“လူထုရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်တဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” တရားရေးဌာန တာဝန်ခံ ပဒိုနော်လွဲထူးစေး

By MPM 10 ဇွန်, 2026 👁

KNU တရားရေးဌာန တာဝန်ခံ ပဒိုနော်လွဲထူးစေးနှင့် အမေးအဖြေ

ကော်သူးလေနယ်မြေအတွင်း ပြည်သူလူထု ယုံကြည်ကိုးစားနိုင်သည့် တရားရေးစနစ်တစ်ခု ဖော်ဆောင်နိုင်ရန်အတွက် အလွှာစုံကရင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၇၀) ကျော် ပါဝင်သည့် “ပထမအကြိမ်မြောက် ကော်သူးလေ တရားမျှတမှုဖိုရမ်” ကို ဇွန်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သည်။

လက်ရှိ တော်လှန်ရေးကာလအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လုံခြုံရေး၊ လူမှုစီးပွားရေး၊ မြေယာနှင့် သတ္တုတွင်း ဆိုင်ရာ ပြဿနာများအပါအဝင် တရားမျှတမှုဆိုင်ရာ စိန်ခေါ်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းသွားမည်နည်း။

ထို့အပြင် တရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အရေးပါပုံနှင့် နယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍများနှင့် ပတ်သက်၍ ကေအဲန်ယူ တရားရေးဌာန တာဝန်ခံ ပဒိုနော်လွဲထူးစေးကို ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ယခုလို တော်လှန်ရေးကာလ အရှိန်မြင့်နေသည့်အချိန်တွင် ကော်သူးလေ တရားမျှတမှုဖိုရမ်ကို ကျင်းပရသည့် အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းပြပေးပါဦး။

ကော်သူးလေဒေသအတွင်း တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးကို ပိုမိုအားကောင်းလာစေဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ လူထုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် လက်တွေ့ကျတဲ့ အဖြေတွေကို အတူတကွ ရှာဖွေနိုင်ဖို့ ဒီဖိုရမ်ကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ တော်လှန်ရေးကာလအတွင်းမှာ လုံခြုံရေး၊ လူမှုစီးပွားရေး၊ မြေယာ၊ သဘာဝသယံဇာတနဲ့ တရားမျှတမှု ဆိုင်ရာ စိန်ခေါ်မှုတွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ဒါကြောင့် တရားရေးဌာန တစ်ခုတည်းက ဖြေရှင်း နိုင်မှာ မဟုတ်ဘဲ သက်ဆိုင်ရာဌာနတွေ၊ ကော်မတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထုကိုယ်စား လှယ်တွေ အားလုံး အတူတကွ ဆွေးနွေးပြီး ရှေ့ဆက်လုပ်ဆောင်မယ့် လမ်းကြောင်းတွေကို ချမှတ်နိုင်ဖို့ ဒီဖိုရမ်ကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ ဒီဖိုရမ်ကနေ ဘယ်လို အဓိကရလဒ်တွေနဲ့ ဘုံသဘောတူညီချက်တွေကို ရရှိခဲ့လဲဆိုတာ ပြန်လည်မျှဝေပေးပါဦး။

ဒီဖိုရမ်ရဲ့ အဓိကရလဒ်ကတော့ ကော်သူးလေဒေသအတွင်း တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးကို ပိုမို အားကောင်းလာစေရေးအတွက် ဘုံနားလည်မှုတစ်ခု ရရှိခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် တရားဥပဒေစိုးမိုးရေး အားကောင်းရေး၊ လူထုအခွင့်အရေးနဲ့ လုံခြုံရေး၊ ကာကွယ်ရေး၊ မြေယာနဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲမှု၊ အမျိုး သမီးနဲ့ လူငယ်များ ပါဝင်မှု မြှင့်တင်ရေးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး စတဲ့ အဓိကကဏ္ဍတွေမှာ ဘုံကတိကဝတ်တွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီဖိုရမ်ဟာ ဆွေးနွေးပွဲတစ်ခုတည်း မဟုတ်ဘဲ ရှေ့ဆက်ပြီး ပုံမှန်ညှိနှိုင်းဆောင်ရွက်မှုတွေ၊ သတင်းအချက်အလက် ဖလှယ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ အစပြုမှုတစ်ခုလည်း ဖြစ်ပါတယ်။

