30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“လေကြောင်းတိုက်ခိုက်မှုတွေကြောင့်က ကျောင်းတက်နေတဲ့ ကလေးငယ်တွေဆိုရင်တော့ ကျောင်းမတက်နိုင်တဲ့ အနေထားမျိုး ဖြစ်နေတယ်။ ဘာလို့လဲဆိုရင်တော့ ဟိုရွာမှာဒီရွာမှာ စာသင်ကျောင်းတွေ ဗုံးကြဲတယ်ဆိုတဲ့ အနေထားမျိုးကို ကလေးတွေကသိနေတဲ့အနေအထားမျိုးမှာ...

“လေကြောင်းတိုက်ခိုက်မှုတွေကြောင့်က ကျောင်းတက်နေတဲ့ ကလေးငယ်တွေဆိုရင်တော့ ကျောင်းမတက်နိုင်တဲ့ အနေထားမျိုး ဖြစ်နေတယ်။ ဘာလို့လဲဆိုရင်တော့ ဟိုရွာမှာဒီရွာမှာ စာသင်ကျောင်းတွေ ဗုံးကြဲတယ်ဆိုတဲ့ အနေထားမျိုးကို ကလေးတွေကသိနေတဲ့အနေအထားမျိုးမှာ ကျောင်းမတက်ရဲတဲ့ အခြေအနေမျိုး ဘုရားကျောင်း မတက်ရဲတဲ့ အခြေအနေမျိုးဖြစ်နေတယ်” ဆလိုင်းမာန်ဟရဲလျန်/ CHRO ပြောရေးဆိုခွင့်ရှိသူ

စစ်ကောင်စီတပ်က ချင်းပြည်သူများကိုလေကြောင်းမှတိုက်ခိုက်ပြီး ရာဇဝတ်မှုကျူးလွန်နေသည့်အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်နှင့် ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းပြည်တွင် ကလေးသူငယ်များအပါအဝင် အရပ်သားသေဆုံးမှု ၁၀၈ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၃၁ ဦး ရှိပြီဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ စာရင်းများအရ သိရသည်။ အဆိုပါစာရင်းကို ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က အောက်တိုဘာလ နောက်ဆုံးပတ်ထဲတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်က ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁,၂၃၉ လုံးထက်မနည်း ကြဲချခဲ့သည်ဟု ဆိုပါသည်။ ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ပိုပြီးတိုးမြင့်လုပ်ဆောင်လာသည်ဟု CHRO က ဆိုသည်။

စစ်ကောင်စီတပ်က ချင်းပြည်သူများကို လေကြောင်းမှတိုက်ခိုက်ပြီး ရာဇဝတ်မှုကျူးလွန်နေသည့်အပေါ်နှင့် ချင်းလူထု၏ မြေပြင်အခြေအနေများအပါအဝင် ချင်းပြည်အတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှုတွေတိုးပြီးတော့ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ချင်းပြည်နယ်မှာလည်း စစ်ကောင်စီဘက်က ဒီနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေ တိုးလာတာမျိုးရော ရှိလားဗျ။ လက်ရှိမြေပြင်က ပြည်သူတွေရဲ့အခြေအနေနဲ့ သူတို့ဘယ်လိုစိုးရိမ်မှုတွေ ရှိနေကြပါလဲ။

ဖြေ။ ။ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုက တစ်နှစ်ပြီးတစ်နှစ် တိုးလာတာကို တွေ့ရတာပေါ့နော။ ဆိုတော့ အဲဒီလေကြောင်းတိုက်ခိုက်မှုကို ကျနော်တို့က စနစ်တကျမှတ်တမ်းတင်ထားတယ်။ အဲဒီမှတ်တမ်း တင်တဲ့အခါမှာ ကျနော်တို့အနေနဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုက စစ်ရေးပစ်မှတ်လား၊ အရပ်သားကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာလားဆိုတာကို ကျနော်တို့ခွဲခွဲခြားခြားနဲ့ မှတ်တမ်းတင်ထားပါတယ်။ ကျနော်တို့ ထုတ်ပြန်ချက်ထဲမှာ ပြည်သူလူထုတွေရဲ့သေဆုံးမှု ပြည်သူလူထုတွေရဲ့ ဒဏ်ရာရရှိမှုတွေကို ထုတ်ပြန်ထားတာ ဖြစ်တယ်။

