“လက်ရှိ အာဏာရှင်စနစ်ကို မောင်းနှင်နေတာက မဟာဖိုဝါဒ၊ လူမျိုးကြီးဝါဒနဲ့ အမျိုးသားကြီးစိုးရေးဝါဒတွေ ဖြစ်တယ်။ ကျမတို့က အဲဒီစနစ်ကို မကြိုက်ဘူးဆိုရင် အဲဒီလုပ်ရပ်တွေကို ဖြစ်စေတဲ့ အတွေးအခေါ်တွေကိုပါ ဖြေရှင်း ဖယ်ရှားပစ်ရမယ်” သဉ္ဇာရွှန်းလဲ့ရည် (Sister to Sisters)

By MPM 15 ဇွန်, 2026 👁

စစ်အုပ်စုနှင့် ဘာသာရေးအစွန်းရောက်များ၏ ဂျဲန်ဒါအခြေပြု တိုက်ခိုက်မှုအပေါ် Sister to Sisters ပရိုဂရမ် ဒါရိုက်တာ သဉ္ဇာရွှန်းလဲ့ရည်နှင့် တွေ့ဆုံမေးမြန်းခြင်း။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများနှင့် ကျား/မကဏ္ဍနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူ လူနည်းစုများ (WGSM) အပေါ် စစ်အုပ်စုနှင့် ဘာသာရေးအစွန်းရောက်များ၏ ပစ်မှတ်ထားဖိနှိပ်မှုများ ပိုမိုမြင့်တက်လာနေကြောင်း Asia Center က ထုတ်ပြန်သော မြန်မာနိုင်ငံ၏ဘာသာရေးပအခြေခံဝါဒများ – အာဏာသိမ်းပြီးနောက်ပိုင်း ကျား-မ ဆိုင်ရာအခွင့်အရေး ဖိနှိပ်ခံရမှုများ အစီရင်ခံစာအရ သိရသည်။ အဆိုပါ အစီရင်ခံစာတွင်အခြေခံပြီး LGBTQ + အသိုင်းအဝိုင်းအပေါ် အွန်လိုင်းနှင့် မြေပြင်အန္တရာယ်များ၊ အကာအကွယ်ပေးရေးယန္တရားများ၏ အခက်အခဲများနှင့် တော်လှန်ရေး အတွေးအခေါ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့်ပတ်သက်၍ Sister to Sister အဖွဲ့၏ ပရိုဂရမ် ဒါရိုက်တာ သဉ္ဇာရွှန်းလဲ့ရည်ကို ကေအိုင်စီ – ကရင်သတင်းဌာနက တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာရှင်တွေ ဒါမှမဟုတ် ဘာသာရေးအစွန်းရောက်တွေက LGBTQ+ အသိုင်းအဝိုင်းကို ရိုးရာယဉ်ကျေးမှု ဖျက်ဆီးသူတွေ အဖြစ် ပုံဖော်လာတဲ့အပေါ် မှာ လူ့အခွင့်အရေးတက်ကြွတဲ့အဖွဲ့တွေက အစီရင်ခံချက်တွေကနေတဆင့် ထောက်ပြနေကြတာရှိတယ်။ ဆရာမအနေနဲ့ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ ဘာသာရေးအမြင်ဘက်ကနေ ကြည့်တဲ့ တော်လှန်ရေးနဲ့ လှုပ်ရှားမှုအပေါ် သုံးသပ်တဲ့ အစီရင်ခံစာမျိုး ဖတ်ရတာ တော်တော်ရှားပါတယ်။ ဒါကို တစိုက်မတ်မတ် လုပ်ခဲ့တဲ့အဖွဲ့အစည်းတွေတောင်မှ သူတို့ကိုယ်တိုင် ပစ်မှတ်ဖြစ်သွားပြီး တိမ်းရှောင်ရတာတွေ အစီရင်ခံစာတွေကို ပြင်ပမှာ တရားဝင် ထုတ်ပြန်လို့မရတော့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအမုန်းစကားနဲ့ ပတ်သက်ပြီး လေ့လာတဲ့သူတွေကတော့ ဆက်လေ့လာနေတုန်းပါပဲ။ မြန်မာနိုင်ငံလို ၂၀၂၂-၂၀၂၃ ဝန်းကျင်မှာ ဘာသာရေးပဋိပက္ခ အများကြီးဖြစ်ခဲ့တဲ့ နိုင်ငံမှာ ဘာသာရေးနဲ့ နွှယ်တဲ့ လှုံ့ဆော်မှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကျမတို့ တစိုက်မတ်မတ် ခံခဲ့ရသလို မျက်ဝါးထင်ထင်လည်း မြင်တွေ့ခဲ့ရတယ်။ ဒါကြောင့် အဲဒါကို ဂျဲန်ဒါရှုထောင့်၊ အမျိုးသမီးနဲ့ LGBTQ မတူညီတဲ့ ရှုထောင့်တွေကနေ မဘသ အပါအဝင် ဘာသာရေးအစွန်းရောက်တွေက ဘယ်လိုမျိုး ချဉ်းကပ်ဆောင်ရွက်နေသလဲဆိုတာကို ကျမတို့ ထပ်ပြီး လေ့လာသင့်တယ်လို့ မြင်တယ်။ အခုလို အစီရင်ခံစာတွေ ထုတ်လာတာကိုလည်း ကြိုဆိုပါတယ်။