မေး။ ။ ကော်သူးလေဒေသအတွင်း ပျံ့နှံ့လာနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖိုရမ်မှာ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာရှိလဲ။

အွန်လိုင်းလိမ်လည်မှုကိစ္စဟာ အခုနှစ်ပိုင်းအတွင်း ကော်သူးလေဒေသမှာ အလွန်စိုးရိမ်ဖွယ်ရာ ပြဿနာတစ်ခုအဖြစ် ပေါ်ပေါက်လာတာကို ကျမတို့ တွေ့ရပါတယ်။ ဒါဟာ ငွေကြေးလိမ်လည်မှုတစ်ခုတည်း မဟုတ်ဘဲ လူကုန်ကူးမှု၊ တရားမဝင်လုပ်ငန်းတွေအပါအဝင် အခြားသော ရာဇဝတ်မှုများစွာနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် အချို့သော အွန်လိုင်းလိမ်လည်မှုစင်တာတွေမှာ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်သလိုလို၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုနေသလိုလို ပုံဖော်လာကြတာကိုလည်း တွေ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တရားမဝင်လုပ်ငန်းတွေကို ပုံမှန်စီးပွားရေးလုပ်ငန်းတွေလို မြင်လာပြီး လက်ခံလာကြတဲ့ အန္တရာယ်ရှိပါတယ်။ ဒါဟာ ရာဇဝတ်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးအားမြှောက်ပြုရာ ရောက်ပါတယ်။

ဒီပြဿနာရဲ့ သက်ရောက်မှုဟာ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေတင်မကဘဲ တရားဥပဒေစိုးမိုးရေး၊ လူထုလုံခြုံရေး၊ လူ့ဂုဏ်သိက္ခာနဲ့ ကော်သူးလေဒေသမှာ တရားဥပဒေစိုးမိုးရေး တည်ဆောက်နေတဲ့ လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာကို ဖိုရမ်အတွင်းမှာ ထည့်သွင်းဆွေးနွေးပြီး အတူတကွ အဖြေရှာဖို့ မြင်ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဖိုရမ်အတွင်းမှာ အွန်လိုင်းငွေလိမ်လည်မှုကိစ္စတစ်ခုတည်းကိုပဲ သီးသန့်ဦးတည်ပြီး ဆွေးနွေးခဲ့တာတော့ မဟုတ်ပါဘူး။ စီးပွားရေးအခြေအနေနဲ့ တရားဥပဒေစိုးမိုးရေးကြားက အပြန် အလှန်သက်ရောက်မှုတွေကို အဓိကထား ဆွေးနွေးခဲ့ကြတာပါ။ အဲဒီဆွေးနွေးမှုအတွင်းမှာ အွန်လိုင်း ငွေလိမ်လည်မှုကိစ္စဟာ လက်ရှိအချိန် စီးပွားရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေတဲ့ အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်တဲ့အတွက် အထူးအလေးထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဖိုရမ်အနေနဲ့ ဒီပြဿနာကို တရားဥပဒေစိုးမိုးရေး၊ လူ့ဂုဏ်သိက္ခာနဲ့ လူထုလုံခြုံရေးကို ထိခိုက်စေတဲ့ စိန်ခေါ်မှုတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ဒါကြောင့် လူထုအသိပညာပေးရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ လူထုအကာအကွယ်ပေးရေးလုပ်ငန်းတွေကို ပိုမိုအားကောင်းလာစေဖို့ သဘောတူခဲ့ကြပါတယ်။

