4 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“လုံခြုံရေးကတော့ စိတ်ချရတယ်လို့ ပြောလို့မရဘူး။ တစ်ဖက်က တိုက်ခိုက်မှုတွေ ရှိနေတယ်။ အထူးသဖြင့် ပွိုင့်ဖိုက်လိုလက်နက်အမျိုးအစားနဲ့ အဲ့ဒီဆိုက်ကို ပစ်ခတ်တာရှိသလို ဒရုန်းတွေနဲ့လည်း ပစ်တာရှိတယ်”...

“လုံခြုံရေးကတော့ စိတ်ချရတယ်လို့ ပြောလို့မရဘူး။ တစ်ဖက်က တိုက်ခိုက်မှုတွေ ရှိနေတယ်။ အထူးသဖြင့် ပွိုင့်ဖိုက်လိုလက်နက်အမျိုးအစားနဲ့ အဲ့ဒီဆိုက်ကို ပစ်ခတ်တာရှိသလို ဒရုန်းတွေနဲ့လည်း ပစ်တာရှိတယ်” KNU ပြောခွင့်ရ ပဒိုစောကလယ်စေး

မင်းလက်ပံကျားဖြန့်လုပ်ငန်း အခြေအနေနှင့်ပတ်သက်ပြီး KNU ပြောခွင့်ရသူနှင့် ဆက်သွယ်မေးမြန်းချက်

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မင်းလက်ပံရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA လုံခြုံရေးယူထားသည့် အွန် လိုင်းငွေလိမ်ခြံဝင်းကို နိုဝင်ဘာ (၂၁) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များ ဖော်ထုတ်ထိန်းချုပ်လိုက်ပြီးနောက် ကျားဖြန့်လုပ်သား ၂,၀၀၀ ဝန်းကျင်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ကေအဲန်ယူက နိုဝင်ဘာ (၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုနောက်ပိုင်း နယ်မြေအခြေအနေ၊ ကျားဖြန့်လုပ်သားများကို ထိန်းသိမ်းပို့ဆောင်ရေး ကေအဲန်ယူ လုပ်ဆောင်ချက်၊ အဓိကတာဝန်ရှိသည့် DKBA နှင့် မည်သို့မည်ပုံညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းတို့ကို သိရှိနိုင်ရန် ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေ့ကနေ လက်ရှိအချိန် မင်းလက်ပံနေရာက ကျားဖြန့်လုပ်သား ဘယ်လောက် ဖော်ထုတ်ပြီး ဘယ်လောက်ကျန်သေးလဲ။ ကေအဲန်ယူအနေနဲ့ သူတို့ကို ဘယ်လိုထိန်းသိမ်းထားသလဲ သိပါရစေ။

ဖြေ။ ကျားဖြန့်လုပ်ကိုင်သူ နှစ်ထောင်ကျော်ထဲမှာ နိုင်ငံခြားသားတွေလည်း ပါတယ်။ ပြည်တွင်းထဲက မြန်မာနိုင်ငံသားတွေလည်းပါတယ်။ လက်ရှိအခြေအနေအရကတော့ ကျနော်တို့နိုင်ငံခြားသားတွေကို သူတို့သွားချင်တဲ့နေရာတွေ သွားနိုင်ဖို့စီစဥ်ပေးရတာရှိတယ်။ များသောအားဖြင့် မြန်မာအသိုင်း အဝိုင်း ကဆိုရင် ဈေးရောင်းတဲ့လူတွေလည်းပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့မိခင်တွေကျတော့ ဈေးရောင်းတဲ့လူတွေလည်း ပါတာပေါ့။ လက်ရှိကတော့ နိုင်ငံခြားသားထဲက ၇၀၀ ကျော်ကျော် လောက်ကို တစ်ဖက်နိုင်ငံကိုပို့ဆောင်ပေးပြီးပါပြီ။ အများအားဖြင့်ကတော့ ထိုင်းနဲ့ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ စိစစ်မှုတွေဆက်ပြီးလုပ်နေရဦးမယ်၊ အချိန်လည်းပေးရဦးမယ်။ လက်ရှိကတော့စိစစ်မှုတွေမပြီးသေးပါဘူး။