မေး။ ။ လက်တွေ့မြေပြင်မှာရော WGSM အခွင့်အရေး ကာကွယ်သူတွေဟာ အဖမ်းအဆီး၊ ခြိမ်းခြောက်မှု၊ အွန်လိုင်းတိုက်ခိုက်မှုတွေလိုမျိုး ဖိအားတွေဘယ်လောက်ထိပေးခံနေရလဲ၊ ဆရာမသိသလောက်ပြောပြပေးပါ။

ဖြေ။ ။ သိပ်မကြာခင်ကတင် အွန်လိုင်းပေါ်မှာ မှတ်ချက်ပေးလို့ဆိုပြီး ဖမ်းတဲ့ကိစ္စဖြစ်ခဲ့တယ်။ စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူအပေါ် မှတ်ချက်ပေးတာ တပ်ဘက်က သီချင်းဆိုပေးတဲ့ အဆိုတော်တစ်ယောက်ကို မှတ်ချက်ပေးတဲ့သူတွေကို လိုက်ဖမ်းတာတွေက သူတို့က စံနမူနာပြ အကြောက်တရားကို စရိုက်ထည့်တာပါ။ စစ်အုပ်စုက အာဏာသိမ်းတဲ့အချိန်မှာ စနစ်တကျ အကွက်ချပြီး လူဖမ်းခဲ့တယ်။ ဘာသာရေး လူမှုရေး သဟဇာတဖြစ်တဲ့အပိုင်း ပြောတဲ့သူ၊ လူငယ်နဲ့ ကျောင်းသားဘက်က ဘယ်သူ့ကို ဖမ်းမလဲဆိုတာ သတ်မှတ်ပြီး ဖမ်းခဲ့တာ။

နောက်ဆက်တွဲ တော်လှန်ရေးမှာ လူငယ်တွေ အထူးသဖြင့် အမျိုးသမီးငယ်တွေ မခံမရပ်နိုင် တော်လှန်တာက အရင် ၁၉၈၈ တို့ ၂၀၀၇ တို့ထက် ပိုများလာတယ်။ ၂၀၂၁ မျိုးဆက်က ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲတဲ့ လူငယ်တွေ အများကြီးပါလာတဲ့အခါ စစ်တပ်ဘက်က Telegram နဲ့ Viber တွေမှာ ကိုယ်ရေးအချက်အလက် ဖြန့်ချိခြင်း-Doxing အများဆုံး လုပ်လာတယ်။ နာမည်ကြီး Channel တွေကနေ ဘယ်သူ့ကိုဖမ်းမလဲ၊ ဘယ်အမျိုးသမီးက ဘာလုပ်နေလဲဆိုတာ တစိုက်မတ်မတ် လုပ်ခဲ့တယ်။

