ရက္ခိုင့်တပ်တော် AA ၏ ချင်းပြည်၊ ပလက်၀ဒေသအပေါ်ထားရှိသော မူဝါဒနှင့်ပတ်သတ်ပြီး ချင်းအရပ်ဖက် အဖွဲ့အစည်းများ၏ သဘောထားအမြင်စုစည်းမှု။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို လုံခြုံရေးနှင့်တည်ငြိမ်ရေး အာမခံချက်ရှိရန် ULA/ AA ၏ ထိန်းချုပ်မှုအောက်မှာ ဆက်လက်ထားရှိပြီး အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်မည်ဖြစ်ကြောင်း ရက္ခိုင်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မတ်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ပါသည်။
ရက္ခိုင့်တပ်တော် AA သည် “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက စစ်ကောင်စီဗျူဟာတပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်၀မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းအားလုံးကို တစ်ခုမကျန် အပြီးသတ်သိမ်းပိုက်နိုင်ပြီး စစ်ကောင်စီကင်းရှင်းသည့် နယ်မြေအဖြစ် ကြေညာခဲ့ပါသည်။
ထိုသို့ကြေညာပြီး ၂ လ နီးပါးအကြာ မတ်လ ၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်ပြီး ပလက်၀အရေးနှင့် ပတ်သက်သည့် AA ၏ သဘောထားကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
ပလက်ဝကို ပလက်ဝဒေသတွင် နေထိုင်သူများကပိုင်ဆိုင်ပြီး အားလုံးပါဝင်သည့် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို ဖော်ဆောင်တော့မည်ဖြစ်သလို ချင်းအင်အားစုများအနေနှင့် ပလက်ဝဒေသတခုထဲကို စိုးရိမ်ပူပန်နေခြင်းထက် ချင်းပြည်လွတ်မြောက်ရေးကိုသာ အာရုံစိုက်သင့်သည်ဟု အဆိုပါသတင်းစာရှင်းလင်းပွဲ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့ပါသည်။
ချင်းပြည်တောင်ပိုင်းရှိ ပလက်ဝမြို့နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး ရက္ခိုင်တပ်တော် AA ၏ မူဝါဒသဘောထားအပေါ် ချင်းအရပ်ဖက်အဖွဲ့အစည်းများ၏ သဘောထားအမြင်များကို စုစည်းတင်ပြလိုက်ပါသည်။
ဆလိုင်းထန်းနိုင်း (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ-ဥက္ကဌ)

“သူတို့က ဆက်ပြီးတော့ ထိန်းချုပ်ထားမယ်၊၊ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်မယ်ဆိုတော့ ဒီချင်းလဲန်းရဲ့ အချုပ်အခြာအာဏာကို ဒါကထိပါးစော်ကားတာလို့ပဲ ကျနော်က မှတ်ချက်ပေးချင်တယ်။ ဘယ်လိုဖြစ်လာနိုင်လဲဆိုရင် ကျနော်အမြင်က သူတို့ကလည်း သူတို့ပြောထားတဲ့အတိုင်း ဆက်လုပ်မှာပဲ။ ချင်းတော်လှန်ရေးအင်အားစုဘက်က လည်း ဒါကို လက်ခံမှာမဟုတ်ဘူး။ ရေရှည်မှာတော့ မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ နောက်ဆက်တွဲ ကြရင် လူမျိုးရေးအသွင်တောင်မှ ဖြစ်လာနိုင်တယ်။ AA အနေနဲ့လည်း ဒါကို ဆင်ဆင်ခြင်ခြင်လုပ်သင့်တယ်။ လက်ရှိ အနေအထားမှာ သူတို့ထိန်းချုပ်နိုင်တယ်ဆိုရင်တောင်မှ ဒါက သူတို့နယ်မြေမှ မဟုတ်တဲ့အခါကြတော့ အချိန်တန် အိမ်ပြန်ရမှာပဲ။ အင်္ဂလိပ်တွေ ခေတ်တုန်းကလည်း မြန်မာနိုင်ငံကို လာအုပ်ချုပ်ခဲ့တာပဲ။ ဒါပေမယ့်လည်း သူတို့လည်း အချိန်တန်ရင် သူတို့ဒေသကို ပြန်တာပဲလေ။ AA ကလည်း သူတို့ အုပ်ချုပ်ရေးယန္တရားကို ဘယ်လောက် အကောင်အထည်ဖော်ဖော်၊ ဒါက ချင်းပြည်သူတွေရဲ့မြေလေ၊ သူတို့မြေ မဟုတ်တာကြောင့် ဧည့်သည်ဆိုတာ ပြန်ရမယ့် တာဝန်ရှိတယ်။ ဧည့်သည်ကမပြန်ဘဲ ဆက်နေမယ်၊ အိမ်ရှင်ကို အနှောင့်အယှက်ပေးမယ်၊ စော်ကားပြုမှုမျိုးတွေ ဖြစ်လာရင် ရေရှည်မှာ ကြီးမားတဲ့ပဋိပက္ခတွေ ဖြစ်လာမှာပဲ။
လက်ရှိအနေအထားမှာ တော်လှန်ရေးအခြေအနေအရ စစ်ရေးအခြေအနေရ ထိန်းချုပ်ထားတယ်၊ အုပ်ချုပ်ရေး ယန္တရားဖော်ရင်တောင်မှ တချိန်ချိန်ကြရင် သူတို့ ပြန်သွားရမယ်။ အဲလိုမဟုတ်ဘဲနဲ့ သူတို့အပိုင်လိုလို၊ သူတို့မြေလိုလို သူတို့ကဆက်လုပ်မယ်ဆိုရင် ဒါကချင်းတွေ ရှိနေသ၍ကတော့ ပဋိပက္ခတော့ဖြစ်မှာပဲ။ နောက်ဆက်တွဲဖြစ်လာမယ့်ဟာကို ဒီလိုပဲ မှတ်ချက်ပေးချင်တယ်။ ကျနော်တို့ချင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပြီးတော့ အချုပ်အခြာပိုင်တဲ့လူမျိုး ဖြစ်နေပြီ။ ကျနော်တို့ ကံကြမ္မာကို ကျနော်တို့ကိုယ်တိုင်ပဲ ဖန်တီးရမှာဖြစ်တယ်။ အခု ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ နွေဦးတော်လှန်ရေး မှာ ပေါက်ဖွားလာတဲ့ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ ချင်းပြည်သူများအနေနဲ့လည်း ရွေးချယ်စရာ (၃) ခုပဲ ရှိတယ်။ နံပါတ် (၁) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရင် စကစနဲ့ပူးပေါင်းပြီးမှ အစိုးရယန္တရားကို အကောင်အထည် ဖော်ရမှာဖြစ်တယ်။ နံပါတ် (၂) ရက္ခိတလမ်းစဉ်ကို လက်ခံမယ်ဆိုရင် AA နဲ့ ပူးပေါင်းပြီးမှ နိုင်ငံရေးယန္တရားတွေကို အကောင်အထည်ဖော်ရမှာ ဖြစ်တယ်။ နောက်ဆုံးတစ်ချက်က ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို လက်ခံတယ်ဆိုရင် ချင်းလဲန်းအစိုးရအဖွဲ့နဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးဖို့အတွက် ဒါကို အတူတကွ အကောင်အထည် ဖော်ရမှာဖြစ်တယ်။ အဲဒါကို နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ ချင်းတော်လှန်ရေးအင်အားစုများအနေနဲ့လည်း ပြည်သူများအနေနဲ့လည်း မှန်မှန်ကန်ကန်ရွေးချယ်ကြဖို့ ကိုယ့်ရဲ့ရွေးချယ်မှုဟာ ကိုယ့်အနာဂါတ်ဖြစ်တယ်၊ ကိုယ့်သမိုင်း ဖြစ်တယ်ဆိုတာ နားလည်ပြီးမှ ကိုယ့်သမိုင်းမရိုင်းရလေအောင် ရွေးချယ်ကြဖို့ ပြောချင်ပါတယ်။”