မေး။ ကျားဖြန့် နိုင်ငံခြားသားထဲမှာ လက်နက်ကိုင်ဆောင်တဲ့သူတွေလည်းရှိနေပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေကြတယ်လို့ ကြားသိရတယ်။ အဲဒီနေရာမှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေလဲ ပြောပြပေးလို့ရမလား။

ဖြေ။ ကျားဖြန့်လုပ်ကိုင်တဲ့သူတို့အချင်းချင်း ဝရုန်းသုန်းကားဖြစ်ခဲ့တာပေါ့။ တချို့ က လက်နက်ကိုင်ဆောင်ထားတာ ပထမ ကျနော်တို့ မသိခဲ့ဘူး။ နောက်မှ သူတို့ကိုင်ထားတဲ့လက်နက်တွေနဲ့ အချင်းချင်းစကားများပြီး ဝရုန်းသုန်းကားဖြစ်တဲ့အပေါ်မှာ ကျနော်တို့ တာဝန်ရှိခေါင်းဆောင်တွေက သွားရောက်ကိုင်တွယ်လို့ ပြီးပြီ။ အဲဒီလူတွေကိုလည်း တစ်ဖက်နိုင်ငံကို ပို့ပြီးပါပြီ။

မေး။ DKBA ဘက်က လက်နက်ချထားတဲ့တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကိုလည်း ပြောပြပေးပါဦး၊ တဖက်ကတာဝန်ရှိသူတွေနဲ့ ဘယ်လိုညှိနှိုင်းမှုတွေရှိသလဲ။

ဖြေ။ DKBA ဘက်က လက်နက်ချတဲ့တပ်ဖွဲ့ဝင်၂၀၀ ကျော်ကတော့ အဲဒီထဲမှာပဲအတူတူရှိနေတယ်။ ကျနော်တို့ရဲ့ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရှိနေပါတယ်။

မေး။ မင်းလက်ပံကျားဖြန့်ခြံဝင်းထဲမှာ KNU ဘက်က လောလောဆယ် နေရာယူထားရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။ တဖက်မှာလည်း တိုက်ပွဲနေရာဖြစ်နေတော့ လုံခြုံရေးဘယ်လောက်ထိ အာမခံနိုင်လဲ၊ ဘာတွေဆက်လုပ်မလဲ။

ဖြေ။ လုံခြုံရေးကတော့ စိတ်ချရတယ်လို့ ပြောလို့မရဘူး။ တစ်ဖက်က တိုက်ခိုက်မှုတွေ ရှိနေတယ်။ အထူးသဖြင့် ပွိုင့်ဖိုက်လိုလက်နက်အမျိုးအစားနဲ့ အဲ့ဒီဆိုက်ကိုပစ်ခတ်တာရှိသလို ဒရုန်းတွေနဲ့လည်း ပစ်တာရှိတယ်။

မေး။ ဖြစ်တဲ့ရက်ကနေ အခုက လေး ရက်လောက်ကြာပြီဆိုတော့ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာဘက်က ဘယ်လိုညှိနှိုင်းဆောင်ရွက်မှု ရှိသလဲ။

ဖြေ။ လတ်တလောကတော့ နိုင်ငံတကာအစိုးရတွေအနေနဲ့ သူတို့နိုင်ငံသားတွေကိုခေါ်ယူနိုင်ဖို့ ကျနော်တို့ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ တစ်ဖက်ကလည်း ကျနော်တို့သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေကိုလည်း သက်ဆိုင်ရာနိုင်ငံရဲ့အဖွဲအစည်းတွေကို လွှဲပြောင်းပေးအပ်ဖို့စီစဥ်ထားတာ ရှိပါတယ်။

မေး။ DKBA က သူ့နယ်မြေမှာ နိုင်ငံခြားသားမသယ်ရဘူးလို့ အမိန့်ထုတ်ထားတယ် ၊ အခုက သူထိန်းချုပ်နေရာမှာဒီလိုဖြစ်ခဲ့တာဆိုတော့ သူ့ဘက်ကရော ဒီအပေါ် မှာ အကူအညီပေးမှာလား၊ ဒါမှမဟုတ်တခြား ဘာတွေပြောလာတာ ရှိသလဲ။

ဖြေ။ DKBA ရဲ့ထုတ်ပြန်ကြေညာချက်ကတော့ ကျနော်တို့အနေနဲ့ နားမလည်ဘူးလို့ပဲ ပြောလို့ရပါတယ်။

ကေအိုင်စီ