ကျမတို့ တွေ့ရှိချက်အရ Doxing အလုပ်ခံရတဲ့ ၁၀ ယောက်မှာ ၉ ယောက်လောက်က အမျိုးသမီးငယ်တွေ ဖြစ်နေတယ်။ အမျိုးသမီးငယ်တောင်မှ ပြောရဲဆိုရဲပြီး နိုင်ငံရေးအရ အလားအလာရှိတဲ့သူတွေကို ပစ်မှတ်ထားတာ မြင်ရတယ်။ အွန်လိုင်းပေါ်က Doxing လုပ်တာက မြေပြင်မှာပါ တိုက်ရိုက်အန္တရာယ် ဖြစ်စေပြီး တစ်ပတ်အတွင်း ဖမ်းခံရတာမျိုးတွေ ရှိပါတယ်။ ဒါက အွန်လိုင်းတင်မကဘဲ မြေပြင်မှာပါ အမျိုးသမီးအင်အားစုတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကား နှောင့်ယှက်မှု (Sexual Violence) နဲ့ စစ်ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ မုဒိမ်းမှုကျူးလွန်တာတွေအထိ တွေ့ရတယ်။ အမျိုးသမီးတွေနဲ့ LGBT မတူကွဲပြားသူတွေအပေါ် ပိုပြီး မုန်းတီးလာအောင် Digital Warfare အပါအဝင် အတွေးအခေါ်ပိုင်းအရ လှုံ့ဆော်တာတွေ ဆက်ရှိနေဆဲလို့ သုံးသပ်ရမှာပါ။

မေး။ ။ အခုလို အန္တရာယ်တွေ မြင့်တက်လာနေတဲ့ အခြေအနေမှာ အမျိုးသမီးများ၊ ကျား-မနှင့် လိင်ပိုင်းဆိုင်ရာ လူနည်းစု (WGSM) အခွင့်အရေး ကာကွယ်သူတွေရဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာတွေ ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ကျမတို့ရဲ့ အကာအကွယ်ပေးမှု ယန္တရား (Protection Mechanism) တွေက အရမ်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်နေတယ်။ ကိုယ့်တစ်ယောက်တစ်ပေါက် လုပ်နေကြတာမျိုး ဖြစ်ပြီး ဒီကာလမှာ ပိုတောင် နည်းသွားပါပြီ။ အစုအဖွဲ့အသီးသီးမှာ အရေးပေါ် ကူညီကယ်ဆယ်တဲ့ ရန်ပုံငွေတွေ မပေးနိုင်တော့ဘူး။ ရန်ပုံငွေ ဖြတ်တောက်ခံရတဲ့ နောက်ဆက်တွဲမှာ မြေပြင်မှာ ရုန်းကန်နေရတဲ့သူတွေ အန္တရာယ်ကြုံလာရင် ကူကယ်ရာမဲ့ ဖြစ်ရတယ်။ ရှေ့နေခေါ်ရမလား၊ ဘယ်လိုလိုက်ရမလဲ မသိသလို ထွက်ပြေးတိမ်းရှောင်ဖို့ Safe House တွေလည်း လျော့သွားပြီ။

ဒါပေမဲ့ မြေပြင်မှာ လှုပ်ရှားမှုတွေကတော့ ဆက်ရှိနေဆဲပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလတုန်းကဆိုရင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အွန်လိုင်းပြောဆိုမှုတွေ အများကြီး ထွက်လာတယ်။ စစ်တပ်က လိုက်ဖမ်းတယ်။ Like တစ်ချက် ကွန့်မန့် တစ်ချက်ပေးတာနဲ့ ထောင်တစ်သက်တစ်ကျွန်း ချနိုင်တဲ့ ဥပဒေရေးရတဲ့အထိ သူတို့ ကြောက်တယ်။ အဲဒီလောက်ထိ တော်လှန်မှုက ရပ်မသွားဘူး။ ပံ့ပိုးတဲ့စနစ် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြည်သူတွေကတော့ ဆက်ရုန်းနေဆဲ ကြွနေဆဲပါ။