မေး ။ ။ သတ္တုတွင်းလုပ်ငန်းတွေရဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိ ကော်သူးလေဒေသမှာ သတ္တုတွင်းပြဿနာတွေက ဘယ်လောက်အထိ ကြီးမားနေပြီလဲ၊ ဒါကိုကော ဘယ်လိုမျိုး ကိုင်တွယ်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားကြလဲ။

ဖိုရမ်အတွင်း ဆွေးနွေးမှုတွေကနေ ထွက်ပေါ်လာတဲ့ အဓိကစိုးရိမ်ပူပန်မှုကတော့ လုပ်ထုံးလုပ်နည်းမညီညွတ်တဲ့ သတ္တုတွင်းလုပ်ငန်းတွေဟာ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်သလို၊ အဲဒီအ ကျိုးဆက်တွေက လူထုဘဝလုံခြုံရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေအပေါ်အထိ ဆက်လက် သက်ရောက်လာနိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် မြေယာနဲ့ သဘာဝသယံဇာတတွေဟာ လူထုရဲ့ အသက်မွေးဝမ်းကျောင်းမှု၊ ယဉ်ကျေးမှုဘဝတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် သတ္တုတွင်းကိစ္စကို စီးပွားရေးရှုထောင့်တစ်ခုတည်းက မကြည့်ဘဲ လူထုအကျိုးစီးပွားနဲ့ ရေရှည်တည်တံ့တဲ့ စီမံခန့်ခွဲမှုရှုထောင့်ကနေ ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဖိုရမ်အနေနဲ့ မြေယာနဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲမှုတွေကို လူထုပါဝင်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင် သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပေါ် အခြေခံပြီး ဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်။

မေး။ ။ လက်ရှိ KNU ရဲ့ တရားစီရင်ရေးစနစ်မှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေလဲ၊ အရင်ကထက် ပိုပြီးတော့ စနစ်ကျပြီး လွှမ်းခြုံမှုရှိလာအောင်ကော ဘာတွေ ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ မြင်ပါသလဲ။

လက်ရှိအချိန်မှာ ကော်သူးလေဒေသအတွင်း ပဋိပက္ခအခြေအနေတွေ ဆက်လက်ဖြစ်ပွားနေသလို၊ နေရပ်စွန့်ခွာတိမ်းရှောင်မှုတွေ၊ လူထုရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေတွေကြားမှာ လူထုအနေနဲ့ တရားမျှတမှုကို လက်လှမ်းမီဖို့နဲ့ တရားရေးဝန်ဆောင်မှုတွေကို ရယူဖို့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကော်သူးလေဒေသမှာ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ တရားရေးဆိုင်ရာ အဖွဲ့အစည်းအမျိုးမျိုး ရှိနေတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာဖို့ လိုအပ်ပါတယ်။ လူထုရဲ့ လိုအပ်ချက်တွေ၊ ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာဖို့လည်း ဆက်လက်ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျမတို့အနေနဲ့ တရားစီရင်ရေးယန္တရား ပိုမိုအားကောင်းလာဖို့ဆိုရင် ဥပဒေမူဝါဒတွေ၊ လုပ်ထုံး လုပ်နည်းတွေကို ဆက်လက်အားကောင်းလာစေဖို့၊ တရားရေးဝန်ထမ်းတွေရဲ့ စွမ်းရည်မြှင့်တင်မှုကို ဆောင်ရွက်ဖို့၊ တရားရေးဝန်ဆောင်မှုတွေကို လူထုလက်လှမ်းမီမှု ပိုမိုကောင်းမွန်လာစေဖို့နဲ့ လူထုရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်တဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဖိုရမ်အတွင်းမှာလည်း တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးကို အဖွဲ့အစည်းတစ်ခုတည်းက တာဝန်အဖြစ် မမြင်ဘဲ သက်ဆိုင်ရာဌာနတွေ၊ တရားရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထုတို့ အားလုံး ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်ပြီး လူထုအတွက် အကျိုးရှိတဲ့ တရားရေးစနစ်တစ်ခု တည်ဆောက် နိုင်မယ်ဆိုတဲ့ ဘုံနားလည်မှုကို ရရှိခဲ့ပါတယ်။ အခြေခံအားဖြင့်တော့ ကျမတို့ရဲ့ ရည်မှန်းချက်က လူထုယုံကြည်မှုရှိပြီး၊ လူထုလက်လှမ်းမီတဲ့၊ တရားမျှတမှုကို ပိုမိုထိရောက်စွာ ဖော်ဆောင်ပေးနိုင်တဲ့ တရားစီရင်ရေးယန္တရားတစ်ခု ဖြစ်လာဖို့ ဖြစ်ပါတယ်။

