“ရာခိုင်နှုန်းလို့ပြောရရင် ကျနော်တို့ (၈၀) ရာခိုင်နှုန်း၊ (၈၅) ရာခိုင်နှုန်းလို့ပြောလို့ရပါတယ်။ အောင်မြင်တယ်ပေါ့နော။ ကျနော်တို့ ပြည်နယ်အနေနဲ့ ကျဉ်းကျဉ်းလေးဆိုတော့ အမြဲရန်သူကို တိုက်ခိုက်နိုင်တယ် အောင်မြင်တယ် ရန်သူလည်း ကျဆုံးတာများတယ်။ ကျနော်တို့ဖက်က ကျဆုံးတာလည်းရှိတယ်ပေါ့” KA စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်

By MPM 29 ဖေ‌ဖော်ဝါရီ, 2024 👁

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်တာအတွင်း ကရင်နီ (ကယား) ပြည်၏ စစ်ရေးအခြေအနေ၊ စစ်ရေး အောင်မြင်မှု စသည်တို့နှင့်ပတ်သက်ပြီး ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် တွေ့ဆုံ မေးမြန်းခြင်း။

စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်တာ အတွင်း ကရင်နီ (ကယား) ပြည်၏ စစ်ရေးအခြေအနေ၊ စစ်ရေး အောင်မြင်မှု၊ နယ်မြေထိန်းချုပ်ရရှိမှု အပါအဝင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များ စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်အား တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ စစ်အာဏာသိမ်းပြီး ၃နှစ် အတွင်း တပ်ပိုင်းဆိုင်ရာအနေနဲ့ စစ်တပ်နဲ့ထိတွေ့မှုဖြစ်ဖြစ် ၊ စစ်ရေးဆိုင်ရာဖြစ်ဖြစ် KA အပါအဝင် KA နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ တော်လှန်ရေးအင်အားစုတွေ အကုန်လုံးပေါ့၊ အောင်မြင်မှုလို့ပြောရမယ်ဆိုရင် ဘယ်လောက်ထိ အောင်မြင်နေပြီလို့ ပြောလို့ရပါပြီလဲ။

ဖြေ။ ။ ဒီ၂၀၂၁ ဖေဖော်ဝါရီလကနေပြီးမှ စစ်တပ်အာဏာသိမ်းစအချိန်နဲ့ ပတ်သက်ပြီးတော့မှ
ကျနော်တို့ ဒီ KA နဲ့ ပတ်သက်တာဖြစ်ဖြစ် KNDF နဲ့ တပ်ပေါင်းစုကိစ္စနဲ့ ပတ်သက်တာကတော့ အောင်မြင်မှုကတော့ အများကြီးရရှိတယ်လို့ ပြောရမှာပေါ့နော။ ဒါ လူတိုင်းလည်း ကြားတယ်လေ၊
လူတိုင်းလည်း သိတယ်လေ၊ အောင်မြင်မှုက လွိုင်ကော်မြို့အပါအဝင်ဆိုတော့ သိပ်မကြာဘူး၊ ကျနော်တို့ အောင်မြင်မယ်လို့ သိမ်းနိုင်မယ်လို့ ကျနော့်အနေနဲ့ အာမခံတယ်ပေါ့နော။ အဲဒါ အသိအမှတ်ပြုတယ်ပေါ့။

မေး။ ။ ဒီအောင်မြင်မှုလို့ပြောတဲ့နေရာမှာ ဘယ်လိုမျိုး ဥပမာ – တပ်စခန်းတွေကို အများကြီးသိမ်းပိုက်နိုင် တာလား။ ချေမှုန်းနိုင်တာလား၊ ဘယ်လိုမျိုးအောင်မြင်မှုလို့ ပြောလို့ရနိုင်လဲပေါ့နော။