ကျမတို့ အသိုင်းအဝိုင်းတွေအနေနဲ့ WGSM ပံ့ပိုးနေရတဲ့ အင်အားစုတွေကို ရှိတဲ့ အရင်းအမြစ်ပေါ်ကနေ ချွေတာပြီး ဆက်ပံ့ပိုးနေပါတယ်။ ဥပမာ Sister to Sisters မှာဆိုရင် Urgent Action Fund ကို Localize လုပ်ထားတာ ရှိတယ်။ နိုင်ငံတကာမှာလည်း ရှိပါတယ်။ လှုပ်ရှားမှုလုပ်လို့ အရေးပေါ် ကူညီကယ်ဆယ်မှု လိုတာ စစ်တပ်ကဖြစ်ဖြစ် တော်လှန်ရေးတပ်တွေဘက်ကဖြစ်ဖြစ် ခြိမ်းခြောက်ခံရတာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခံရလို့ လုံခြုံရေးအတွက် အရင်းအမြစ်လိုရင် ကျမတို့ ချိတ်ဆက်ပေးသလို စိတ်ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးမှု (Mental Health Counseling) တွေနဲ့လည်း ညွှန်းပေးပါတယ်။ အမျိုးသမီးအဖွဲ့အစည်းအသီးသီး စုဖွဲ့ထားတာလည်း ဒီလိုပံ့ပိုးဖို့ပါပဲ။ အဓိကကတော့ မြန်မာပြည်တော်လှန်ရေးကို ကူညီနေတဲ့ အင်အားစုတွေက အကာအကွယ်ပေးမှုကို မဖြစ်မနေ တစိုက်မတ်မတ် ပေးဖို့လိုတယ်။ အကာအကွယ်ကောင်းကောင်း ပေးနိုင်ပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ Wellbeing နဲ့ Mental Health ကိစ္စတွေကို ပိုလုပ်ပေးနိုင်လေ တော်လှန်ရေးက ရေရှည်တည်တံ့လေ ဖြစ်ပါမယ်။

မေး။ ။ NUG အနေနဲ့ အမျိုးသမီးတွေနဲ့ WGSM အဖွဲ့အစည်းတွေကို ပိုမိုထိရောက်စွာ အကာအကွယ်ပေးနိုင်ဖို့ ဘာတွေ လုပ်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ အခုဆို NUG အပါအဝင် အင်အားစုတွေ စုပေါင်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ – SCEF လို စုဖွဲ့မှုတွေ ပေါ်လာတာကို အားပေးထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖွဲ့တည်းနဲ့ မပြီးတဲ့ကိစ္စတွေ အများကြီးရှိတော့ အရင်းအမြစ်တွေကို စုစည်းပြီး ပြင်ဆင်ဖို့ လိုတယ်ဆိုတာ မြင်လာကြလို့ပါ။ SCEF ရဲ့ နောက်ဆက်တွဲမှာ အကာအကွယ်ပေးရေးနဲ့ လုံခြုံရေးကဏ္ဍတွေ ပါပါတယ်။ စစ်တိုက်ဖို့ သက်သက်တင် မဟုတ်ဘဲ လူထုကို အကာအကွယ်ပေးနိုင်မယ့် လုပ်ငန်းတွေ နိုင်ငံတကာကို လှုံ့ဆော်တာတွေ ဘဏ္ဍာငွေ ရှာဖွေတာတွေကို တစိုက်မတ်မတ် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