မေး ။ ။ မြေယာနဲ့ သဘာဝသယံဇာတ စီမံခန့်ခွဲမှုတွေမှာ လူထုပါဝင်မှု၊ ပွင့်လင်းမြင်သာမှုတွေရှိရှိနဲ့ ဆောင်ရွက် သွားဖို့ ဖိုရမ်မှာ သဘောတူခဲ့ကြတယ်။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာ အကျိုးစီးပွား ပဋိပက္ခတွေနဲ့ မြေယာပြဿနာတွေ ကြုံလာရတဲ့အခါ ဒီသဘောတူညီချက်အတိုင်း ဖြစ်လာအောင် ဘယ်လို လက်တွေ့ကျတဲ့ ယန္တရားတွေနဲ့ အကောင်အထည်ဖော်သွားဖို့ ရှိမလဲ။

ဒီမေးခွန်းက အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လူထုပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဆိုတာတွေက စာရွက်ပေါ်မှာ သဘောတူထားရုံနဲ့ မလုံလောက်ဘဲ လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ ယန္တရားတွေ ရှိဖို့ လိုအပ်လို့ပါ။ ဖိုရမ်မှာလည်း အားလုံး သဘောတူခဲ့ကြတာက မြေယာနဲ့ သဘာဝသယံဇာတဆိုင်ရာ ကိစ္စတွေကို ဌာနတစ်ခု တည်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုတည်းက ဆုံးဖြတ်တာထက် သက်ဆိုင်ရာဌာနတွေ၊ ဒေသခံလူထုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အခြားသက်ဆိုင်သူတွေကြား ပုံမှန်ဆွေးနွေးညှိနှိုင်းမှုတွေ ရှိဖို့ လိုအပ်တယ်ဆိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ရှေ့ဆက်ပြီးတော့ ပုံမှန်ဆွေးနွေးညှိနှိုင်းရေး မျက်နှာစာတွေ၊ သတင်းအချက်အလက် ဖလှယ်ရေး ယန္တရားတွေ၊ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေကို ပိုမိုအားကောင်းလာစေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မြေယာနဲ့ သဘာဝသယံဇာတဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ ဒေသခံလူထုတွေရဲ့ အသံနဲ့ အမြင်တွေကို ကြိုတင်ပြီး ကနဦးနားထောင်နိုင်ဖို့၊ စိုးရိမ်ပူပန်မှုတွေကို တင်ပြနိုင်ဖို့နဲ့ သက်ဆိုင်ရာဌာနတွေထံ စနစ်တကျ လွှဲပြောင်းတင်ပြနိုင်ဖို့ ယန္တရားတွေ ရှိဖို့ လိုအပ်ပါတယ်။

ကျမတို့ မြင်တာကတော့ မြေယာနဲ့ သယံဇာတဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ အရေးကြီးဆုံးက လူထုရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။ အဲဒီယုံကြည်မှုကို ရရှိဖို့ဆိုရင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုနဲ့ လူထုပါဝင်မှုကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ စနစ်တွေ ပိုမိုအားကောင်းလာဖို့ ကြိုးစားသွားမှာပါ။