အဲဒီပြည်သူလူထုတွေရဲ့သေဆုံးမှု ပြည်သူလူထုတွေရဲ့ဒဏ်ရာရရှိမှုတွေကို ကျနော်တို့အနေနဲ့ မှတ်တမ်းတင်တဲ့ အခါမှာ တိုက်ပွဲအတွင်း ဖြစ်တာမဟုတ်ဘဲနဲ့ စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းပြီးရင်တော့ ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး တော့မှ အဲဒီနေရာတွေမှာ ပြည်သူလူထုတွေ အသက်ဆုံးရှုံးမှုတွေ ထိခိုက်နစ်နာမှုတွေ တွေ့ရတာဖြစ်ပါတယ်။ အဓိကအားဖြင့် အရပ်သားပြည်သူသေဆုံးမှုမှာ စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်တာမဟုတ်ဘဲနဲ့ အရပ်သား ပြည်သူလူထုတွေကို တိုက်ခိုက်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ တမင်သက်သက်နဲ့လုပ်ဆောင်တာ များတယ်ဆိုတာ ကို ကျနော်တို့အနေနဲ့ ကောင်းကောင်းလေးမှတ်တမ်းတင်တယ်။

မေး။ ။ ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့အရပ်သားတွေက ဘယ်မြို့နယ်တွေက အများဆုံးပါလဲ။ ဘယ်မြို့နယ်တွေကို စစ်ကောင်စီက အဓိကပစ်မှတ်ထား တိုက်ခိုက်နေတာပါလဲ။

ဖြေ။ ။ ချင်းပြည်ရဲ့မြို့နယ် ၉ မြို့နယ်လုံးမှာ တိုက်ခိုက်မှုတွေ အရပ်သားသေဆုံးမှုတွေ ရှိတယ်ပေါ့နော။ မြို့နယ်အလိုက်ပြောမယ်ဆိုရင်တော့ ပထမအများဆုံးကတော့ မင်းတပ်ပေါ့နော်။ ဒုတိယကတော့ ကန်ပက်လက် နဲ့ မတူပီနဲ့ ထန်တလန်နဲ့ မတိမ်းမယိမ်းနဲ့ လိုက်တယ်ပေါ့နော။ ပြီးရင်တော့ ဖလမ်းမြို့နယ်လည်းပါတယ်။ ဟားခါး မြို့နယ်ပြီးရင်တော့ တွန်းဇံရယ်ပါတယ်ပေါ့နော်။ ချင်းပြည်ရဲ့မြို့နယ် ၉ ခုစလုံးမှာ အရပ်သားသေဆုံးမှုကတော့ အားလုံးရှိနေတယ်။ ချင်းပြည်နယ်မှာ စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ဆင်ရေးကို လုပ်ဆောင်နိုင်ခြင်းမရှိတာ ၂၀၂၂ နှစ်ကုန်နောက်ပိုင်းကနေ ဖြစ်နေပြီပေါ့နော်။ အဓိက မြို့အတွင်းမှာပဲ လုပ်နိုင်ပြီးတော့ တခြားချင်းပြည်နယ်ရဲ့ မြို့တွင်းမဟုတ်တဲ့ နေရာတွေမှာ စစ်ဆင်ရေး မလုပ်နိုင်တာကိုတွေ့ရတယ်။

