တရားဝင်မှတ်ပုံတင်ခွင့်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) ၏ ရှေ့လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နှစ်ခွဲကျော်ကြာ စောင့်ဆိုင်းထားခဲ့သည့် မွန်ညီညွတ်ရေးပါတီ MUP ကို စက်တင်ဘာ ၉ ရက်နေ့က ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။
လက်ရှိ စစ်ကောင်စီ၏ ဗဟိုအစိုးရအဖွဲ့ထဲတွင် ပါဝင်လှုပ်ရှားနေသည့် မွန်ညီညွတ်ရေးပါတီကို အချိန်တော်တော်ကြာပြီးမှ ပါတီမှတ်ပုံတင် ချပေးလိုက်တာဟာ ဘယ်လိုသဘောဆောင်ပါလဲ။ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရရှိသွားသည့် MUP ပါတီအနေနှင့် မွန်ပြည်နယ်အတွင်း ဘာတွေဆက်လက် လုပ်ကိုင်သွားဖို့ရှိပါလဲ။
ပါတီရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် စိန်ခေါ်မှုများအကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် စစ်ကောင်စီက လုပ်ဆောင်ရန်ပြင်နေသည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပါတီ၏သဘောထားအမြင်များ သိရှိနိုင်ရန် ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး။ ။ မွန်ညီညွတ်ရေးပါတီကို မကြာသေးခင်ကပဲ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ချပေးလိုက်ပြီဆိုတော့ လက်ရှိနိုင်ငံရေးအခြေအနေမှာ တရားဝင်နိုင်ငံရေးပါတီတရပ်အနေနဲ့ မွန်ပြည်နယ်အတွင်း ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါလဲ။
ဖြေ။ ။ လောလောဆယ်တော့ ဘာမှလုပ်ငန်းတွေ ရှေ့ဆက်မရှိသေးဘူး။ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ အတွက်ကတော့ ကော်မတီတွေခေါ်ပြီးတော့မှ ဘယ်လိုဆက်ပြီးတော့ လုပ်ရင်ကောင်းမလဲဆိုတာ အစည်းအဝေးမှာ ဆုံးဖြတ်ရမယ်။ မနေ့က (စက်တင်ဘာလ ၉ ရက်) မှ မှတ်ပုံတင်ကျတာကြောင့် ကျွန်တော်တို့ တိတိကျကျ မပြောနိုင်သေးဘူး။
မေး။ ။ လက်ရှိနိုင်ငံရေးအခြေအနေမှာ တရားဝင်ရပ်တည်ရမယ့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်လဲ။
ဖြေ။ ။ စိန်ခေါ်မှုတွေကတော့ အများကြီးပေါ့နော်။ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ကျတယ်ဆိုကတည်းက အခုလောလောဆယ်အနေနဲ့ ကော်မတီကလည်း ဘာမှမထိုင်ရသေးဘူး ဆိုတော့လည်း အတိအကျတော့ မသိဘူး။ သေချာတာတခုကတော့ ကျွန်တော်တို့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံခွင့်က ပိုရလာမယ်။ သွားရေးလာရေး လုံခြုံရေးကအစ အခက်အခဲအနည်းအကျဉ်း ရှိမှာတော့ သေချာတယ်။

မေး။ ။ စစ်ကောင်စီက ပါတီမှတ်ပုံတင်ခွင့်ချပေးဖို့အတွက် တစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရတာဆိုတော့ ဒီအပေါ်ကိုလည်း ပါတီအနေနဲ့ဘယ်လိုရှုမြင်လဲ။
ဖြေ။ ။ အဓိက ကတော့ မှတ်ပုံတင်ကျတယ်ဆိုတာက တရားဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ တွေရော အားလုံးကို ပြည်သူလူထုကို ကျွန်တော်တို့ချပြလို့ရပြီ။ ထိတွေ့ဆက်ဆံလို့ရတယ်။ နောက်ပြီးတော့ ပြည်သူတွေကို ပါတီအနေနဲ့ ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သွားရမယ်ဆိုတာ ကျွန်တော်တို့ အကြံဉာဏ်ရယူလို့ရတယ်။
ပါတီမှတ်ပုံတင် မကျခင်ကဆိုရင် တရားဝင်မဟုတ်တဲ့အတွက် သွားရလာရတာ တော်တော်လေး အခက်အခဲဖြစ်တယ်။ ကျွန်တော်တို့ အစည်းအဝေးလုပ်တာက အစပေါ့။ လူထုစည်းရုံးရေးမှာ စုပြီးတော့ စည်းရုံးတာကအစ တရားဝင် ဖြစ်သွားပြီဆိုတော့လည်း အများကြီးကောင်းတာပေါ့။ ပြည်သူလူထုဆီကလည်း အကြံဉာဏ် ပိုပြီးတော့ ရလာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့လည်း သူတို့ဆီက ဘယ်လို ဆက်လုပ် သွားရမလဲဆိုတဲ့ဟာကိုလည်း သေသေချာချာ ချပြလို့ရတာပေါ့။
မေး။ ။ ပြီးခဲ့တဲ့ဩဂုတ်လတုန်းက စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံပွဲမှာ လာမယ့်နှစ်ကုန်ပိုင်းလောက် ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြောလာတာ ရှိပါတယ်။ အဲဒီအတိုင်းသာ ဖြစ်လာ မယ်ဆိုရင် မွန်ညီညွတ်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်နဲ့ပတ်သက်လို့ လုံလောက်မှု ရှိပါ့မလား။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ အချိန်ကတော့ လုံလောက်မှုတော့ ရှိတယ်ပေါ့။ ဒါပေမယ့် ရွေးကောက်ဖို့ကအစ ဘယ်လိုဆက်ပြီးတော့ ရပ်တည်မလဲဆိုတာကအစ အားလုံးက ဗဟိုကော်မတီရဲ့ အစည်းအဝေးပေါ်မှာ မူတည်တယ်။ ရွေးကောက်ဖို့က လည်း ဘယ်လိုဆက်ဖြစ်လာမလဲ။ ရွေးကောက်ပွဲကို ဘယ်လိုဝင်ရမလဲဆိုတဲ့ဟာကအစ အကုန်လုံးပေါ့။ရှေ့ဆက်ဖို့ ကော်မတီအစည်းအဝေးရယ်၊ အဲဒီအစည်းအဝေးတွေကတဆင့် ဆုံးဖြတ်သွားမှာပေါ့။ လောလောဆယ် အတိအကျ မပြောနိုင်သေးဘူး။ အဓိက အစည်းအဝေးအပေါ် မူတည်တယ်။ အများက ဘယ်လိုဆုံးဖြတ်ချက် ချမလဲပေါ့။ နောက်ပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ သူတို့ဘယ်လို အကြံဉာဏ်တွေ ပေးလာမလဲပေါ့။ အဲဒီအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။