30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေရဲ့အရေအတွက်က များနေဆဲပါ။ လျော့သွားတာတော့ မရှိဘူး။ မူးယစ်ဆေးဝါးတွေက ရှာရခက်တဲ့အနေအထားတော့ တခါမှမရှိခဲ့ပါဘူး။ ဒီနိုင်ငံရေးအခြေအနေတွေနဲ့ အခြားကုန်စည်စရိတ်စခတွေကတက်နေတာ မူးယစ်ဆေးဝါးတွေကဈေးမတက်ဘဲ အမြဲဝယ်ယူလို့လွယ်ကူနေတဲ့...

“မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေရဲ့အရေအတွက်က များနေဆဲပါ။ လျော့သွားတာတော့ မရှိဘူး။ မူးယစ်ဆေးဝါးတွေက ရှာရခက်တဲ့အနေအထားတော့ တခါမှမရှိခဲ့ပါဘူး။ ဒီနိုင်ငံရေးအခြေအနေတွေနဲ့ အခြားကုန်စည်စရိတ်စခတွေကတက်နေတာ မူးယစ်ဆေးဝါးတွေကဈေးမတက်ဘဲ အမြဲဝယ်ယူလို့လွယ်ကူနေတဲ့ အခြေအနေပေါ့နော် အဲလိုတွေ့ရတယ်” မိပကောင်းကျန်းပါး/ မွန်မူးယစ်ဆေးဝါးမူဝါဒရေးဆွဲရေးအဖွဲ့တာဝန်ရှိသူ

မွန်ဒေသမူးယစ်ဆေးဝါပြဿနာအား အရေးယူထိန်းသိမ်းနိုင်ရန် ရေးဆွဲနေသည့် မူးယစ်ဆေးဝါးမူဝါဒနှင့် ပတ်သက်ပြီး မွန်မူးယစ်ဆေးမူဝါဒရေးဆွဲရေးအဖွဲ့တာဝန်ရှိသူ မိပကောင်းကျန်းပါးနှင့် တွေ့ဆုံမေးမြန်းချက်။

မွန်မူးယစ်ဆေးဝါးမူဝါဒရေးဆွဲရေးအဖွဲ့က မွန်ဒေသတွင်းကို အခြေပြုပြီး မူးယစ်ဆေးဝါးမူဝါဒတရပ်ကို ရေးဆွဲ လျှက်ရှိပြီး လက်ရှိတွင်မူကြမ်းတရပ် ထွက်ပေါ်လာပြီဖြစ်ခြင်းကြောင့် ဝိုင်းဝန်းကူညီပါဝင်ထားသည့် အဖွဲ့အသီးသီးတို့ရှေ့ထံ ယခုနိုဝင်ဘာလအတွင်း၌ ချပြသွားရန်ရှိသည်ဟု သိရသည်။

လက်ရှိမွန်ပြည်သူလူထုတို့ ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါပြဿနာကို အရေးယူထိန်းသိမ်းနိုင်ရန်အပြင် အသိပညာပေး လုပ်ငန်းစဉ်များကိုလည်း နည်းလမ်းကျကျဖြင့် မူဝါဒလမ်းကြောင်းတခုတည်းပေါ်တွင် ရည်တည်နိုင်ရန် ရည်ရွယ်ပြီး မွန်မူးယစ်ဆေးဝါးမူဝါဒတရပ်ကို ၂၀၂၁ ဇွန်လတွင် စတင်ရေးဆွဲခဲ့သည်ဟု ဆိုသည်။

ထိုသို့မူးယစ်ဆေးဝါးမူဝါဒကို ရေးဆွဲပြုစုနေစဉ်အတွင်း ဒေသခံပြည်သူလူထုတို့၏အသံ၊ မွန်အဖွဲ့အစည်း အသီးသီးနှင့် ဌာနအသီးသီးတို့၏ အသံအချက်အလက်တို့ကို ထည့်သွင်းရေးဆွဲထားခြင်းကြောင့် အဆိုပါ အဖွဲ့အစည်းများရှေ့ထံ ချပြသွားမည်ဟု သိရသည်။

