28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“သူတို့တွေ လက်နက်ကိုင်ထားပြီးတော့ ဒေသခံပြည်သူတွေကို နှိပ်စက်တာများတယ်။ အဲလို ဖြစ်နေတယ်။ အဲဒါကြောင့် အခုဒီဘက်စစ်ကြောင်းကိုဝင်ပြီး ကိုယ်လုပ်နိုင် သလောက် ကိုယ့်ရဲ့မွန်ဒေသတွေကို ပြန်ယူမယ်။...

“သူတို့တွေ လက်နက်ကိုင်ထားပြီးတော့ ဒေသခံပြည်သူတွေကို နှိပ်စက်တာများတယ်။ အဲလို ဖြစ်နေတယ်။ အဲဒါကြောင့် အခုဒီဘက်စစ်ကြောင်းကိုဝင်ပြီး ကိုယ်လုပ်နိုင် သလောက် ကိုယ့်ရဲ့မွန်ဒေသတွေကို ပြန်ယူမယ်။ ပြန်တိုက်မယ်။ ထိုင်းကိုတော့ ပြန်မသွားသေးဘူး၊ ဒီတိုက်ပွဲထဲကို ပြန်ဝင်မယ်” တပ်သားချမ်းမွန်/ ဒေါနစစ်ကြောင်းထံအလင်းဝင်လာသူမွန်လူငယ်တစ်ဦး

ထိုင်းနိုင်ငံမှ မွန်ပြည်သို့ အလည်အပတ်ပြန်လာစဉ် စစ်မှုထမ်းတပ်သားအဖြစ် အဓမ္မစုဆောင်းခံခဲ့ရပြီးနောက် ဒေါနစစ်ကြောင်းထံ လက်နက်ချအလင်းဝင်သူ မွန်လူငယ်တပ်သားချမ်းမွန်နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေ အပတ်စဉ် (၁) စတင်ချိန်မှစ၍ ပြည်သူများအား ရရာနည်းဖြင့်စစ်မှုထမ်းရန် တရားလက်လွတ် စုဆောင်းလျှက်ရှိသည်။ စစ်ကောင်စီအဖွဲ့နှင့် နီးစပ်သူ၊ ငွေကြေးဖြင့် သိမ်းသွင်းစုဆောင်းနိုင်သူ၊ ရွေ့ပြောင်းလုပ်သားများအပြင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် လူငယ်များမှာ စစ်သင်တန်းသို့ ပို့ဆောင်ခံနေရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မှုထမ်းအပတ်စဉ်တစ်ခုတွင် လူဦးရေ ၅၀၀၀ နှုန်းဖြင့် စုဆောင်းလျှက်ရှိပြီး မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းက စစ်မှုထမ်းသင်တန်းဆင်းတို့သည် စစ်မြေပြင်သို့ ချက်ချင်းသွားရောက်နေ ရသည့် အခြေအနေရှိကြောင်း ဒေသတွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့တို့၏ အချက်အလက်များအရတွေ့ရသည်။

ယင်းသို့ အဓမ္မစစ်မှုထမ်းခံရသူထဲတွင် ထိုင်းနိုင်ငံတွင်နေထိုင်သူဖြစ်ပြီး မွန်ပြည်နယ်ဘက်သို့ အလည်အပတ် ပြန်လာသည့် မွန်လူငယ်ချမ်းမွန်သည် စစ်ကောင်စီ၏ဖမ်းဆီးမှုခံရပြီးနောက် စစ်မှုထမ်းဘဝသို့ ရောက်ရှိရသည့် အပြင် မွန်-ကရင်ပြည်နယ်စပ်ကြား တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းကျေးရွာအနီးရှိ ရဲတံခွန်ရွာသို့ စစ်မှုထမ်းရန် ပို့ဆောင်ခံခဲ့ရသည်။

မွန်လူငယ်တပ်သားချမ်းမွန်သည် စစ်မှုထမ်းတပ်သားအဖြစ်မှ ထွက်ပြေးကာ ဒေါနစစ်ကြောင်းထံ လက်နက်ချ အလင်းဝင် ရောက်လာခဲ့ရာတွင် စစ်သင်တန်းအတွင်း ဖြတ်ကျော်ခဲ့ရသည့်အခက်အခဲ၊ အလင်းဝင်ရောက်လာစဉ် ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်ပတ်သက်ပြီး တပ်သားချမ်းမွန်အား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီတပ်ဖွဲ့ထဲကို ဘယ်လိုရောက်သွားခဲ့တာပါလဲ။ စစ်သင်တန်းကိုရော ဘယ်လိုစုဆောင်း ပို့ဆောင်ခံရတာပါလဲ။