အဲဒီထဲမှာ အမျိုးသမီးမဏ္ဍိုင်ကို ဖော်ဆောင်လာတာ ရှိတယ်။ အမျိုးသမီးမဏ္ဍိုင်လို့ ပြောရင် အမျိုးသမီးတွေအတွက်ပဲလား လို့ ပြောစရာရှိပေမယ့် Women နဲ့ Gender အဖွဲ့တွေက တစ်ဖွဲ့တည်းအတွက်ပဲ လုပ်တာ တော်တော်နည်းပါတယ်။ အမျိုးသမီးတွေသည် သူတို့မှာ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ အရင်းအမြစ်တွေ ရလာရင် သူတို့ရဲ့ အသိုင်းအဝိုင်းကို ပြန်ဖြန့်ပေးတတ်တဲ့ အလေ့အထ ရှိပါတယ်။ ဒါကြောင့် အမျိုးသမီးမဏ္ဍိုင်ကနေတစ်ဆင့် LGBT တွေနဲ့ အခြားသော လူနည်းစု (Minorities) အင်အားစုတွေဆီကိုပါ အရင်းအမြစ်တွေ စီးဆင်းသွားလိမ့်မယ်လို့ ယုံကြည်တယ်။ NUG အပါအဝင် ကျန်တဲ့ အင်အားစုတွေအနေနဲ့ ဒီလုပ်ငန်းတွေကို ပြည်သူ့ထံ တစိုက်မတ်မတ် အစီရင်ခံဖို့ လိုပါတယ်။ ပြည်သူတွေ မြင်မှသာ ပံ့ပိုးမှုတွေ နောက်ဆက်တွဲ ပါလာမှာပါ။ ပြည်သူ့ထောက်ပံ့မှု မရှိဘဲ ရပ်တည်ဖို့ မလွယ်ပါဘူး။

မေး။ ။ WGSM ရဲ့ ကာကွယ်ရေးယန္တရားတွေက အစိတ်စိတ်အမွှာမွှာ ဖြစ်နေတယ်ဆိုတဲ့အမြင်တွေလည်းရှိနေပါတယ်။ ဒီအပေါ်မှာ ဆရာမအနေနဲ့ရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ စောစောက ပြောသလိုပဲ အားလုံးက ရှင်သန်ရပ်တည်ရေးမှာပဲ ရှိနေသေးတော့ ကိုယ့်နေရာ ကိုယ့်အင်အားစုနဲ့ ကိုယ့် Community ကို Secure ဖြစ်အောင် လုပ်နေရတဲ့အခါ တစ်ပါးသူကို ကြည့်ဖို့ အရမ်းခက်ခဲတယ်။ ပြည်တွင်းတင်မကဘဲ နယ်စပ်တစ်လျှောက်မှာလည်း လုံခြုံရေးနဲ့ အရင်းအမြစ် အကန့်အသတ်တွေ ရှိတော့ ရှင်သန်ရေးအတွက် ရုန်းကန်လုယူပြိုင်ဆိုင်နေရတဲ့ အနေအထား ဖြစ်နေတယ်။ အဲဒီနောက်ဆက်တွဲမှာ အရင်းအမြစ်တင်မကဘဲ နာမည်ကောင်းရဖို့ Credit ကိစ္စတွေပါ ယှဉ်ပြိုင်လာရတဲ့အခါ သွေးစည်းညီညွတ်မှု လျော့ကျသွားတတ်တယ်။ ဖိနှိပ်မှု အရမ်းများတဲ့နေရာဆိုရင် ပိုပြီး သွေးစည်းညီညွတ်မှု မရှိတတ်ဘဲ ကိုယ့်ရှင်သန်ရေးကိုပဲ အဓိက စောင့်ရှောက်ရတာ ဖြစ်လာတယ်။ ဒါက စစ်အုပ်စုရဲ့ နည်းနာထဲက တစ်ခုလို့ပဲ ပြောရမယ်။