မေး ။ ။ တရားမျှတမှု ဖော်ဆောင်ရေးဖြစ်စဉ်မှာ ကော်သူးလေအမျိုးသမီးကွန်ရက်အပါအဝင် အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါသလဲ။ ပြီးတော့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်မှု ပိုမိုအားကောင်းလာစေဖို့အတွက်ကော ဘာတွေ ဆွေးနွေးခဲ့တာရှိလဲ။

အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ တရားမျှတမှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ အလွန်အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဒီဖိုရမ်ကို စီစဉ်တဲ့အချိန်ကတည်းက အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ ဦးဆောင်မှုကို အလေးထားပြီး ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဖိုရမ်မှာ ပါဝင်တက်ရောက်သူ စုစုပေါင်း ၁၇၇ ဦးရှိတဲ့အထဲမှာ အမျိုးသမီး ၇၇ ဦး ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Panel Discussion သုံးခုမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ Panelist ၁၀ ဦးအနက် ၄ ဦးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အမျိုးသမီးခေါင်းဆောင်တွေကိုယ်တိုင်လည်း ဆွေးနွေးမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဦးဆောင်ခဲ့ကြပါတယ်။

ကျမတို့အနေနဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်မှု ပိုမိုအားကောင်းလာစေဖို့ဆိုရင် အမျိုးသမီးတွေကို အကျိုးခံစားခွင့်ရသူတွေအဖြစ်ပဲ မမြင်ဘဲ ဆုံးဖြတ်ချက်ချမှတ်မှုလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရရှိတဲ့သူတွေ၊ ဦးဆောင်သူတွေ ဖြစ်လာစေဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဖိုရမ်အတွင်းမှာလည်း အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ ပိုမိုထိခိုက်လွယ်တဲ့ အုပ်စုတွေရဲ့ အသံတွေကို တရားမျှတမှုနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေထဲမှာ ပိုမိုထင်ဟပ်လာစေဖို့ အလေးထား ဆွေးနွေးခဲ့ကြပါတယ်။ အခြေခံအားဖြင့်တော့ တရားမျှတမှုကို ဖော်ဆောင်တဲ့အခါ အမျိုးသမီးတွေဟာ ပါဝင်သူတွေတင် မဟုတ်ဘဲ ဦးဆောင်သူတွေအဖြစ် ပိုမိုပါဝင်လာနိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ ဘုံနားလည်မှုကို ဒီဖိုရမ်က ပိုမိုခိုင်မာစေခဲ့တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ကော်သူးလေနယ်မြေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေအနေနဲ့ မိမိတို့ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို သိရှိပြီးတော့ တရားဥပဒေစိုးမိုးရေးဖြစ်စဉ်မှာ ပူးပေါင်းပါဝင်လာနိုင်ဖို့အတွက် ပဒိုအနေနဲ့ ဘာများ ဖြည့်စွက်တိုက်တွန်းချင်ပါသလဲ။

တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးဟာ တရားရေးဌာနတစ်ခုတည်းက တာဝန် မဟုတ်ပါဘူး။ အားလုံးရဲ့ တာဝန်တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီထဲမှာမှ အရေးကြီးဆုံးကတော့ ပြည်သူလူထုပါပဲ။ လူထုကိုယ်တိုင် ပါဝင်ပူးပေါင်းမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ အခွင့်အရေးတွေကို သိရှိနားလည်ဖို့၊ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့နဲ့ ရပ်ရွာအရေးကိစ္စတွေမှာ တက်ကြွစွာ ပါဝင်ဖို့ တိုက်တွန်းလိုပါတယ်။ တရားမျှတမှုကို တည်ဆောက်ရာမှာ လူထုရဲ့ အသံနဲ့ ပါဝင်မှုဟာ အလွန်အရေးကြီးပြီး၊ အားလုံးပူးပေါင်းဆောင်ရွက်မှသာ ကော်သူးလေဒေသအတွက် ပိုမိုတရားမျှတပြီး ယုံကြည်မှုရှိတဲ့ အနာဂတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ကေအိုင်စီ