“လိုအပ်တဲ့ပစ္စည်းတွေကို မြို့ပေါ်မှာ ဝယ်ယူသယ်ယူဖို့ တအားခက်ခဲတယ်။ ဂိတ်တွေမှာ စစ်ဆေးတာ တအားများတဲ့အပြင် တချို့ဆို ဖမ်းဆီးထိန်းသိမ်းတာတွေတောင်ရှိတယ်” စောနေကော်မူး (KRC ပြောရေးဆိုခွင့်ရှိသူ)

By MPM 22 ဇွန်, 2026 👁

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ – KRC ၏ ပြောရေးဆိုခွင့်ရှိသူ စောနေကော်မူး

ပြီးခဲ့သည့်မတ်လက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သည့် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်မှာ လက်ရှိအချိန်ထိလည်း စစ်အုပ်စုစစ်ကြောင်းထိုးလှုပ်ရှားမှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပေါ်နေ၍ ဇွန်လ မိုးတွင်းကာလရောက်သည်အထိ ဒေသခံလူထု စစ်ဘေးရှောင်နေရဆဲ အခြေအနေရှိသည်။

စားဝတ်နေရေးအပြင် စစ်ရှောင်များလတ်တလောကြုံတွေ့နေရသည့်အခက်အခဲ၊ လိုအပ်ချက်နှင့် အကူအညီရရှိမှုအပေါ်တွင် လယ်ဒိုမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ – KRC ၏ ပြောရေးဆိုခွင့်ရှိသူ စောနေကော်မူးနှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ဒီ ၂၀၂၆ ခုနှစ်ထဲမှာ လယ်ဒိုမြို့နယ်အတွင်း လက်ရှိ စစ်ဘေးရှောင်ဦးရေ ဘယ်လောက်အထိ ရှိနေပါသလဲ။

ဖြေ ။အခုဆိုရင် လယ်ဒိုမြို့နယ်ထဲမှာ စစ်ရှောင်ဦးရေ ထောင်ဂဏန်းလောက်ရှိမယ် ကျေးရွာပေါင်း (၃၀) ဝန်းကျင် ရှိပါတယ်။ အိမ်ထောင်စုအလိုက် အသေးစိတ်စာရင်းကိုတော့ လက်လှမ်းမမီသေးတဲ့ နေရာတွေ ရှိနေလို့ လက်ရှိမှာ စာရင်းကောက်ယူဆဲပဲ ရှိပါတယ်။

မေး။ စစ်ဘေးသင့်ပြည်သူတွေ အခု မိုးဦးကျကာလမှာ နေရပ်ပြန်နိုင်တဲ့ အခြေအနေ ရှိပါသလား။ ဘာကြောင့်လဲ။

ဖြေ – လက်ရှိမှာတော့ နေရပ်မပြန်နိုင်သေးတဲ့ ကျေးရွာတွေ ရှိသလို ပြန်လို့ရပေမယ့် ပြန်မနေရဲဘဲ သွားကြည့်ရုံသက်သက်ပဲ ရှိတဲ့ရွာတွေလည်း ရှိပါတယ်။ စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုတွေ ရှိနေသေးတဲ့အပြင် အနီးနားမှာလည်း စစ်ကြောင်းထိုး တပ်စွဲထားတာတွေ ရှိနေလို့ ပြည်သူတွေ မပြန်ရဲကြသေးတာပါ။

မေး ။မိုးထဲရေထဲ လတ်တလော စစ်ဘေးရှောင်တွေအတွက် အရေးအကြီးဆုံး လိုအပ်ချက်နဲ့ ဘာအခက်အခဲတွေ ရင်ဆိုင်နေရလဲ။

ဖြေ။ အဓိကကတော့ စားဝတ်နေရေးနဲ့ နေဖို့ထိုင်ဖို့ အမိုးအကာတွေ လိုအပ်နေပါတယ်။ နောက်ပြီး ကလေးသူငယ်တွေအတွက် ပညာရေးနဲ့ ကျန်းမာရေးက အဓိက အခက်အခဲ ဖြစ်နေတယ်။ နေရပ်မပြန်ရတော့ ကျောင်းနေရွယ်ကလေးတွေ လုံးဝ ကျောင်းမတက်ရဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း ဆေးရုံဆေးခန်းသွားဖို့ လက်လှမ်းမမီဘဲ နီးစပ်ရာမှာ ရှောင်နေရတာဖြစ်လို့ မိုးတွင်းကာလမှာ လုံလောက်တဲ့ ခိုလှုံရာနေရာ မရှိတာက အဓိက အခက်အခဲ ဖြစ်နေပါတယ်။

မေး။ စစ်ရှောင်စခန်းတွေကိုရော သီးသန့် ထားရှိပေးနိုင်တာမျိုး ရှိပါသလား။ ဘယ်လိုပုံစံမျိုးနဲ့ စစ်ရှောင်နေရလဲ။


ဖြေ။ အခုအချိန်ထိတော့ ကျနော်တို့ သတ်မှတ်ထားတဲ့ စစ်ရှောင်စခန်းပုံစံမျိုး သီးသန့် မရှိသေးပါဘူး။ အခြေအနေအရ ဒီနယ်မြေထဲမှာပဲ ဘေးလွတ်ရာ အဆင်ပြေမယ့် နီးစပ်ရာနေရာတွေဆီ လိုက်ရှောင်နေရတဲ့ အပိုင်းပဲ ရှိတာပါ။ တစုတစည်းတည်း ထားဖို့ဆိုတာလည်း ကျနော်တို့ဘက်က လုပ်ပေးနိုင်တဲ့ အနေအထား မရှိသေးပါဘူး။