ဆလိုင်းဒိုခါရ် – India for Myanmar တည်ထောင်သူ

“ပလက်ဝနယ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အခုချိန်မှာ နယ်မြေကိစ္စ အငြင်းပွားဖို့ မသင့်တော်ဆုံးကာလလို့ ပြောချင်တယ်။ ကျနော်ကတော့ AA ပြောဆိုချက်နဲ့ပတ်သက်ရင်တော့ အခုအခြေအနေအရက အထွေအထူးစိုးရိမ်မှု မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် ဒီကျနော်တို့ ထိန်းချုပ်နယ်မြေတစ်ခုကို ဖော်ဆောင်လိုက်ပြီးဆိုရင် ပြည်သူတွေရဲ့ နေ့စဉ်လိုအပ်ချက်တွေကို မဖြစ်မနေ အကောင်အထည်ဖော်ပေးဖို့ လိုတာတွေရှိတယ်။ ဘယ်အတိုင်းအတာအထိ အကောင်အထည်ဖော်ကြသလဲဆိုတာက ကိုယ့်ရဲ့စွမ်းဆောင်ရည်အလိုက် လုပ်ကြတဲ့ဟာမျိုးဖြစ်တော့ ဒါကတစ်ကဏ္ဍ ပေါ့လေ။ အခုချိန်မှာ AA အနေနဲ့ သူတို့ပြောဆိုချက်ကိုကြည့်ရင် လုံခြုံရေးအကြောင်းပြချက်တစ်ခု ပါတယ်။ ယနေ့မှာ ချင်းတွေက အကွဲအပြဲတွေလည်းဖြစ်နေတော့ သူတို့ပြောတာကိုနားလည်သလို ဘာသာပြန်မယ်ဆိုရင် ချင်းတွေက လုံးဝကို တာဝန်ယူတယ်ဆိုရင် ပလက်ဝကို စစ်ကောင်စီတပ်တွေ ပြန်ဝင်လာရင် ခုခံနိုင်စွမ်းရှိမလားဆိုတဲ့ လေသံနဲ့တောင် တူတယ်။ ဒီလိုဟာမျိုးဖြစ်တော့ ချင်းမှာ နှစ်ခြမ်းဖြစ်တယ်။ ဒါက အုပ်စုနှစ်စုကွဲသွားမှုရဲ့ နောက်ဆက်တွဲလို့ပဲ အပြစ်ပြောချင်ပါတယ်။ ယူဆပါတယ်။ ချင်းပြည်ကြားမှာ အကွဲကွဲအပြဲပြဲဖြစ်တဲ့ ပြသနာမျိုးကို အဖြေရှာနိုင်ရင်တော့ AA အနေနဲ့ ဆက်လက်ထိန်းသိမ်းစရာအကြောင်း မရှိဘူးလို့ယူဆတယ်။ ပလက်ဝနယ်မြေ ဆိုတာ ရေကြောင်း၊ ကုန်းကြောင်း စီးပွားရေး အချက်အချာကျတဲ့နယ်မြေ ဖြစ်တယ်။ ချင်းပြည်အတွက် လုံးဝအသည်းနှလုံး ဖြစ်တယ်။
ရခိုင်အတွက်ဆိုရင် အခုတော်လှန်ရေးကာလဟာမျိုး ပြည်နယ်အတွင်းက နယ်မြေတွေ ဖြတ်လေးဖြတ် ခုခံနိုင်စွမ်းရှိဖို့အတွက် ပလက်ဝဟာ စစ်ရေးဗျူဟာအရ ယာယီအရေးပါမှုသာသာပဲရှိတယ်။ ရခိုင်တွေအတွက် ဆိုရင်တော့ ဘာလို့လည်းဆိုတော့ ရခိုင်မှာ ရေကြောင်း၊ ကုန်းကြောင်း စီးပွားရေးအချက်အချာကြတဲ့ နေရာတွေ အများကြီးရှိတယ်။ ချင်းကတော့ ပလက်ဝတစ်ခုပဲ ရှိတယ်။ ချင်းအတွက် စီးပွားရေးအရအရေးပါတဲ့ နယ်မြေကို ပဋိပက္ခ ဖြစ်ပွားရလောက်တဲ့အထိ ဘယ်တော့မှ ရခိုင်တွေကလည်း လုပ်လိမ့်မယ်လို့ မထင်ဘူး။ အထူးသဖြင့် AA ကပေါ့လေ။ သူတို့ ပလက်ဝအရေးကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ရခိုင်နဲ့ချင်းတွေမှာ ပဋိပက္ခဖြစ်ပေါ်လာရင်တော့ နစ်နာမယ့်ဟာက နှစ်ဖက်စလုံး ဖြစ်တယ်။ ပိုပြီးမှနစ်နာမယ့်သူက ရခိုင် ဖြစ်ရင်ဖြစ်မယ်။ ဒီလိုအခြေအနေဟာမျိုးကို သူတို့တွေက ဘယ်တော့မှ နယ်မြေလုတဲ့ဟာမျိုး ဘယ်တော့မှ ဖြစ်လာမယ်လို့ မယုံကြည်ဘူး။ သူတို့ အဲလိုတွေးရင်းလည်း သူတို့ ကိုယ်တိုင်လည်း အမှားကြီးကျူးလွန်ရာ ရောက်မှာပေါ့လေ။ ဒီတော့ ချင်းမှာ အကွဲအပြဲဖြစ်နေတဲ့ ခေါင်းဆောင်တွေရဲ့ အခြေအနေတွေကြောင့် ရခိုင်တွေကလည်း ယာယီအုပ်ချုပ်ရေးဖော်ဆောင်ပြီး ထိမ်းသိမ်းတယ်လို့ယူဆပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင် AA ဘက်ကို အပြစ်တင်စရာအကြောင်း မရှိဘူး။ အဓိက အပြစ်တင်ချင်တာက အကွဲအပြဲတွေ ဖြစ်နေတဲ့အုပ်စုတွေ အမြန်ဆုံးပူးပေါင်းကြဖို့ ထပ်လောင်းတိုက်တွန်းချင်ပါတယ်။”
ဆလိုင်းမာန်ဟရဲလျန် – ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ပြောရေးဆိုခွင့်ရှိသူ

“ကျနော်အမြင်နဲ့ပြောရရင် ပလက်ဝဒေသဟာ ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဒီတေ့ာ ချင်းလူမျိုးရဲ့ သဘောထားနဲ့ သဘောတူညီမှု လိုအပ်တယ်။ အဲလိုမလုပ်ဘဲနဲ့ ပလက်ဝမှာ အခြေစိုက်မယ်ဆိုတာက ကျနော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နယ်မြေပိုင်ဆိုင်မှုကို ကျူးကျော်တာလို့ ပြောလို့ရတယ်။ နောက်တခု အရေးကြီးတာက ပလက်ဝမှာနေတဲ့ ဒေသခံတွေကရော ဘယ်လိုသဘောထားရှိမလဲဆိုတာကို လက်ခံဖို့လိုတယ်။ ပလက်ဝမှာနေတဲ့ ခူးမီးအများစုတွေကလည်း ပလက်ဝမှာ AA က အခြေချနေထိုင်တာကို အရင်ကတည်းက လက်မခံလို့ ကန့်ကွက်ခဲ့တာ ပေါ့နော်။ ချင်းပြည်နယ်ကသော်လည်းကောင်း၊ ပလက်ဝမှာနေထိုင်တဲ့ ဒေသခံတွေကသော်လည်းကောင်း အခြေချခွင့် ခွင့်မပြုသ၍တော့ အတင်းအဓမ္မအုပ်ချုပ်မှုက မလိုလားအပ်တဲ့ ပြသနာတွေကို အသွင်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်လို့ ပြောလို့ရတယ်။ ဆက်လက်ထိန်းချုပ်မယ်၊ ဆက်လက်ပြီးတော့ အုပ်ချုပ်မယ်ဆိုရင် လူမျိုးတစ်စုနဲ့ တစ်စုကြား သဟဇာတဖြစ်လာမှာ မဟုတ်ဘူး။ ပလက်ဝဒေသက ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒါကြောင့် ချင်းလူမျိုးတွေရဲ့ သဘောတူညီချက်၊ ဒေသခံခူမီးလူမျိုးတွေရဲ့ ဆန္ဒမပါဘဲနဲ့ ဒီလိုအုပ်ချုပ်ရေးတွေ ဆက်လုပ်ဆောင်နေမယ်ဆိုရင် ပဋိပက္ခတွေ ဖြစ်လာဖို့၊ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမယ့် အကျိုးရလဒ်က ဖြစ်လာမယ့် အနေအထားမှာရှိတယ်။”
KMG ပေးပို့သည်။