ဖြေ။ ။ ထိုင်းကနေပြန်လာတော့ စစ်ကောင်စီအဖွဲ့တွေနဲ့ ကော့သောင်းမှာဖမ်းခံထိတယ်။ မှတ်ပုံတင်မရှိတဲ့ အတွက်ကြောင့် ၇ ရက်လောက်ပဲ ခေါ်ထားမယ်လို့ပြောတာပေါ့။ ကျနော်က ထိုင်းမှာမွေးတယ်ဆိုတော့ မှတ်ပုံတင် မရှိဘူးလေ။ ကိုယ့်နိုင်ငံကို အလည်ပြန်လာတာပေါ့။ ဒါကလည်း ပထမဆုံးအကြိမ်ပါပဲ။ ၇ ရက်ပြည့်တော့ ထပ်တနေရာကို ပို့လိုက်တယ်။ ပြီးတော့ သင်တန်းသုံးလ တက်ခိုင်းတယ်။ ကိုယ်က စိတ်မပါဘူးလေ။ ၂၄ နာရီ လုံးပဲ အိမ်ပြန်ချင်တဲ့စိတ်ပဲရှိနေတာ။ ဒါပေမဲ့ သူတို့လက်ကနေ ထွက်လာလို့မှမရတာ။

မေး။ ။ စစ်ကောင်စီလက်အောက်ကနေ ဘယ်လိုလွတ်မြောက်လာပြီး ဒေါနစစ်ကြောင်းကို ဘယ်လိုရောက်လာတာပါလဲ။

ဖြေ။ ။ သင်တန်းကဆင်းလာတော့ အစက ကျိုက်ခမီဘက်ကို ပို့ခံရတယ်။ ပြီးတော့ သံဖြူဇရပ်နားက ရဲတံခွန် ရွာကို ပြောင်းလိုက်တယ်။ ကျနော်တို့အဖွဲ့မှာ သူငယ်ချင်း ၇ ယောက်ရှိတယ်လေ။ သူငယ်ချင်းတွေထဲက ဒေါန ဘက်နဲ့ အဆက်သွယ်ရှိနေတော့ ဝင်ဖို့စီစဉ်နေကြတာကြာပြီ။ ပြေးလမ်းရှာဖို့က မလွယ်ဘူးလေ၊ အချိန်လည်း နည်းနေတယ်။ ထွက်ဖို့သည်းခံပြီး စောင့်နေရင်း စောင့်နေရင်းနဲ့ တစ်ရက်မှာ အခွင့်ကောင်းရတာနဲ့ ဒီဘက်ကို ထွက်ပြေးလာတယ်။ ထွက်ပြေးလာတဲ့နေ့ကဆို ဗိုလ်က မြို့တက်သွားတယ်။

ပြီးတော့ အဲနေ့က လမ်းမပေါ်မှာ ကျနော်တို့ ၇ ယောက် အဖွဲ့ကို ကင်းပေးစောင့်ခိုင်းတယ်။ အဲနေ့မှာသာ မထွက်ပြေးဘူးဆိုရင် အချိန်က နည်းတာ ထက်ပိုနည်းသွားမယ်။ အဲ့ဒါကြောင့် ၇ ယောက်ထွက်ပြေးဖို့ သေချာ စီစဉ်ထားပြီးတော့ နေ့လယ်ပိုင်းထမင်းစားပြီးချိန်မှာ တောဘက်ကို ထွက်လာတယ်။ မထွက်ပြေးခင် အဲရွာမှာ နေတုန်းကလည်း ကိုယ့်ရဲ့မွန်လူမျိုးတွေကို အမြဲမေးခဲ့တယ်။ ဒီဘက်လမ်းသွားရင် ဘယ်ရွာရောက်မလဲ၊ ဒီဘက်လမ်းသွားမယ်ဆို သူတို့လိုက်ရဲလား၊ မလိုက်ရဲလား အမြဲသတင်းမေးခဲ့တယ်။

လမ်းမှာတော့စောင့်ရတာ မကြာဘူး။ ၁ နာရီခွဲ၊ ၂ နာရီလောက်ပဲ စောင့်ရတယ်။ ပြီးတော့ သိပ်ပြီးတော့လည်း စိတ်မပူရဘူး။ ဒီဘက်နဲ့ ဆက်သွယ်ထားပြီးပြီဆိုတော့ ဒေါနဘက်ကလည်း ကြိုပြောထားတာရှိတယ်။ သူတို့ လာကြိုမယ်ဆိုရင် လက်နက်တွေကိုမကိုင်ထားနဲ့ လွယ်ပဲလွယ်ထားလို့မှာထားတယ်။ စစ်တပ်အဖွဲ့တွေလည်း နောက်ကနေလိုက်တယ်။ သေနတ်တွေဘာတွေရော အကုန်ပြည့် ပါလာကြတော့ အကယ်လို့ထိပ်တိုက်တွေ့ ကြရင် ပြန်ပစ်မယ်လို့လည်း စီစဉ်ထားပြီးသား။ ဒါပေမဲ့ သူတို့တွေက လူကိုယ်တိုင်နဲ့ မလိုက်ဘူး၊ Drone နဲ့ လိုက်တာ။ ဒီဘက်ကလူတွေလည်း လာကြိုတာမြန်တော့ လွတ်သွားတယ်။ ဒီဘက်က ဒေါနကလူတွေကိုလည်း အမြဲကျေးဇူးတင်နေပါတယ်လို့။