စစ်ကောင်စီက မြေပြင်စစ်ဆင်ရေး မလုပ်နိုင်တဲ့အခါမှာ အဓိက ဘယ်ကိုအားပြုနေရလဲဆိုတော့ လေကြောင်း တိုက်ခိုက်မှုကို အဓိကထား အားပြုနေတာကိုတွေ့နေရတယ်။ ချင်းပြည်က အာဏာသိမ်းမှုဖြစ်ကတည်းကနေ တိုက်ပွဲအများဆုံးဖြစ်တဲ့ ပြည်နယ်လို့ပြောလို့ရတယ်။ ထန်တလန်ဆိုရင်တော့ မြန်မာပြည်မှာ ပထမဆုံး မီးလောင်တဲ့မြို့။ စစ်ကောင်စီက စစ်မြေပြင်မှာ စစ်ဆင်ရေးမလုပ်နိုင်သော်လည်းပဲ နောက်ဆုံးမှာ ဘာတွေလုပ်လဲ ဆိုတော့ ၂၀၂၃ ကနေစပြီးတော့ လေကြောင်းတိုက်ခိုက်မှုက ထပ်ထပ်ပြီးတော့ တိုးလာတယ်။ အဲလိုတိုးလာတဲ့ အခါမှာ ပြည်သူလူထုတွေက တခြားရန်တွေကို သူတို့အနေနဲ့စိုးရိမ်မှု သိပ်မရှိဘူး။ ဒါပေမယ့်အခုချိန်အထိ ပြည်သူ လူထုတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အစိုးရိမ်ဆုံးတစ်ခုအနေနဲ့ ဖြစ်နေတာကို တွေ့ရတယ်ပေါ့။

မေး။ ။ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာတယ်ဆိုတော့ ထိခိုက်မှုအပိုင်းရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်က ကျောင်းတက်နေတဲ့ ကလေးငယ်တွေဆိုရင်တော့ ကျောင်း မတက်နိုင်တဲ့ အနေထားမျိုး ဖြစ်နေတယ်။ ဘာလို့လဲဆိုရင်တော့ ဟိုရွာမှာဒီရွာမှာ စာသင်ကျောင်းတွေ ဗုံးကြဲတယ် ဆိုတဲ့ အနေထားမျိုးကို ကလေးတွေကသိနေတဲ့အနေအထားမျိုးမှာ ကျောင်းမတက်ရဲတဲ့ အခြေအနေမျိုး ဘုရားကျောင်းမတက်ရဲတဲ့ အခြေအနေမျိုးဖြစ်နေတယ်။

သူတို့အနေနဲ့ ဘယ်ချိန်မဆို လေကြောင်းတိုက်ခိုက်မှုက လာနိုင်တယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေက ရှိနေတယ်။ လေကြောင်းကနေ တိုက်ခိုက်ခံရမှုဒုက္ခကြောင့် စစ်ဘေးရှောင်တွေ အများကြီးတိုးလာတာကို တွေ့ရတယ်။ ကလေးတွေရဲ့ပညာရေး မိဘပြည်သူတွေရဲ့ စားဝတ်နေရေးတွေလည်း အများကြီးထိခိုက်တယ် ပေါ့နော်။

မေး။ ။ CHRO အနေနဲ့ လူထုတွေအပေါ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်သွားဖို့ ဘယ်လို တားဆီးပိတ်ပင်မှုတွေလိုအပ်လဲ။ ဖြစ်နိုင်ချေအရှိဆုံး တားဆီးပိတ်ပင်မှုတွေနဲ့ အရေးယူဆောင်ရွက်မှုတွေက ဘယ်လိုအချက်တွေ ဖြစ်မလဲဗျ။

ဖြေ။ ။ ဒီနေရာမှာ နှစ်ခုစဉ်းစားတာပေါ့နော်။ ပထမတစ်ခုအနေနဲ့ ဒီလိုစစ်ကောင်စီအနေနဲ့ ရာဇဝတ်ကျူးလွန် မှုတွေကို နိုင်ငံတကာအစိုးရတွေအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လုံးဝလက်မခံဘူး။ ဒီကျူးလွန်မှု တွေကိုမလုပ်နိုင်အောင် စစ်ကောင်စီကို သက်ဆိုင်ရာနိုင်ငံတကာခုံရုံးမှာ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ လိုတယ်ဆိုတဲ့ဟာက ပထမဆုံးအနေနဲ့ဖြစ်ပါတယ်။