ဖြေ။ ။ အောင်မြင်မှု ပြောတဲ့နေရာမှာက ကျနော်တို့ စစ်တပ်နဲ့ပတ်သက်တော့ အများကြီး ကျနော်တို့ တိုက်ခိုက်လာတဲ့ ရန်သူတွေ တိုက်ခိုက်အောင်မြင်တယ်။ နောက်ပြီးတော့မှ နေရာဒေသက ကျနော်တို့ မယ်စဲ့ မြို့နယ်တခုလုံး ကျနော်တို့သိမ်းနိုင်တယ်ပေါ့နော့။ မယ်စဲ့မြို့နယ်တစ်ခုလုံး သိမ်းပြီးတဲ့နောက် ကျန်တဲ့ လွိုင်ကော်လည်း ကျနော်တို့ ပြန်ပြီးတော့မှ ဝင်သိမ်းဖို့၊ တိုက်ဖို့တော့ အောင်မြင်မှုရှိတယ်ပေါ့နော။ အခုက ကျနောတို့ ရှားတော၊ ပွန်ချောင်း စခန်းလည်း ကျနော်တို့ သိမ်းနိုင်ပြီးပြီ။ ဆက်ပြီးတော့မှ ကျနော်တို့ တပြည်လုံး လွတ်မြောက်အောင် နောက်ပြီးတော့ ရန်သူကို အကုန်လုံးတိုက်နိုင်ဖို့ ကျနော်တို့ ကြိုးစား
နေပါတယ်။

မေး။ ။ ရာခိုင်နှုန်းအနေနဲ့ ပြောရမယ်ဆိုရင် ကရင်နီရဲ့ ဒီတော်လှန်ရေးထိန်းချုပ်နိုင်မှု ရာခိုင်နှုန်းက ဘယ်လောက်လောက်ရှိတယ်လို့ ပြောရပါလဲ။

ဖြေ။ ။ ကျနော်တို့ ရာခိုင်နှုန်းလို့ပြောရရင် ကျနော်တို့ (၈၀) ရာခိုင်နှုန်း ၊( ၈၅) ရာခိုင်နှုန်းလို့ ပြောလို့ ရပါတယ်။ အောင်မြင်တယ်ပေါ့နော။ ကျနော်တို့ ပြည်နယ်အနေနဲ့ ကျဉ်းကျဉ်းလေးဆိုတော့ အမြဲရန်သူကို တိုက်ခိုက်နိုင်တယ်။ အောင်မြင်တယ်။ ရန်သူလည်း ကျဆုံးတာများတယ်။ ကျနော်တို့ဘက်က ကျဆုံးတာလည်း ရှိတယ်ပေါ့။

မေး။ ။ ထိန်းချုပ်မှုနယ်မြေဒေသနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင်ရော လက်ရှိမှာ ဒီတော်လှန်ရေး အင်အားစုတွေဘက်က ပိုမိုထိန်းချုပ်နိုင်တယ် ပြောလို့ရမလား။ စစ်ကောင်စီဘက် အနေအထားကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ တော်လှန်ရေးနယ်မြေ KA နဲ့ ပတ်သက်တာ ဟိုဒီတပ်ပေါင်းစုနဲ့ပတ်သက်ပြီး
ထိန်းချုပ်နိုင်တာ အများကြီးထိန်းချုပ်နိုင်တယ်ပေါ့နော။ အခု ကျန်တာက လွိုင်ကော်က ၄၊ ၅ နေရာ
ကျန်တယ်ပေါ့။ ၂၅၀ (စစ်ကောင်စီတပ်ရင်း)ပေါ့နော၊ နွားလဝိုးနားမှာ ၂၆၁ (စစ်ကောင်စီတပ်ရင်း)၊ ပြီးတော့မှ ၄၂၇၊ ၁၀၂ (စစ်ကောင်စီတပ်ရင်း)။ ပြီး ၅၄ (စစ်ကောင်စီတပ်ရင်း) ဒီလောက်ပဲ။ နောက်ပြီး ဖားဆောင်း၊ ဘောလခဲပေါ့ ဖားဆောင်းတော့ မရှိတော့ဘူး။ ဒီ ဘောလခဲဘက်တော့ ရှိတယ်လေ၊ ဒီလောက်ပဲ ကျန်တာပေါ့နော့။ ကျနော်တို့အားလုံး ကရင်နီနယ်မြေတခုလုံး ကျနော်တို့ထိန်းချုပ်တယ်လို့ ပြောလည်းမမှားပါဘူး။