ဖိနှိပ်မှုများရင် များသလို ကျမတို့က ပိုပြီး စည်းလုံးဖို့ သွေးစည်းဖို့ လိုတယ်ဆိုတာကို တော်လှန်ရေး အတွေးအခေါ်အနေနဲ့ မြှင့်တင်ပေးနေတာ ရှိပါတယ်။ သွေးစည်းညီညွတ်မှု ရှိရင်တောင်မှ အင်တာနက် ဖြတ်တောက်ခံရတာတွေကြောင့် နေရာစုံ ချိတ်ဆက်လို့ မရတော့ဘဲ ညှိနှိုင်းဆောင်ရွက်မှု ပြတ်သွားတတ်တယ်။ အဲဒီအခါ အကာအကွယ်ပေးမှုတွေက နေရာစုံ မရောက်ဘဲ နီးစပ်ရာပဲ ရောက်သွားတာမျိုး ရှိတယ်။ အခက်အခဲကတော့ ရှိနေဆဲပါ။ ကျမအမြင်မှာတော့ ပြည်သူတွေက လုပ်ရင်းနဲ့ သင်ယူရင်းနဲ့ ပိုကောင်းတဲ့လမ်းကို သွားနေကြတာဆိုတော့ ကိုယ့်အမှားတွေအပေါ် ဘယ်လောက်ထိ ပြန်လည်သုံးသပ်မှုလုပ်နိုင်သလဲ၊ သင်ယူနိုင်သလဲဆိုတာက ရှေ့ဆက်ဖို့ အဖြေဖြစ်လာမယ် ထင်ပါတယ်။

မေး။ ။ အဖွဲ့အစည်းတွေအကြား ယုံကြည်မှု တည်ဆောက်ရာမှာ အကြီးမားဆုံး စိန်ခေါ်မှုက ဘာလဲ။

ဖြေ။ ။ ယုံကြည်မှု တည်ဆောက်ရေးက ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေထဲမှာ အဓိကအကျဆုံး အချက်ဖြစ်တယ်။ ယုံကြည်မှု မရှိတဲ့အတွက်ကြောင့် နိုင်ငံရေး ရှေ့ဆက်လို့မရတာတွေ အများကြီး ဖြစ်ခဲ့တယ်။ ယုံကြည်မှုကို အလွယ်တကူ ဖြိုဖျက်တာ ကိုယ့်ကတိကိုယ် မတည်တာတွေက မြန်မာ့သမိုင်းတစ်လျှောက်မှာ ဖြစ်ခဲ့တယ်။ အဲဒါတွေ အနှစ်ချုပ်လိုက်ရင် တာဝန်ယူမှု၊ တာဝန်ခံမှု ကိစ္စပါပဲ။ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် တာဝန်ယူမှု တာဝန်ခံမှု မရှိသလို မှားရင်လည်း ဝန်မခံကြဘူး။

တာဝန်ယူမှု တာဝန်ခံမှုကို အိမ်တွင်းကစလို့ လုပ်ငန်းခွင်နဲ့ နိုင်ငံရေးဝန်းကျင် အားလုံးမှာ ကျင့်သုံးသင့်တယ်။ ကိုယ်ပြောရင် ပြောတဲ့အတိုင်း လုပ်ရမယ်။ ဟောတဲ့အတိုင်း ကျင့်ရမယ်။ ဘဏ္ဍာရေးပိုင်းဖြစ်ဖြစ် နိုင်ငံရေးပိုင်းဖြစ်ဖြစ် တာဝန်ယူမှု တာဝန်ခံမှု မရှိရင် ပြည်သူရော မိတ်ဖက်တွေပါ မယုံတော့ဘူး။ တစ်ခေါက်ပဲ ရမယ် နောက်တစ်ခေါက် ရမှာမဟုတ်တော့ဘူး။ အခု မြန်မာပြည်မှာ စစ်တပ်က လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေ လုံးဝ မယုံကြည်တော့ဘူး။ သူတို့ ဘယ်လောက်ပဲ အပြောင်းအလဲလုပ်လုပ် မယုံပါဘူး။ အဲဒီလိုပဲ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း စစ်တပ်ကို ယုံကြည်မှုမရှိခဲ့လို့ လက်နက်မချခဲ့တာ အဲဒီလို လက်နက်မချခဲ့လို့ဘဲ အခု တော်လှန်ရေးကို သယ်ပိုးဆောင်ရွက်နိုင်ခဲ့တာပေါ့။ ဒါကြောင့် ယုံကြည်မှု တည်ဆောက်ဖို့ဆိုရင် နံပါတ်တစ်က ကိုယ်တိုင်ပြောတဲ့အတိုင်း ကျင့်ကြံဖို့ ဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှုက အခြေခံစံနှုန်း ဖြစ်လာရပါမယ်။

