စစ်ကောင်စီဟာ ချင်းပြည်နယ်က မြို့နယ် ၇ မြို့နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုက ၃၇ မြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်ပါတယ်။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ၂၀၂၁ ခုနှစ်တုန်းက တူမီးတော်လှန်ရေးစတင်ခဲ့တဲ့မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် ယခုဆိုရင် ပလက်ဝမြို့နယ်ကလွဲပြီး ချင်းပြည်နယ်ရဲ့ ၈ မြို့နယ်စလုံးကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ခုလို တပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့အပေါ် ချင်းကာကွယ်ရေးတပ်ဖွဲ့က ဘယ်လိုတုန့်ပြန်ကြပါသလဲ။ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေကဘယ်လိုရှိလာနိုင်ပါသလဲ။
ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိ သူဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ပြီး နောက်ထပ် ၆ လ သက်တမ်းထပ်တိုးတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့က ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလိုက်ပါတယ်။ ဒီအပေါ်မှာ ဘာများ တုန့်ပြန်ပြောချင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ အမြင်အရတော့ စစ်ရေးအရ သူ့ဘက်က နယ်မြေစိုးမိုးမှုမလုပ်နိုင်တဲ့နေရာ၊ စစ်ရေးပြင်းထန်တဲ့ နေရာကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာဖြစ်တယ်၊ ကျွန်တော်တို့တည်းမဟုတ်ပါဘူး၊ မြန်မာတစ်ပြည်လုံး မြို့နယ်ပေါင်း လေးဆယ်လောက်ကို သူကအဲ့သလို လုပ်လိုက်တယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ကတော့ အားလုံးသိတဲ့အတိုင်းပါပဲ၊ ဒီနွေဦး တော်လှန်ရေးမှာ သူစစ်ရေးအရ စိုးမိုးမှုအားနည်းတဲ့ ပြီးတော့ စစ်ရေးအရတင်းမာတဲ့ နေရာကို အဲ့သလိုလုပ်လိုက်တာ ဖြစ်တယ်၊ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူတွေ ပြီးတော့ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့တွေကို ပံ့ပိုးတယ်လို့ သူမသင်ကာတဲ့ ဒီချင်းပြည်သူလူထုကို ဘုရားမဲ့ တရားမဲ့ အကြမ်းဖက် ဖမ်းဆီး၊ နှိပ်စက် ထောင်ချ သတ်ဖြ တ်တဲ့အထိ အဲ့ဒီလိုလုပ်ခွင့်ကို မင်းအောင်လိုင်ကနေ တိုင်းမူးကို ပေးထားတယ်ဆိုတော့၊ အဓိကကတော့ လူသတ်လိုင်စင် ထုတ်ပေးလိုက်သလိုပဲ။ ကျွန်တော်တို့ ချင်းပြည်သူတွေကို ကျွန်တော်တို့ CNF/CNA အပါအဝင် ခင်ဗျားတို့ ကျွန်တော်တို့ကို တိုက်ရင်၊ ခင်ဗျားတို့ပြည်သူလူထုကို အကြမ်းဖက်ပြမယ်ဆိုပြီးတော့ ခြိမ်းခြောက်ပြီးတော့ စိန်ခေါ်လိုက်တာလို့ပဲ ကျွန်တော် မြင်ပါတယ်။