မွန်လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်နေ့သည့်အခြေအနေ၊ မူးယစ်ဆေးဝါးမူဝါဒအကြောင်း အပါအဝင် အတည်ပြုရေးဆွဲပြီးစီးပါက ရှေ့ဆက်အကောင်ထည်ဖော်သွားမည့် လုပ်ငန်းစဉ်တို့နှင့်ပတ်သက်ပြီး မွန်မူးယစ်ဆေးဝါးမူဝါဒရေးဆွဲရေးအဖွဲ့တာဝန်ရှိသူ မိပကောင်းကျန်းပါးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိမူးယစ်ဆေးမူဝါဒရေးဆွဲနေတာ အခုဆိုရင် ဘယ်အခြေအနေအထိရောက်ရှိနေပါပြီလဲ။

ဖြေ။ ။ မူးယစ်ဆေးမူဝါဒကိုတော့ ၂၀၂၁ ဇွန်လမှာ လုပ်ငန်းစဉ်တွေကို စတင်လာခဲ့တယ်။ အခုဆိုရင် အချိန်ကာလအားဖြင့် ၃ နှစ်နဲ့ ၅ လအချိန်ကို ရောက်ရှိလာပြီပေါ့လေ။ တဆက်တည်း ဒီကာလတလျှောက်မှာ ဆိုရင် ကျမတို့က သက်ဆိုင်ရာဌာနအသီးသီးရဲ့ အသံတွေ၊ ပြည်သူလူထုရဲ့ စကားသံတွေကို အခြေခံပြီးတော့ ဆောင်ရွက်လာတာ အခုဆိုရင် finalize အဆင့်ကို ရောက်လာပြီပေါ့။ finalize ပြီးတော့ မကြာခင်မှာ seminar ပွဲ လုပ်ဖို့ရှိတယ်။ ရရှိထားတဲ့အချက်အလက်တွေကို အခြေခံပြီးတော့ မူကြမ်းရေးဆွဲထားတယ်ဆိုတော့ မူဝါဒ ရေးဆွဲနေတဲ့အချိန်မှာ အဓိကပါဝင်ပြီး အကြံဉာဏ်နဲ့အမြင်တွေကို ပေးထားတဲ့သူတွေရှေ့ကို ချပြနိုင်မယ့် အဆင့်အထိတော့ ရောက်နေပါပြီ။

မေး။ ။ မွန်မူးယစ်ဆေးမူဝါဒအဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ ဒီလုပ်ငန်းစဉ်ကို ဘယ်လိုပုံဖော်လုပ်ဆောင်နေပါလဲ။

ဖြေ။ ။ ရည်ရွယ်ချက်ကတော့ မွန်ဒေသအသိုင်းအဝိုင်းထဲမှာကတော့ မူးယစ်ဆေးဝါးက ဝင်ရောက်နေတာ ကြာခဲ့ပါပြီ။ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရောင်းဝယ်ဖောက်ကား ပျံ့နှံ့လာတဲ့အပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ ပြဿနာ တွေကို ပြည်သူလူထုတွေ အများကြီး တွေ့ကြုံခံစားနေရတာရှိတယ်။ အဲ့ဒီ ဖြစ်နေတဲ့ပြသနာကို ဖြေရှင်းကြတဲ့ အပေါ်မှာ အသိပညာပေးတဲ့အပိုင်း၊ ကြိုတင်သတိပေးတဲ့အပိုင်း ဆိုပြီး လုပ်ဆောင်နေတာရှိတယ်။ နောက်ဥပဒေ ဘက်ပိုင်းနဲ့ ဖမ်းဆီးအရေးယူတာတွေလည်း လုပ်ဆောင်နေတဲ့အပေါ်မှာ သွားတဲ့ပုံစံချင်းက မတူတဲ့အခါ ကြတော့ ပြဿနာဖြေရှင်းတဲ့အချိန်မှာ အောင်မြင်မှုရယ် တိကျမှန်ကန်တဲ့ အဖြေတစ်ခုရဖို့ရယ်က နောက်ကျနေတာတွေရှိတော့ အဲ့လိုအပေါ်မှာလည်း ကျမတို့ ဆွေးနွေးသုံးသပ်ခဲ့ကြတာရှိတယ်။

ဆိုတော့ ကျမတို့က ပညာပေးတဲ့အပိုင်းမှာရော ကြိုတင်အသိပညာပေးတဲ့အပိုင်းနဲ့ ဥပဒေအပိုင်းကို ပြည်သူတွေ နဲ့အတူ လမ်းကြောင်းတစ်ခုတည်းပေါ် အတူတူသွားနိုင်ဖို့က Guideline မူတစ်ခုရှိဖို့၊ ပေါ်ပေါက်ဖို့ လိုအပ်လာတဲ့ အပေါ်ကို အခြေခံပြီး ကျမတို့စဉ်းစားဆုံးဖြတ်ခဲ့တဲ့နောက် ဒီမူဝါဒက ပေါ်ပေါက်လာခဲ့တယ်ပေါ့။ နောက်ပြီး မူဝါဒ ကို အတည်ပြုပြီးစီးတဲ့အချိန်ဆိုရင်လည်း ပြည်သူလူထုရော၊ မွန်ဒေသအတွင်း အုပ်ချုပ်နေတဲ့သူတွေရော၊ မွန်ဒေသအတွင်းမှာရှိတဲ့ ဆက်စပ်ဌာနဆိုင်ရာအားလုံးကပါ ကိုင်တွယ်ကျင့်သုံးနိုင်တဲ့မူဝါဒ ဖြစ်နိုင်ဖို့အတွက် ကျမတို့ရေးဆွဲထားတယ်။ အဲ့အထဲမှာ အဓိကရည်ရွယ်တာက မူးယစ်ဆေးဝါးကြောင့် ပြည်သူတွေကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာ၊ လူမှုရေးပြဿနာ၊ စီးပွားရေးပြဿနာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ လုံခြုံပြီးဖွံ့ဖြိုးတိုးတက်တဲ့ လူ့အသိုက်အဝန်းတစ်ခု ဖန်တီးနိုင်ဖို့နဲ့ လူ့အခွင့်အရေးနဲ့လည်း ပြည့်စုံတဲ့ လူ့အသိုင်းအဝန်းတွေကို ဖန်တီးနိုင်ဖို့ အတွက် ရည်ရွယ်အကောင်အထည်ဖော်ခဲ့တယ်။

မေး။ ။ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ပုံစံကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ မူးယစ်ဆေးကပြောရမယ်ဆိုရင် သူရဲ့အသွားနှုန်းက မြန်နေတာပေါ့နော်။ ပြောရရင် ၂၀၁၀ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်း ဖြစ်နေတဲ့အခြေအနေတွေက မတူဘူး။ အရင်ကဆို ဘိန်းဖြူရှိမယ်၊ မြင်းဆေးတွေ ရှိမယ်ပေါ့။ ဒီနောက်ပိုင်းမှာဆိုရင် ဘာတွေထူးထူးခြားခြားရှိလာလဲဆိုရင် Ice တို့ ကတ်သမင်းတို့ အရွက်တို့ ရှိလာတယ်။ အဲ့လိုအသွားနှုန်းက မြန်လာတယ်ပေါ့။ အဲလိုဖြစ်လာတော့ အရင်တုန်းကဆို ကျမတို့လူမှုအဖွဲ့အစည်း တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ၊ ပညာပေးပွဲမှာဆိုရင် STOP ဆိုတဲ့စကားလုံးကိုပဲ အသားပေးပြောဆိုကြတာပေါ့။ အဲလို သွားနေတဲ့အပေါ် ဘာတွေ့လာလဲဆိုရင် ဒါကပြဿနာကို ဖြေရှင်းနည်းတော့မဟုတ်ဘဲ မူးယစ်ဆေးဒဏ်ခံခဲ့ရသူ တွေရဲ့ အသွေးသားထဲအထိ မထိရောက်ဘူး။ အပြစ်ပေးတာနဲ့ ခြိမ်းခြောက်တဲ့ပုံစံမျိုး ဖြစ်နေတဲ့အခါကြတော့ အချို့ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။