မေး။ ။ အခုလက်ရှိ စစ်ကောင်စီဘက်က ဘောလခဲမြို့ပေါ်နဲ့ လွိုင်ကော်မြို့ပေါ် တချို့နေရာတွေမှာပဲ ကျန်တယ်လို့ ပြောလို့ရတယ်ပေါ့နော။

ဖြေ။ ။ ဒီဘောလခဲမြို့ပေါ်နဲ့ လွိုင်ကော်မြို့ပေါ် ဒီလောက်ပဲကျန်တယ်လို့ ပြောလို့ရပါတယ်။ အတည်ပြုလို့ ရပါတယ်။ အဲ့ဒါက စိတ်ချတယ်။

မေး။ ။ ကျန်ရှိအင်အားကို ဗိုလ်မှူးအနေနဲ့ရော ခန့်မှန်းချေပြောပြလို့ရမလား။

ဖြေ။ ။ ကျန်ရှိအင်အားကတော့ ကျနော်အနေနဲ့ သိရသလောက်တော့ နယ်မြေခံကလည်း ဒီနယ်စပ်မှာ တချို့ရှိမယ်။ အင်အားကတော့ ထောင်ကဏာန်းပဲ ရှိတော့မယ် ထင်တာပဲ။ အဲ့လောက်ပဲ ကျနော် သတ်မှတ်တယ်။ မကြာခင်မှာ ကျနော်တို့အောင်ပွဲယူဖို့ ကြိုးစားနေပါတယ်။

မေး။ ။ ဒီမော့ဆိုမှာက ဒီနယ်မြေခံတပ်ရင်းတွေဖြစ်တဲ့ ၁၀၂၊ ၄၂၇ တို့မှာရော ဒီစစ်ကောင်စီဘက်က အခြေစိုက် နေနိုင်တုန်းပဲလား ဗိုလ်မှူး။

ဖြေ။ ။ ၁၀၂ ကျတော့ သူတို့အင်အားဆိုတော့လည်း မရှိသလောက် ဖြစ်တယ်ပေါ့နော။ ဒါပေမဲ့ သူတို့အင်အားကတော့ နှစ်ထောင်ပဲ။ ဒါပေမဲ့ ကျန်တဲ့မိသားစုက တချို့ကျန်မယ်။ ပြီးတော့မှ ရဲမေတချို့ပေါ့။ ၄၂၇ က မရှိပါဘူး။ ၄၂၇ က နာမည်ပဲ ရှိပါတယ်။

မေး။ ။ ဗိုလ်မှူးဖြေကြားသလောက်ဆိုရင် ထိန်းချုပ်နိုင်မှုအနေအထား ဒီအောင်မြင်မှုက ၈၅ ရာခိုင်နှုန်း လောက် ခန့်မှန်းထားတယ်ပေါ့နော။ ဆိုတော့ ဗိုလ်မှူးတို့ဘက်က ဒီတော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်ကျဆုံးမှုအပိုင်းမှာ ဘယ်လောက်ထိ ရှိနေပါလဲ။

ဖြေ။ ။ ကျနော့တို့ဘက်မှာကတော့ ကျဆုံးမှုတော့ ရှိတယ်ပေါ့နော။ ဒီ ၂၀၂၁ ကနေ ၂၀၂၃ အထိ
ကျနော်တို့ K Aမှာ ၃၀ လောက် ကျော်မယ်ထင်တယ်။ ကျဆုံးမှု နောက်ပြီးတော့ ဒဏ်ရာလည်း ၄၀ လောက် ရှိဦးမယ်ပေါ့နော။ ဒါပေမဲ့ KNDF နဲ့ ပတ်သက်ပြီးတော့ KNDF လူ ၁၀၀၊ ၂၀၀ နီးပါးလောက် ကျဆုံးတယ်ပေါ့။