မေး။ ။ စစ်ကောင်စီဟာ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ပလက်ဝမြို့နယ်ကလွဲပြီး ကျန်မြို့နယ်အားလုံးကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာလဲဖြစ်ပါတယ်။ ဆိုတော့ ဘယ်လိုအကျိူးဆက်တွေ ဖြစ်လာနိုင်လဲ။ စစ်ရေးအခြေ အနေကကော ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ။ ။ စစ်ရေးအနေထားကို ချင်းပြည်နယ်အပါအဝင် တစ်ပြည်လုံးကို ကြည့်လိုက်ရင် မြေပြင်မှာတော့ သူက နယ်မြေ စိုးမိုးနိုင်မှု၊ ပြီးတော့ သူ့ဖက်က မြေပြင်အင်အားချိနဲ့သွားလို့ တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်တွေနဲ့ ပြည်သူတွေကိုပါမကျန် သူကအကြမ်းဖက်ပြီးတော့ လုပ်နေတာဖြစ်တယ်။ သူ့ရဲ့ လုပ်ရပ်ကတော့ ရေရှည်မှာ မထူးဇတ်ခင်းပြီးတော့ အဆုံးစွန်ပြ င်ဆင်ထားတယ်၊ သူ့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းယန္တရားက လှုပ်လေ ကျွံလေပဲဖြစ်နေတယ်။ ရုန်းလေ နစ်လေပဲဖြစ်နေတယ်။ ဒါကြောင့် နောက်ဆုံးသူက မထူးဇတ်ခင်းပြီးတော့လုပ်နေတာဖြစ်တယ်၊ ဒါပေမဲ့ ပြည်သူကနေ သူ့ကိုမျက်မုန်းကျိုးလြေ ဖစ်မှာပဲ။ သူ့ရဲ့လုပ်ရပ်ကသူ့ကို ချောက်ထဲတွန်းပို့သလို နောက်ဆုံး ဒီတိုင်းပြည်ကို ချောက်ထဲတွန်းပို့လိုက်တာပဲ။ ကျွန်တော်တို့ဖက်က ဘယ်တော့မှ ပြည်သူနင့်အတူ လက်မလျော့ဘဲနဲ့အဆုံးစွန်ထိ တိုက်ပွဲဝင်သွားဖို့ပဲရှိပါတယ်။
မေး။ ။ ချင်းပြည်တနယ်လုံးကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလိုက်ပြီဆိုတော့ ပြည်သူတွေဘက်ကကော် ဘာတွေသတိထားသင့်လဲ။
ဖြေ။ ။ ပြည်သူလူထုအနေနဲ့တော့ အတတ်နိုင်ဆုံး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီးတော့မှ ဒီလေကြောင်း ရန်ကာကွယ်ခြင်းကို အတတ်နိုင်ဆုံး ကျွန်တော်တို့က ပြည်သူတွေကို အသိပေးချထားပြီးသားဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဘက်ကနေလည်း သတင်းလက်ဦးမှုကို ရယူနိုင်အောင် ပြည်သူနဲ့ပူးပေါင်းပြီးတော့ လုပ်နေတဲ့အတွက် ဒီချင်းတောင်က ပထဝီမြေပြင်အရ ဒီလေကြောင်းတိုက်ခိုက်မှုက တစ်ခြားမြေပျံ့တွေလို ထိရောက်မှုတွေတော့ ရှိမှာ မဟုတ်ဘူး။ အဲ့ဒီအတွက် ပြည်သူတွေ သိပ်ပြီးတော့ အစိုးရိမ်မလွန်ကြဖို့၊ အားခဲထားဖို့ ကျွန်တော်တို့က ဆက်လက်ပြီး တော့ ပြည်သူနဲ့လက်တွဲပြီးတော့ တိုက်ပွဲဝင်သွားဖို့ပဲရှိပါတယ်။ တစ်ခြားရွေးစရာလမ်းတော့မရှိဘူး။ စစ်ပွဲဆိုတာကတော့ သေတော့သေရမှာပဲ ဒါပေမယ့် ကျွန်တော်တို့ဘက်တော့ ကိုယ့်ပြည်သူ ထိခိုက်နစ်နာမှုကို မလိုချင်ဘူး၊ အတတ်နိုင်ဆုံး ပြည်သူဘက်ကနေ ရပ်တည်ပြီးတော့ ပြည်သူ့လုံခြုံရေးကို အလေးထားပြီးတော့ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ပဲရှိတယ်။
မေး။ ။ အခု ချင်းပြည်နယ်တစ်ခုလုံးလိုလိုကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တော့ ချင်းအမျိုးသားတပ်ဦး CNF အနေနဲ့ဖြစ်ဖြစ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဘာတွေများပြင်ဆင်ထားလဲ။
