လွတ်လပ်သော နိုင်ငံတကာလူ့အခွင့်အရေးကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသောအဖွဲ့တစ်ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) စည်းရုံးရေးနှင့်ဆက်သွယ်ရေးအရာရှိ Connor Macdonald နှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား ကမ္ဘာ့လုံး ဆိုင်ရာ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ မဟာမိတ် (GANHRI) က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်မှရုပ်သိမ်းခဲ့သည်။
ယင်းအပြင် စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ဖျက်သိမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) က ကြိုဆိုလိုက်သည်ဟု ပြီးခဲ့သည့် ၂၀၂၅၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် SAC-M က ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများမဟာမိတ် (GANHRI) က စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ MNHRC အား အဖွဲ့ဝင်အဖြစ်မှရုပ်သိမ်းခဲ့သည့်အပေါ် လွတ်လပ်သော နိုင်ငံတကာလူ့အခွင့်အရေးကျွမ်းကျင်သူ များနှင့် ဖွဲ့စည်းထားသောအဖွဲ့တစ်ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ၏ စည်းရုံးရေးနှင့် ဆက်သွယ်ရေးအရာရှိ Connor Macdonald ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ MNHRC ကို GANHRI ကနေ ရုပ်သိမ်းလိုက်တဲ့အဓိကအကြောင်းအရင်းက ဘာကြောင့်ပါလဲ။ ဒီလို ထုတ်ပယ်လိုက်တာကြောင့် စစ်ကောင်စီအတွက် ဘယ်လိုအဓိပ္ပာယ်သက်ရောက်စေပါလဲ။ ဘယ်လို ထိုးနှက်ချက်တွေ ဖြစ်ပေါ်လာစေနိုင်ပါလဲ။
ဖြေ။ ။ GANHRI က MNHRC ကို အသိအမှတ်ပြုမှုရုတ်သိမ်းပြီး သူ့ရဲ့ကွန်ရက်မှ ဖယ်ရှားခဲ့တဲ့အကြောင်းရင်းက MNHRC ကလွတ်လပ်ပြီး ထိရောက်မှုရှိရှိ လုပ်ဆောင်နေခြင်းမရှိဘူးဆိုတာကို သူတို့တွေ့ရှိပြီးနောက်မှာ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် စတင်ဖွဲ့စည်းပြီးတဲ့အချိန်ကစလို့ MNHRC က စစ်တပ်ရဲ့ကြောက်မက်ဖွယ်ကောင်းလှတဲ့ လူ့အခွင့်အရေးမှတ်တမ်းများအား သိက္ခာဆယ်ဖို့အတွက် အသုံးပြု ခြင်းခံလာရတဲ့ စစ်အုပ်စုရဲ့လက်နက်တစ်ခုပဲ ဖြစ်တယ်။ MNHRC က ဘယ်တုန်းကမှ မြန်မာလူထုရဲ့ အခွင့်အရေး အတွက် ရပ်တည်ထောက်ခံပေးခဲ့တာမျိုး မရှိခဲ့ပါဘူး။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အပေါ် စစ်တပ်ရဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုမှာ MNHRC က နှုတ်ဆိတ်နေခဲ့ပါတယ်။ အာဏာသိမ်းရန် ကြိုးပမ်းပြီး ချိန်မှစ၍ အရပ်သားများအပေါ် စစ်တပ်ရဲ့ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျှက်ရှိတဲ့ ချိုးဖောက်မှုများအတွက် စကားလုံးတလုံးမျှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
လေးနှစ်တာကာလလုံးမှာ စစ်တပ်ရဲ့အရပ်သားများအပေါ် သတ်ဖြတ်မှု၊ လူထောင်ပေါင်းများစွာ ဖမ်းဆီးခံရပြီး နှိပ်စက်ခံနေရမှု များက ကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်နေလျှက်ရှိတယ်ဆိုတာကို ခိုင်လုံတဲ့သတင်းများအရ သိရှိထားပြီး ဖြစ်ပါတယ်။ မြန်မာနဲ့ကမ္ဘာတဝှမ်းမှာ နေ့စဉ်နဲ့အမျှ သတင်းခေါင်းစဉ်တွေမှာ အခုလိုမျိုး သတင်းတွေ ကို တွေ့နေရပေမဲ့လည်း MNHRC က တကြိမ်တခါမျှပင် သတိပေးနှိုးဆော်ခြင်း မရှိခဲ့ပါဘူး။ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ MNHRC က မြန်မာပြည်သူလူထုရဲ့အခွင့်အရေးအတွက် ရပ်တည်ရမဲ့သူ့ရဲ့တာဝန်ကို လျစ်လျူရှု နေပြီး လူထုကအလိုအပ်ဆုံးအချိန်မှာ အရှက်သိက္ခာမဲ့စွာဖြင့် တာဝန်တွေကို ပျက်ကွက်ခဲ့တာပဲ ဖြစ်ပါတယ်။ GANHRI ရဲ့ ဆုံးဖြတ်ချက်က နိုင်ငံတကာတရားဝင်မှုကို အပြင်းအထန်ရှာဖွေကြိုးပမ်းနေတဲ့ စစ်အုပ်စုကို ထိခိုက်စေတဲ့ သိသာထင်ရှားတဲ့ ဖြစ်ရပ်တခုပဲဖြစ်ပါတယ်။