မေး။ ။ တော်လှန်ရေးအင်အားစုဘက်က အကြီးမားဆုံးဆုံးရှုံးမှု ဥပမာ ဒီနဂိုကတည်းက KA ထိန်းချုပ် ထားတဲ့နေရာတွေထဲက ဆုံးရှုံးသွားရတဲ့နေရာတွေ ရှိပါလား။ ဒီ ၃ နှစ် အတွင်းမှာ အကြီးမားဆုံး ဆုံးရှုံးမှု အနေနဲ့ ပြောရမယ်ဆိုရင် ဗိုလ်မှူးအနေနဲ့ ဘာကိုပြောလို့ရနိုင်မလဲပေါ့။

ဖြေ။ ။ ကျနော်တို့ဘက်မှာကတော့ အကြီးမားဆုံး ဆုံးရှုံးမှုတော့ မရှိပါဘူး။ ဒါပေမဲ့ ပေးဆပ်မှုတော့ ရှိတာပေါ့နော။ ကျနော်တို့က အောင်မြင်မှုပဲ ရှိတာပေါ့နော။ ကျနော်တို့ နယ်မြေစိုးမိုးနိုင်တယ်။ နောက်ပြီးတော့မှ လူထုအတွက် ပြည်သူအတွက် အသက်ပေးတဲ့လူလည်း ရှိတယ်။

မေး။ ။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဒီတော်လှန်ရေးကို လူထုတွေ အများစုက နွေဦးတော်လှန်ရေးလို့ အမည်တင်ကြတယ်ပေါ့နော။ ဒီတော်လှန်ရေးက ဗိုလ်မှူးတို့ ရှေးယခင်က တော်လှန်လာတဲ့ တော်လှန်ရေးနဲ့ ဒီ၂၀၂၁ နောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ ဒီတော်လှန်ရေးထဲက စစ်ရေး အခြေအနေမှာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးက ဘယ်လိုကွာခြားမှုတွေရှိပါလဲ ဗိုလ်မှူး။

ဖြေ။ ။ ကျနော်တို့ အရင်တော်လှန်ရေးလုပ်တာက ဒီပြည်နယ်က ယခင်က ကျနော်တို့ ကရင်နီပြည် သီးခြားလွတ်လပ်တဲ့ပြည်နယ် တခုဖြစ်တဲ့အတွက် ကျနောတို့ ပြန်လည်ရရှိဖို့ တော်လှန်ရေးလုပ်တာက တပိုင်းပေါ့နော။ ကျနော်တို့ အင်အားကတော့ သိပ်မရှိဘူး။ ဒါပေမဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တော့ တစ်နိုင်ငံလုံးပေါ့။ တစ်နိုင်ငံလုံးဆိုတာက ကရင်နီပြည်တစ်ခုထဲ မဟုတ်ဘူးပေါ့။ ဗမာတစ်နိုင်ငံလုံး တိုက်ခိုက်တော်လှန်တယ်ဆိုတော့ ပိုပြီးတော့ အဆင်ပြေလာတယ် အောင်မြင်မယ်။ နောက်ပြီးတော့မှ ထူးထူးခြား ကွာခြားမှုတော့ ရှိတယ်ပေါ့နော။ အဲ့ဒါက ရှေ့ဆက်ပြီးတော့မှ အောင်မြင်မှုရရှိဖို့ ကျနော် မျှော်လင့်တယ်။

မေး။ ။ အခု ဒီလတ်တလောမှာပေါ့ ထိတွေ့တိုက်ပွဲကလည်း ၃ နှစ်အထိ ရှိလာပြီဖြစ်တဲ့အတွက် ဒီစစ်ကောင်စီတွေနဲ့ ဒီတော်လှန်ရေးအင်အားစုဘက်က ဘယ်လိုအခြေအနေရှိလဲပေါ့နော။