မေး။ ။ နိုင်ငံရေး အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ရင် အမျိုးသမီးနဲ့ WGSM အခွင့်အရေးကဏ္ဍမှာ ဘာတွေကို ဦးစားပေး ပြုပြင်ပြောင်းလဲသင့်တယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ကျမတို့ တော်လှန်ရေးက အားလုံးပါဝင်ဖို့ ဆော်ဩတယ်ဆိုရင် ရည်မှန်းချက်နဲ့ ပန်းတိုင်ကလည်း အားလုံးအတွက် ဖြစ်ရမယ်။ အခုဆို အိမ်က အဖွားအိုကအစ ကလေးငယ်အဆုံး တော်လှန်ရေးမှာ ပါဝင်ဖို့ စည်းရုံးနေကြတာဆိုတော့ အနာဂတ်မှာ သူတို့အားလုံး လုံခြုံတယ်လို့ ခံစားရစေမယ့် နိုင်ငံရေးစနစ်မျိုး ဖြစ်အောင် ကြိုးစားပေးရမယ်။ WGSM ကို အဓိကထား ပြောရရင် လက်ရှိ အာဏာရှင်စနစ်ကို မောင်းနှင်နေတာက မဟာဖိုဝါဒ၊ လူမျိုးကြီးဝါဒနဲ့ အမျိုးသားကြီးစိုးရေးဝါဒတွေ ဖြစ်တယ်။ ကျမတို့က အဲဒီစနစ်ကို မကြိုက်ဘူးဆိုရင် အဲဒီလုပ်ရပ်တွေကို ဖြစ်စေတဲ့ အတွေးအခေါ်တွေကိုပါ ဖြေရှင်း ဖယ်ရှားပစ်ရမယ်။

အဲဒီအတွေးအခေါ်တွေနေရာမှာ တန်းတူညီမျှရေး၊ ကျား၊ မ နဲ့ အခြား ဂျဲန်ဒါအားလုံး တန်းတူညီမျှပြီး လူလူချင်း လေးစားတဲ့ တရားမျှတတဲ့ လူ့အဖွဲ့အစည်းနဲ့ အစားထိုးရမယ်။ အဲလိုဖြစ်လာရင် WGSM အပါအဝင် လူနည်းစု (Minorities) တွေက လက်နက်ကိုင်ပြီး အသက်နဲ့ရင်းလို့ မျိုးဆက်အလိုက် မတိုက်ချင်ကြတော့ပါဘူး။ အခြေခံအကျဆုံး လူသားစံနှုန်းတွေကို မထိန်းသိမ်းခဲ့သလို ဗုဒ္ဓဘာသာနိုင်ငံလို့ ပြောပြီး ဗုဒ္ဓဘာသာရဲ့ အခြေခံသင်ကြားမှုတွေဖြစ်တဲ့ ချစ်ခြင်းမေတ္တာ၊ ကရုဏာ၊ သစ္စာတွေကို မလိုက်နာလို့ ဖြစ်တဲ့ပြဿနာပါ။ ဒါကြောင့် အတွေးအခေါ်တွေကို ကိုယ်တိုင်ကစလို့ ပြုပြင်ပြောင်းလဲခြင်းအားဖြင့် အနာဂတ် တည်ဆောက်ရေးမှာ ပိုပြီး အများနဲ့ဆိုင်တဲ့ ရေရှည်တည်တံ့တဲ့ အပြောင်းအလဲ ဖြစ်လာမယ်။ လူတစ်စုကပဲ ပန်းတိုင်ရောက်သွားလို့ မရဘူး။ အားလုံး ပန်းတိုင်ရောက်မှ ရေရှည်တည်တံ့မှာပါ။

မေး။ ။ နောက်ဆုံးအနေနဲ့ နောက်ထပ် ဘာဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။