GANHRI ရဲ့ ဆုံးဖြတ်ချက်က ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီတို့အပြင် တခြားသော နိုင်ငံတကာဆွေးနွေးပွဲများမှာ စစ်အုပ်စုသည် နိုင်ငံတကာ တရားဝင်မှုမရှိဘူးဆိုတာကိုပြသတဲ့ နောက်ဆုံးသော အဓိကကျတဲ့ နိုင်ငံတကာယန္တရားတခု ဖြစ်ပါတယ်။ GANHRI ရဲ့ ဒေသတွင်းဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှပစိဖိတ်ဖိုရမ် (Asia Pacific Forum – APF) နဲ့ အရှေ့တောင်အာရှနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF) တို့အနေဖြင့် MNHRC ကို သူတို့ရဲ့ကွန်ရက်တွေကနေ ဖယ်ရှားရမှာဖြစ်ပါတယ်။ အခုလိုမျိုးလုပ်ဆောင်မှုတွေက စစ်အုပ်စုကို နိုင်ငံတကာယန္တရားတွေမှာ တရားဝင်မှုရရှိဖို့ ပိုမိုခက်ခဲစေမှာဖြစ်ပြီး ၎င်းရဲ့ကြောက်မက်ဖွယ်ကောင်းလှတဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို သိက္ခာဆယ်နိုင်ဖို့အတွက်လည်း ပိုပြီး အခက်တွေ့လာမှာဖြစ်တယ်။ ဒါ့အပြင် စစ်တပ်အတွက် နိုင်ငံတကာတာဝန်ယူမှုတာဝန်ခံမှုတို့မှလည်း လွတ်မြောက်ဖို့ ပိုပိုပြီးခက်ခဲလာမှာ ဖြစ်ပါတယ်။
မေး။ ။ တဖက်မှာလည်း စစ်ကောင်စီဘက်က ဇန်နဝါရီလ ၃၁ ရက်နေ့ကပဲ (MNHRC) အဟောင်းကို ပယ်ဖျက်ပြီး အသစ်ဖွဲ့စည်းလိုက်တယ်လို့ ပြန်ပြီးထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ စစ်အုပ်စုက MNHRC ကို အသစ်ထပ်မံဖွဲ့စည်းလိုက်ခြင်းကလည်း တရားဝင်မှုရရှိအောင် ကြိုးစားမှုလို့ မမြင်ပါဘူး။ စစ်အုပ်စုဟာ လွတ်လပ်ပြီးဘက်လိုက်မှုကင်းကင်းနဲ့ ထိရောက်မှုရှိတဲ့ မြန်မာလူထုရဲ့အခွင့်အရေး အတွက် ရပ်တည်ထောက်ခံပေးတဲ့ MNHRC အဖြစ် ကြိုးပမ်းလုပ်ဆောင်ဖို့ စိတ်ဆန္ဒမရှိပါဘူး။ အခုလိုမျိုး စစ်အုပ်စုရဲ့လက်ပါးစေ MNHRC ခေါင်းဆောင်တွေကိုဖယ်ရှားပြီး နောက်အခြားသူတွေနဲ့ အစားထိုးခြင်းက စစ်အုပ်စုရဲ့လုပ်ရိုးလုပ်စဉ် လုပ်နေကြတခုပဲဖြစ်တယ်။ ဒါက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက ချမှတ်လိုက်တဲ့ GANHRI ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး MNHRC ရဲ့ အရည်အသွေး သတ်မှတ်ချက်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစား လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါလိမ့်မယ်၊ ဒီလိုမျိုး အမှန်တကယ် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ တယ်ဆိုရင်လည်း ဒါကအလုပ်မဖြစ်ပါဘူး။
မေး။ ။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို တရားမျှတပြီး လွတ်လပ်သော နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းကို ဘာကြောင့် အမြန်ဆုံးဖွဲ့စည်းဖို့လိုအပ်တာပါလဲ။ ဘယ်သူတွေက ဘာတွေ ပြင်ဆင် ထားဖို့ လိုအပ်နေပါလဲ။
ဖြေ။ ။ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်အတွက် လူထုရဲ့ကြိုးပမ်းအားထုတ်မှုတွေက လူ့အခွင့်အရေး အတွက် ကြိုးပမ်းအားထုတ်မှုလည်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းလှုပ်ရှားသူများကဲ့သို့ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူထုကလည်း သူတို့ရဲ့အခွင့်အရေးတွေကို အနာဂတ်ကာလမှာ ကာကွယ်မှုရရှိဖို့ အတွက် ဆယ်စုနှစ်ပေါင်းများစွာ ရုန်းကန်ကြိုးစားလာနေခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုးအနှစ်နှစ်အလလ ရုန်းကန် ကြိုးပမ်းမှုတွေက လူထုမျှော်မှန်းတဲ့ အနာဂတ်ကိုရောက်ရှိနိုင်ဖို့အတွက် ဒီနွေဦးတော်လှန်ရေးက အခုချိန်မှာ အတူတကွ စုစည်းမှုဖြစ်စေတယ်လို့ မြင်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့အစည်းကို တည်ထောင်ဖွဲ့စည်းခြင်းက အခုလိုမျိုးကြိုးပမ်းမှုတွေ လုပ်ဆောင်နေစဉ် ကာလအစမှာ အခုလက်ရှိနဲ့ နောင်အနာဂတ် မျိုးဆက်သစ် မြန်မာလူထုအတွက် ခိုင်မာတဲ့ လူ့အခွင့်အရေး ကာကွယ်မှုတွေ ရရှိနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါက NUG အနေဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနဲ့ တခြားသော တော်လှန်ရေးအင်အားစုများနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရမဲ့ များပြားလှသောခြေလှမ်းများထဲမှ တခုသာဖြစ်ပြီး မြန်မာလူထုရဲ့အခွင့်အရေးကို ရပ်တည်ကာကွယ်ဖို့အတွက် အားထုတ်ကြိုးပမ်းလုပ်ဆောင်သင့်တဲ့ အရာတခုဖြစ်ပါတယ်။ အခုလိုမျိုးလုပ်ဆောင်ခြင်းက တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။
NMG ပေးပို့သည်။