ဖြေ။ ။ ဒီအာဏာသိမ်းတဲ့ စစ်ကောင်စီကတော့ သူတို့အာဏာတည်မြဲဖို့ သူတို့လည်း ကမ္ဘာ့အနေနဲ့ သူတို့ကို ထောက်ခံနိုင်ဖို့ ကြိုးစားတယ်ပေါ့။ ဒါပေမဲ့ အဆင်မပြေလာနိုင်ဘူးလို့ ကျနော်အနေနဲ့ မြင်တယ်လေ။ အဲ့တော့ ကျနော်တို့က ဆက်လက်ပြီးတော့မှ ကျနော်တို့ရရှိရေးအတွက် အောင်မြင်ရေးအတွက် မြင်တယ်ပေါ့။

မေး။ ။ ဒီနွေဦးတော်လှန်ရေးမှာဆိုလို့ရှိရင် အများစုက လူငယ်အများကြီး ပါဝင်နေတာကို တွေ့ရတာ ပေါ့နော။ တချို့သော လူငယ်တွေမှာလည်း ဒီတော်လှန်ရေး အချိန်ကာလ ကြာလာတဲ့အခါမှာ တော်လှန်ရေး ရဲဘော်ဖြစ်တဲ့ လူငယ်တွေဖြစ်စေ ၊လူထုတွေ ဖြစ်စေပေါ့၊ အရမ်းပေးဆပ်မှုတွေများတယ် စသဖြင့်ပေါ့နော။ စိတ်အားငယ်တဲ့ အခါမျိုးတွေလည်း ရှိတတ်တယ်ပေါ့နော့။ ဒီအရာနဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူးအနေနဲ့ ဘာများအကြံပြုချင်ပါလဲ။

ဖြေ။ ။ ကျနော်တို့ လူသားဖြစ်တော့ ပေးဆပ်တဲ့အခြေနေလည်း ရှိမှာပေါ့နော။ ကျနော်တို့က ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အမျိုးသားအတွက်က ပေးဆပ်မှုတော့ ရှိတာပေါ့နော။ အားငယ်စရာ ပြောရင်လည်း အားငယ်တာပေါ့။ ဒါပေမဲ့ ဒီကျနော်တို့ ပေးဆပ်တဲ့လူငယ်တွေအတွက်က ကျနော်တို့ ဂုဏ်ယူတယ်။ အသိအမှတ်ပြုတာပေါ့နော။ ဒီစစ်ရှောင်နဲ့ ပတ်သက်ပြီးတော့မှ ဒီလူထုတွေ ဒုက္ခရောက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျနောတို့ ဒီအဖွဲ့အစည်းတခု၊ ဒီတော်လှန်ရေးတခုအနေနဲ့ အများကြီး ကြိုးစားဖို့လည်း လိုတာပေါ့နော။ ဘယ်လိုပြောမလဲ အခြေအနေအရတော့ လောလောဆယ်တော့ အခက်အခဲ ဖြစ်တယ်။ ကျနော်တို့အပေါ်မှာ သည်းခံနားလည်ပေးဖို့ သူတို့ကို မှာကြားချင်ပါတယ်။

မေး။ ။ လတ်တလောမှာဆိုရင်လည်း ဒီထိန်းချုပ်ထားတဲ့နယ်မြေတချို့မှာ တိုက်ပွဲမဖြစ်ပွားတော့လို့ အရပ်သားတွေအနေနဲ့လည်း နေအိမ်ပြန်လာကြည့်ချင်တာမျိုးတွေ၊ ခြံရှင်းလင်းချင်တာမျိုးတွေ လုပ်ချင် ကြတယ်ပေါ့နော။ မြေမြှုပ်မိုင်းတွေလည်း ရှိနေသေးတော့ ဒါတွေနဲ့ ပတ်သက်ပြီး အသိပညာ မရှိတဲ့ အခါမျိုးတွေမှာ နေရပ်ပြန်လာနေထိုင်တာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးအနေနဲ့ ဘာများအကြံပေးချင်ပါလဲ။