မေး။ ။ စစ်မှုထမ်းသင်တန်းမှာ ဘာတွေသင်ပေးတာရှိလဲ၊ သင်တန်းမှာ မွန်လူငယ်တွေ ဘယ်လောက်အထိ ပါဝင်တက်ရောက်နေတာ တွေ့ရပါလဲ။

ဖြေ။ ။ စစ်တပ်တွေက သေနတ်တွေ၊ လက်နက်တွေကို ဘယ်လိုတပ်ဆင်ရမလဲဆိုတာတွေ အကုန်သင် ပေးတယ်။ ဖုန်းတွေက သူတို့အကုန်သိမ်းလိုက်တယ်။ မိဘတွေနဲ့ အဆက်သွယ်မရဘူး။ အဲဒီထွက်ပြေးလာတဲ့ နေ့ကပဲ သူတို့တွေဖုန်းပေးထားတော့ ဒီဘက်ကလူတွေနဲ့ အဆက်သွယ်ရတယ်ပေါ့။

အဲမှာတော့ မွန်လူမျိုး ၇ ယောက် ၈ ယောက်လောက် ရှိတယ်။ မွန်လူမျိုးတွေအချင်းချင်းဆိုရင် သူတို့တွေ အတူတူမပေးနေဘူး။ မွန်လူမျိုးတစ်ယောက်ဆိုရင် တစ်နေရာဆီ သူတို့ထားထားတယ်။ သူတို့ မပေးစုကြဘူး အဲလိုဖြစ်နေတယ်။ ကိုယ်နေခဲ့တဲ့ နေရာကလည်း ကိုယ်တစ်ယောက်ပဲ မွန်ဖြစ်တယ်။

မေး။ ။ စစ်သင်တန်းကျောင်းက အတွေ့အကြုံ၊ ဖြစ်ရပ်တွေကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ရော်ဘာခြစ်ခိုင်းတယ်။ ကင်းစောင့်ခိုင်းတယ်။ ကျင်းတွေဘာတွေ တူးရတယ်။ ရေတွေ ခပ်ရတယ်။ ရှိသမျှ အလုပ်တွေခိုင်းတယ်။ သူတို့တွေ မပေးနားဘူး၊ နားချိန်မရှိဘူး။ ကိုယ်က နည်းနည်းမှားတာနဲ့ ရိုက်တယ်၊ နှိပ်စက်တယ်။

မေး။ ။ ဒေါနစစ်ကြောင်းထဲကို အလင်းဝင်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာပါလဲ။ ဒီကိုရောက်ဖို့အတွက် လမ်းခရီးမှာ ဘာတွေအခက်ခဲရှိခဲ့ပါလဲ။

ဖြေ။ ။ ဗမာစစ်တပ်တွေကို စိတ်နာတယ်။ သူတို့တွေ လက်နက်ကိုင်ထားပြီးတော့ ဒေသခံပြည်သူတွေကို နှိပ်စက်တာများတယ်။ အဲလို ဖြစ်နေတယ်။ အဲဒါကြောင့် အခုဒီဘက်စစ်ကြောင်းကိုဝင်ပြီး ကိုယ်လုပ်နိုင် သလောက် ကိုယ့်ရဲ့မွန်ဒေသတွေကို ပြန်ယူမယ်။ ပြန်တိုက်မယ်။ ထိုင်းကိုတော့ ပြန်မသွားသေးဘူး။

ဒီတိုက်ပွဲထဲကို ပြန်ဝင်မယ်။ မွန်တပ်ဖွဲ့ ဘယ်နှစ်ဖွဲ့ရှိနေတာကို မသိခဲ့ဘူး။ သူငယ်ချင်းတွေပဲ ဒီဘက်နဲ့ အဆက် သွယ်လုပ်ထားပေးတော့ ဒီဘက်အဖွဲ့ကို ဝင်ရောက်လာတယ်။ အမှန်တကယ်တော့ ကိုယ်ရဲ့မွန်တပ်ဖွဲ့တွေဆို ပိုတောင်ကောင်းတာပေါ့။ ပြီးတော့ အခုနေနေတဲ့ ဒီအဖွဲ့မှာလည်းကောင်းပါတယ်။ နေထိုင်တာရော စားတာရော အရာရာ အဆင်ပြေချောမွေ့ပါတယ်။

မေး။ ။ သင်တန်းအတူတူတက်ရောက်ခဲ့တဲ့ ကျန်တဲ့သူတွေကိုရောဘာတွေမှာချင်တာရှိပါလဲ။

ဖြေ။ ။ ဘာမှလဲ ဝမ်းမနည်းပါနဲ့။ တနေ့ကျရင် ကျန်ခဲ့တဲ့မွန်လူမျိုးနဲ့ သူငယ်ချင်းတွေကို ပြန်ထွက်နိုင်ဖို့၊ လွတ်မြောက်ဖို့ကို ပြန်ခေါ်ထုတ်လာပါ့မယ်လို့ အခုဆိုလည်း ကျနော်တို့မှာ အားလုံးနီးပါးပြည့်စုံနေပြီး အသင့်ဖြစ်နေပါပြီ။

IMNA ပေးပို့သည်။