်းအထိ သတ်မှတ်ထားပါတယ်။ အဲဒါပြီးရင် အကြိုကောလိပ် ပြီးစီးရပါမယ်။ အဲဒါပြီးမှ ချင်းအမျိုးသားတက္ကသိုလ်ကို ဝင်ခွင့်ရမှာဖြစ်ပါတယ်။ အကြိုကောလိပ်ကြားခံရတာက အဆင့်မြင့်ပညာကို လေ့လာသင်ယူတဲ့အခါမှာ အင်္ဂလိပ်ဘာသာစကားအတားအဆီးကို ကျော်လွှားနိုင်ဖို့၊ လိုအပ်တဲ့ နည်းပညာကျွမ်းကျင်မှု ရရှိနိုင်ဖို့က အဓိက ဖြစ်ပါတယ်။

ချင်းအမျိုးသားတည်ဆောက်ရေးအတွက် နိုင်ငံရေးသဘောတရား၊ လူ့အခွင့်အရေး သဘောတရားကို သင်ပေးမှာဖြစ်ပါတယ်။ တော်လှန်ရေးကာလဖြစ်လို့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ရှေ့ဦးသူနာပြုလုပ်ငန်းတွေ အဲဒါတွေ သင်ပေးဖို့ဖြစ်ပါတယ်။ အကြိုကောလိပ်တက်တဲ့ ကလေးတွေအားလုံးဟာ တက္ကသိုလ်ကို တက်နိုင်ချင်မှတက်နိုင်မှာ။ အခု တော်လှန်ရေးကာလနဲ့ တော်လှန်ရေးအလွန်ကာလမှာ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်ထမ်းဆောင်နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

အောက်ခြေလူထုရဲ့ လူမှုရေးလုပ်ငန်းတွေ၊ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ထောက်တိုင်အနေနဲ့ ထမ်းဆောင်နိုင်ဖို့၊ သူ့ဒေသ၊ သူ့ရပ်ရွာမှာ လူမှုရေး၊ ဘာသာရေး၊ အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ကျွမ်းကျင်မှုတွေပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ တော်လှန်ရေးကာလမှာ ပြေးရင်းလွှားရင်းနဲ့ ပညာကို သင်ရတာဖြစ်လို့ ဖြည့်ဆည်းမပေးနိုင်တဲ့ ကျွမ်းကျင်မှုတွေကို အကြိုကောလိပ်မှာ ဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်ပါတယ်။

မေး။ ။ ဖြည့်စွက်ပြောကြားချင်တာ ရှိပါသေးလားခင်ဗျာ။

ဖြေ။ ။ တော်လှန်ရေးကာလမှာလည်း ပညာရေးကို လျစ်လျူမရှုထားဘဲနဲ့ ဘာကြောင့် အရေးတကြီးဆောင်ရွက်ဖို့ လိုသလဲဆိုတာကို ဖြည့်စွက်ချင်ပါတယ်။ အခုတော်လှန်ရေးရဲ့ပန်းတိုင်က ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ပါတယ်။ ဥပမာ – အေသင်မြို့ပြနိုင်ငံမှာ ဆိုခရေတီးကိုသတ်တာက အေသင်မြို့ပြရဲ့ ဒီမိုကရေစီစနစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် သူ့တပည့်ကျော်ပလေတိုကလည်း သူ့ဆရာ ဒီလိုအသတ်ခံရတဲ့အတွက် လူဖျင်းလူညံ့တို့ကြီးစိုးတဲ့ ဒီမိုကရေစီစနစ်ကို ရွံ့မုန်းပါတယ်ဆိုပြီး ပြောတဲ့အထိ ပလေတိုက စိတ်နာကျည်းခဲ့တယ်။ ဒါကြောင့် ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်က ကျနော်တို့ ပညာတတ်တွေ၊ ပညာရှင်တွေ၊ လူကောင်းတွေကိုသတ်တဲ့ စနစ်မဖြစ်ဘဲနဲ့ ပြည်သူတိုင်း ပညာရေချိန်မြင့်မားပြီး ဒီမိုကရေစီရဲ့စံတန်ဖိုးတွေကို ပေးစွမ်းနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရနိုင်ဖို့ဆိုရင် ပြည်သူတွေ ပညာအခြေခံမြင့်မားအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပညာရေးကို လျစ်လျူရှုမထားဘဲနဲ့ တော်လှန်ရေးနဲ့အတူ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။

KMG ပေးပို့သည်။