ဖြေ။ ။ နေအိမ် ပြန်လည်ရှင်းလင်းဖို့၊ ပြန်လည်နေထိုင်နိုင်ဖို့ကတော့ စဉ်းစားပြီးတော့ ပြန်လာဖို့လိုတယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့ တတ်နိုင်သလောက်က ပြန်ခွင့်ပြုပေးပြီးတော့မှ ဘယ်နားမှာ အန္တာရာယ်ရှိ၊ မရှိ ကျနော်တို့ ခွင့်ပြုမှလည်း ပြန်လာလို့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာထဲမှာ မိုင်းထောင်ထားတော့ ပြန်လာပြီးတော့ လူတွေအတွက် အန္တာရာယ်ဖြစ်တဲ့ကိစ္စတော့ မကောင်းဘူးပေါ့နော။ အဲ့ဒါ ကျနော်တို့အနေနဲ့ နယ်မြေရှင်းလင်းပြီးမှနောက်မှ ပြန်လာရင် ပိုပြီးအဆင်ပြေမယ်လို့ ကျနောလူထုကို ပြောပြချင်ပါတယ်။

မေး။ ။ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ပေါ့၊ ဗိုလ်မှူးရဲ့ တော်လှန်ရေးကာလသက်တမ်းက ဝါရင့်သမားဖြစ်တဲ့အတွက် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု၊ အသုံးပြုမှုအခြေအနေအပေါ် ဗိုလ်မှူးအနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်ပါလဲ။

ဖြေ။ ။ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့မှ ဒါ ဘယ်လိုပြောရမလဲ အပြည်ပြည်ဆိုင်ရာရဲ့ ကန့်သတ်ချက်က ဗမာစစ်တပ်က လိုက်မနာဘူးဆိုတော့ ဘယ်လိုဖြေရမလဲ။ ဘယ်လိုပြောရမလဲဆိုတော့ ဒီ ၂၀၂၁ ကတည်းမှာ ကျနော်တို့ ကရင်နီပြည်မှာ ဆန္ဒပြပြီးနောက်ပိုင်း အကြိမ် ၄၀ ဗုံးကြဲတယ်။ နောက်ပြီးတော့ ၂၀၂၂ ခုနှစ်မှာက လေယာဉ်ဗုံးကြဲတာက ၈၈ ကြိမ်ပေါ့နော။ ဒီ၂၀၂၃ မှာ ကတော့ ဗုံးကြဲမှုက ၇၀၀ ကျော်၊ ဒါပေမဲ့ အားလုံးတော့ မမှတ်မိဘူးပေါ့။

မေး။ ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုပဲဖြစ်ဖြစ်၊ အရပ်သားတွေပဲဖြစ်ဖြစ် ဗိုလ်မှူးအနေနဲ့ ဒီ၂၀၂၄ အတွက် အမှာစကားပဲဖြစ်ဖြစ် ဘာများပြောကြားချင်တာရှိပါလဲ။

ဖြေ။ ။ လူထုအတွက်ကတော့ အတတ်နိုင်ဆုံးက အေးဆေး၊ အေးချမ်းနိုင်အောင် ကျနော်တို့လုပ်မယ့် ရည်ရွယ်ချက်တွေ၊ လုပ်ရမယ့် လုပ်ဆောင်ချက်တွေ၊ လုပ်မယ့် တာဝန်အပေါ်မှာ ကျနော်တို့ ကြိုးစားပြီးတော့မှ လုပ်ဖို့ လူထုကို မှာချင်တယ်။ နောက်ပြီးတော့မှ ဆက်လက်ပြီးမှ ရန်သူတွေကို တိုက်ထုတ်မယ်။ တိုင်းပြည် အတွက် ငြိမ်းချမ်းအောင်လုပ်မယ်။ နစ်နာမှုတော့ ရှိမှာပေါ့နော့၊ အဲဒါက အပြန်အလှန်ပေါ့။ ရဲဘော်တွေလည်း ကြိုးစားပြီးတော့မှ တာဝန်ပေးတဲ့အပေါ်မှာ ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ ကျနော်မှာချင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။