မေး။ မိုးရာသီမှာ စစ်ဘေးရှောင်တွေဆီ ရိက္ခာသွားကူဖို့အတွက်ကိုရော ဘယ်လိုအခက်အခဲတွေ ရှိမလဲ။

ဖြေ။ တစ်အချက်က သွားရေးလာရေးနဲ့ လုံခြုံရေး အခက်အခဲ ရှိတယ်။ နှစ်အချက်က လိုအပ်တဲ့ပစ္စည်းတွေကို မြို့ပေါ်မှာ ဝယ်ယူသယ်ယူပို့ဆောင်ဖို့ ခက်ခဲတာပါ။ မြို့တွင်းပိုင်းတွေဆို သွားဖို့ အဆင်မပြေတဲ့အပြင် ဂိတ်တွေမှာ စစ်ဆေးတာ တအားများတယ်။ တချို့ဆို ဖမ်းဆီး ထိန်းသိမ်းတာတွေတောင် ရှိပါတယ်။ အထူးသဖြင့် ပိန်းဇလုတ်၊ ညောင်လေးပင်၊ ရွှေကျင်၊ ကျောက်တံခါး၊ နံ့သာကွင်း စတဲ့ဂိတ်တွေမှာ လျှပ်စစ်မီးသီး၊ မီးကြိုး၊ မီးချောင်း၊ ဝိုင်ယာကြိုး စတာတွေကို တအား ကန့်သတ်ထားပြီး အဆမတန်များရင် သယ်လို့မရဘူး။ ဒါကြောင့် နယ်မြေထဲ ပြန်ဝင်မယ့် ပြည်သူတွေအတွက် မြို့ပေါ်သွားလာရေးနဲ့ ပစ္စည်းသယ်ယူရေးမှာ အခက်အခဲ အများကြီး ရှိနေပါတယ်။

မေး။ စစ်ရှောင်တွေထဲအတွက် ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိပါသလဲ။ ဆေးဝါးနဲ့ ကာကွယ်စောင့်ရှောက်မှု အပိုင်းကိုကော ဘယ်လို ဆောင်ရွက်နေလဲ။

ဖြေ။ ပြီးခဲ့တဲ့နှစ်တွေကတော့ ရာသီပေါ် ငှက်ဖျား၊ တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုတွေ တော်တော်များတယ်။ ဒီနှစ်ကတော့ မိုးရာသီအစပဲ ရှိသေးလို့ နှာစေး၊ ချောင်းဆိုးလောက်ပဲ ရှိသေးတယ်။ ဝမ်းပျက်ဝမ်းလျှောကတော့ များများစားစား မတွေ့ရသေးပါဘူး။ ကျနော်တို့ဘက်ကတော့ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ နေရာတွေကို စာရင်းဇယားနဲ့ အချက်အလက် တင်ပေးတာမျိုးပဲ လက်လှမ်းမီသလောက် လုပ်နိုင်ပါသေးတယ်။ အကုန်လုံးကို Follow လုပ်ပြီး စာရင်းယူထားပေမယ့် လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေလို့ လက်လှမ်းမမီတဲ့ နေရာတွေမှာ ကျန်းမာရေးပိုင်းက အခက်အခဲ ရှိနေဆဲပါ။ မိုဘိုင်းဆေးကုသရေးအဖွဲ့တွေ သွားနိုင်ဖို့ အစီအစဉ်ဆွဲနေတုန်းပဲ ရှိပါသေးတယ်။

မေး။ စစ်ရှောင်ကူညီနေတဲ့အဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေအကြား အချိတ်အဆက်မိမိသွားနေလား၊ ဘာအခက်အခဲတွေ ရင်ဆိုင် ဖြေရှင်းနေရပါသလဲ။

ဖြေ။ လူမှုအဖွဲ့အစည်းတွေနဲ့ လူထုတွေ ချိတ်ဆက်ထားတဲ့ ကော်မတီလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် စစ်ရှောင်နေရတဲ့ အခြေအနေမှာ ဆက်သွယ်ရေးနဲ့ သွားလာရေးက တအား ခက်ခဲပါတယ်။ အခုလို စစ်ရေးအခြေအနေကြောင့် အပြောင်းအလဲတွေ ခဏခဏ ရှိလာတဲ့အခါ ကျနော်တို့က သူတို့ရောက်ရှိနေတဲ့နေရာကို အရင်စုံစမ်းရတယ်။ ပြီးမှ သွားလို့ရတဲ့နေရာတွေကို စာရင်းသွားကောက်ပြီး ကော်မတီဝင်တွေနဲ့ စီမံချက်အလိုက် လိုအပ်တဲ့အကူအညီတွေကို ပြန်ပြီး ချိတ်ဆက်လုပ်ဆောင်ရတဲ့ အပိုင်းတွေ ရှိပါတယ်။

မေး။ လာမယ့် မိုးရာသီကို ဖြတ်ကျော်ကြမယ့် စစ်ဘေးရှောင်တွေအတွက် ကူညီချင်သူတွေအနေနဲ့ ဘာတွေကို ဦးစားပေးကူညီသင့်ပါသလဲ။ ဘယ်လိုချိတ်ဆက်ရမလဲ။

ဖြေ။ အဓိက လိုအပ်တာကတော့ အခြေခံစားနပ်ရိက္ခာ ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား အပြင် မိုးတွင်းဖြစ်လို့ အမိုးအကာတွေနဲ့ ကျန်းမာရေး ကျန်းမာရေး အထောက်အကူပစ္စည်းလေးတွေ လိုအပ်ပါတယ်။ ကူညီမှုအပိုင်းကတော့ ကျနော်တို့ ကရင်အရပ်ဖက် အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ကို ချိတ်ဆက် ဆက်သွယ်လို့ ရပါတယ်။

ကေအိုင်စီ