ပြီးတော့ ဒုတိယတစ်ခုအနေနဲ့ စစ်ကောင်စီအနေနဲ့ ဒီလို စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာက နိုင်ငံတကာဆီ ကနေ လက်နက်ခဲယမ်းတွေ ပြီးတော့လေကြောင်းနဲ့ ပတ်သက်ပြီးတော့ လေယာဉ်ဆီတွေ ရနေသေးတယ်ပေါ့ နော်။ အဲဒီဟာတွေ တိုက်တွန်းချက်တွေထဲမှာလည်း ပါပြီးသွားပြီပေါ့နော်။ နိုင်ငံတကာအစိုးရတွေ အဖွဲ့စည်းတွေ အနေနဲ့ စစ်ကောင်စီကို လက်နက်နဲ့ပတ်သက်ပြီး အရေးယူမှုတွေလုပ်ဖို့ လိုအပ်တယ်။ အမြန်ဆုံး ရပ်တန်းကနေ ရပ်တန့်သင့်တယ်။ အဲဒါမှ စစ်ကောင်စီရဲ့ရာဇဝတ်မှုတွေ အရပ်သားတိုက်ခိုက်မှုတွေ သေဆုံးမှုတွေကို ရပ်တန့်နိုင်မှာ ဖြစ်တယ်လို့ ယူဆတယ်ပေါ့နော်။

မေး။ ။ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ ချင်းပြည်မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုက အရပ်သားတွေကို တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်ဆိုတာမျိုး ပြောတာတွေရှိနေတယ်လေနော်။ ဆိုတော့ ဒီအချက်အပေါ်မှာရော ဘယ်လိုသုံးသပ်ချင်ပါလဲ။

ဖြေ။ ။ အရပ်သားပြည်သူသေဆုံးမှုဖြစ်စဉ် လေကြောင်းတိုက်ခိုက်မှုက မတော်တဆသေဆုံးတာမျိုး လုံးဝ မတွေ့ရဘူး။ တိုက်ပွဲဖြစ်စဉ်မှာ အရပ်သားပြည်သူလူထုကို မတော်တဆသေဆုံးမှုဖြစ်စေတာကို ကျနော်တို့ မတွေ့ရဘူး။ ဆိုတော့ ဘာသာရေးဝတ်ပြုကိုးကွယ်မှုလုပ်တဲ့အချိန်မှာ ပြီးရင်တော့ စာသင်ကျောင်းတွေမှာ ပြီးရင်တော့ ဆေးရုံတွေမှာတိုက်ခိုက်တဲ့အခါမှာ အရပ်သားပြည်သူတွေ သေဆုံးတာ အများဆုံးဖြစ်တာကို ကျနော်တို့တွေ့ရတယ်။ ဒါတွေကို ကျနော်တို့မှတ်တမ်းတင်မှုအရ စစ်ကောင်စီအနေနဲ့ စနစ်တကျ အရပ်သား ပြည်သူတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်တာကိုတွေ့ရတယ်။

မေး။ ။ လူထုကိုရည်ရွယ်ချက်ရှိရှိ စနစ်တကျနဲ့ တိုက်ခိုက်နေတယ်ဆိုတော့က ဒါက စစ်ကောင်စီတပ်အနေနဲ့ ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်နေတာပါလဲ၊ အဲ့ဒီအပေါ်ရော CHRO အနေနဲ့ ဘာဆက်လုပ်သွားဖို့ရှိပါလဲ။

ဖြေ။ ။ ဆိုတော့ အဲဒါတွေကို စစ်ရာဇဝတ်မှု war crime လို့ ကျနော်တို့ ကောင်းကောင်းကောက်ချက်ချလို့ ရတယ်။ ကျနော်တို့အနေနဲ့ သက်သေတွေ ရှိနေတယ်ပေါ့နော်။ ဆိုတော့ ကျနော်တို့ပြုစုတဲ့ စစ်ရာဇဝတ်မှုတွေကို ကျနော်တို့ တနေ့နေ့တချိန်ချိန်မှာ အချိန်ကျတဲ့အခါမှာ ပြီးရင်တော့ အခုချိန်မှာတော့ ကျနော်တို့ CHRO အနေနဲ့ နိုင်ငံတကာတရားခုံရုံးမှာ သော်လည်းကောင်း ဖြစ်နိုင်တဲ့နည်းလမ်းတွေရှိတဲ့ ယန္တရားတွေကို စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊တာဝန်ခံမှုရှိအောင် ကျနော်တို့စဉ်းစားထားတာ ရွေးထားတာ၊ လုပ်ဆောင်ရမယ့် ရှေ့ဆက်လုပ်ငန်း တွေမှာ ပါဝင်တယ်ဆိုတဲ့ဟာ ပြောချင်တယ်ပေါ့နော်။

NMG ပေးပို့သည်။