ဖြေ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းက တဖြည်းဖြည်းနဲ့ စစ်တပ်နဲ့နွှယ်တဲ့ အင်အားစုတွေ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြန်ချိတ်ဆက်လာပြီး ဖိအားတွေ လျော့လာတာ၊ တဖက်မှာလည်း WGSM ကွန်ရက်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအပေါ် ကူညီထောက်ပံ့မှုတွေ လျော့နည်းလာပြီး ပြည်တွင်းပြန်ဝင်ဖို့စစ်တပ်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ဖိအားတွေ ဖြစ်လာနိုင်တာကို သတိပေးတာမျိုးတွေ့နေရတယ်။ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေ မမြင်တဲ့အချက်က မြန်မာပြည်ပြဿနာက စစ်တပ်က ယူနီဖောင်းပြောင်းရုံနဲ့ ပြေလည်သွားမယ့် ကိစ္စမဟုတ်ဘူး။ တစ်စုံလုံးစာ ပြောင်းလဲနိုင်မှသာ ပြီးခဲ့တဲ့ကာလက ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို ပြန်လည်အရေးယူနိုင်မှာဖြစ်ပြီး ဒါကို ပြည်သူတွေ တောင်းဆိုနေတာပါ။

ကျမတို့ တိုက်ပွဲတွေလုပ်တဲ့အခါ ဘယ်တပ်ကို နိုင်သွားလဲဆိုတဲ့ လတ်တလော အောင်မြင်မှုကိုပဲ အဓိက ကြည့်တတ်ကြတယ်။ ဒါပေမဲ့ ရေရှည်ခံတဲ့ အောင်မြင်မှုကတော့ စစ်တပ်၊ ရဲနဲ့ မဘသ လို ပြင်းပြင်းထန်ထန် အယူစွဲနေတဲ့သူတွေရဲ့ အမြင်နဲ့ အယူဝါဒကို ပြောင်းလဲပစ်နိုင်ခြင်း ဖြစ်ပါတယ်။ အဲဒါက ရန်သူထပ်မွေးတာ မဟုတ်ဘဲ အကြမ်းဖက်မှု သံသရာကို ရပ်တန့်နိုင်မယ့် အပြောင်းအလဲပါ။ ကျမတို့ဘက်ကလူတွေ တဖက်ဆီ ရောက်သွားတယ်ဆိုတာ တော်လှန်ရေးအတွေးအခေါ် မခိုင်မာလို့၊ ထိထိရောက်ရောက် နားမလည်လို့ ပါသွားတာမျိုး ရှိတတ်လို့ ဒါတွေကို ကျမတို့ တစိုက်မတ်မတ် လုပ်ဖို့လိုတယ်။

လူတစ်ယောက်ချင်းစီရဲ့ အတွေးအခေါ် အပြောင်းအလဲနဲ့ ဝါဒက အရေးကြီးပါတယ်။ ပြည်သူကို စည်းရုံးတဲ့လမ်းစဉ်နဲ့ သွားမှာလား။ ရန်သူမွေးတဲ့ လမ်းစဉ်နဲ့ သွားမှာလားဆိုတာ ခေါင်းဆောင်တွေကအစ ပြန်သုံးသပ်ရမယ်။ အမျိုးသမီးတွေ ဝိုင်းအော်လို့ ဝန်ကြီးဌာန ဖွဲ့ပေးပြီး မအော်တော့ရင် ပြန်ဖြုတ်လိုက်တာမျိုး လုပ်ရင်တော့ ကျမတို့က ကျောရိုးမဲ့ တော်လှန်ရေးလို ဖြစ်မယ်။ ကျောရိုးမရှိရင် လေတိုက်တိုင်း ပါသွားမှာမို့ ဒါကို တော်လှန်ရေးလို့ ပြောလို့မရဘဲ တော်လှန်ရေးမှာ ဝင်ယောင်နေတာပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် တစိုက်မတ်မတ် ပြန်ထောက်ပြ သုံးသပ်ဖို့ လိုမယ်။ ဒါမှသာ ရေရှည်တည်တံ့တဲ့ အကျိုးရလဒ်တွေ ရရှိမှာဖြစ်ကြောင်း ပြောချင်ပါတယ်။

ကေအိုင်စီ