ဖြေ။ ။ ကျွန်တော်တို့ကတော့ ဒီ လေယာဉ်ပစ်လက်နက်တွေ ဘာတွေမရှိဘူး အတိအလင်းပြောရရင်တော့။ ဒါပေမယ့် မြေပြင်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမှာလဲ၊ လေကြောင်းရန် ကာကွယ်ရေးအတွက် ကျွန်တော်တို့က ဘယ်လို ရှောင်နိုင်မယ့် နည်းလမ်းတွေ အတတ်နိုင်ဆုံး လုပ်မယ်။ ပြီးတော့ စစ်ရေးဆိုတာက ရန်သူ့ရဲ့ပျော့ကွက်က ဘာလဲဆိုတာ ကျွန်တော်တို့ သိဖို့လိုတယ်။ သူ့ရဲ့ အားသာချက်၊ အားနည်းချက်မှာ ကျွန်တော်တို့က အဲ့သလို ဆက်ပြီးတော့ လုပ်သွားဖို့ ပဲရှိတယ်။ အမှန်ကတော့ ကျွန်တော်တို့က လေယာဉ်ပစ်လက်နက်ကောင်းတွေမရှိဘူး ဒါပေမဲ့ ဒီဟာ တွေကို ကျွန်တော်တို့ က ဘက်ပေါင်းစုံကနေ ဗျူဟာဆွဲပြီးတော့ ဆက်လက်ပြီးတော့ ခုခံကာကွယ်သွားမှာပဲ။
မေး။ ။ ချင်းပြည်နယ်က အရင်ကတည်းကလည်း လက်နက်ကိုင်အင်အားကောင်းတဲ့ဒေသဖြစ်တယ်၊ တိုက်ပွဲပြင်း ထန်တဲ့ဒေသလည်းဖြစ်တယ်ပေါ့လေ၊ ခုလို Martial Law ထုတ်လိုက်တဲ့အခါမှာ ချင်းပြည်မှာ တိုက်ပွဲအခြေနေ ပိုပြီးတော့ ပြင်းထန်လာနိုင်ပါသလား၊ ဘယ်လိုသုံးသပ်လဲ။
ဖြေ။ ။ အဲ့ဒါက သူ့အပေါ်မှာပဲမူတည်တယ်။ အခုက မြေပြင်မဟုတ်ပဲနဲ့ ဝေဟင်ကနေ ကျွန်တော်တို့ကို တိုက်ခိုက်လာ တယ်ဆိုတော့ သူ့ရဲ့တိုက်ခိုက်မှုတွေ ပြင်းထန်လာလေလေ ငါတို့ရဲ့ ခုခံတွန်းလှန်မှုကလည်း ပြင်းထန်လေလေပါပဲ ကျွန်တော်တို့ဘက်က ဘာမှ စိတ်ဓာတ်ကျစရာ လုံးဝမရှိပါဘူး။ သူဘယ်လောက်ပဲလုပ်နေလုပ်နေ ကျွန်တော်တို့ကတော့ အဆုံးစွန်ထိတိုက်ပွဲဝင်သွားမယ်လို့ စိတ်ပိုင်းဖြတ်ပြီးသား။ ပြီးတော့ ဒီနှစ်ကတော့ သူ့အတွက်သော်လည်းကောင်း ကျွန်တော်တို့အတွက်သော်လည်းကောင်း၊ ဒီနွေဦးတော်လှန်ရေးတစ်လျောက်လုံးအတွက်သော်လည်းကောင်း ဒီနှ စ်ကတော့ ပိုပြီးတော့ထူးခြားတဲ့ နိုင်ငံရေးအရ စစ်ရေးအရ တစ်စုံတစ်ရာသော ရလဒ်ကောင်းတစ်ခု ရရှိနိုင်ဖို့တော့ ဆက်ပြီးတော့တွန်းသွားမှာပဲ။
မေး။ ။ တခြားဘာများဖြည့်စွပ်ပြောလိုတာရှိပါလဲ။
ဖြေ။ ။ စစ်တပ်ရဲ့တစ်လျှောက်လုံးမှာ Martial Law ဆိုတာက အဓိကကတော့ ပြည်သူလူထုကို ကြိုက်သလို သတ် ဖြတ်ခွင့် လိုင်စင်ပေးထားတာပါပဲ။ မထူးစမ်းတော့ပါဘူး။ Martial Law ကြေညာတာထားတာတွေ တစ်လျောက်လုံး ပါပဲ ဒါပေမဲ့ Martial Law ထုတ်တာနဲ့ မထုတ်တာနဲ့ သူလုပ်ဆောင်ပုံက မထူးဘူး အဲ့သည်လို Martial Law ထုတ်လိုက်လို့ ပြည်သူလူထုကို ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် ဒါကတော့ ခြိမ်းခြောက်တာပါပဲ၊ လုပ်ခဲ့တာလည်း ကြာပါပြီ။ ဒါပေမဲ့ ချင်းပြ ည်နယ်မှာတော့ အဲ့သည်လိုလုပ်နိုင်မှာက သူခြေကုပ်ယူတဲ့ မြို့ပေါ်ပြည်သူတွေမှာတော့ လုပ်မှာပဲ၊ ကျန်တဲ့ဒေသတွေကို တော့ ကျွန်တော်တို့ စိုးမိုးထားတယ်။ စစ်ရေးအရ ကျွန်တော်တို့ အားကောင်းကောင်းနဲ့ လုပ်လိုက်ရင်တော့ ဒီနယ်ဘက် တွေ ဘာဘက်တွေ သူတို့က လာနိုင်စရာအကြောင်းတွေမရှိဘူးပေါ့။ သူတို့ဝေဟင်ကနေ တိုက်လေယာဉ်တွေသုံး လာက တည်းက အောက်ခြေမြေပြင်မှာ အင်အားချိနဲ့နေပြီဆိုတာ ကျွန်တော်တို့ သိပြီးသား။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အဲ့တာတွေကို သတိပြုပြီးတော့ ဆင်ခြင်တတ်ဖို့ စိုးရိမ်မလွန်ကြဖို့ ကျွန်တော် တိုက်တွန်း ချင်ပါတယ်။
KMG – ပေးပို့သည်။