နောက်ပိုင်းကြတော့ ပြောင်းလဲလိုက်တယ်။ ကမ္ဘာ့နိုင်ငံတွေသွားနေတဲ့ နည်းလမ်းအတိုင်း မူးယစ်ဆေးဝါးသုံးစွဲ တဲ့သူတွေကို အပြစ်ပေးတဲ့နည်းလမ်းမဟုတ်ဘဲ သူတို့တွေကို နာတာရှည်ရောဂါဒဏ်ခံနေရတဲ့ သူတစ်ယောက် အဖြစ်နဲ့ပဲ မြင်ပြီးတော့ ကုသရေးကဏ္ဍတစ်ခု ဖန်တီးပေးနိုင်ဖို့၊ သူတို့ကို လူ့အဖွဲ့အစည်းထဲ ဆွဲခေါ်သွားနိုင်တဲ့ concert တစ်ခုဆီကို ပို့နိုင်ဖို့အတွက်နဲ့ “ကူညီပါ အပြစ်မပေးပါနဲ့” Don’t punish support ဆိုတဲ့ concert ရနိုင်ဖို့ကို ဆွဲသွင်းနိုင် ကျမတို့မြေပြင်အချက်အလက်ကောက်နေတဲ့အချိန်မှာ သူတို့ကို သွပ်သွင်းပေးနိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေ ဘယ်လိုသွားနေလဲ၊ သူများတွေ ဘယ်လမ်းနဲ့သွားနေတယ်ဆိုတာကိုလည်း ပြည်သူတွေကို မျှဝေခဲ့တယ်။ ဒီ concert ကို နားထောင်ပြီးတော့လည်း ကျမတို့မွန်ဒေသအဖွဲ့အစည်းနဲ့ ဘယ်လိုကိုက်ညီမလဲ ဆိုတာကိုလည်း ပြည်သူတွေက သူတို့ဘက်ကနေ ထုတ်ဖော်ပြောဆိုလာတာတွေလည်း ရှိတယ်။

အကျဉ်းချုပ်ပြောရရင် ကျမတို့လုပ်နေတဲ့ပုံစံက မြေပြင်ကိုဆင်းတယ်။ အချက်အလက်ကောက်ယူတယ် သူတို့အကြောင်းကိုပဲ မေးနေတာမဟုတ်ဘဲ တဖက်မှာလည်း အခြားနိုင်ငံတွေ ဘယ်လိုသွားနေလဲဆိုပြီး ပြောပြရတယ်။ ပုံစံနှစ်မျိုးနဲ့ သွားနေရတာပေါ့။ နောက်တခုက မြေပြင်အချက်အလက်တွေ ကူညီကောက်ယူ ပေးနေတဲ့သူတွေကိုလည်း သူတို့ရဲ့အရည်အသွေးကို မြှင့်တင်ပေးရမယ်။ ဥပမာပေါ့ ကရင်နီဒေသဘက်ကိုသွားပြီး လေ့လာခိုင်းတာရှိတယ်။ ကမ္ဘာ့နိုင်ငံတွေက ဘယ်လိုလုပ်နေလဲ၊ မူးယစ်ဆေးနဲ့ပတ်သတ်ပြီး ထိုင်းနိုင်ငံရဲ့ အစီရင်ခံစာတွေ ဘယ်လိုသုံးသပ်ထားတာရှိလဲ။ အဲဒါတွေကိုလေ့လာပြီးတော့ မြေပြင်ဒေသမှာဖြစ်နေတဲ့ အခြေအနေနဲ့ ကမ္ဘာ့နိုင်ငံက လှုပ်ရှားနေတဲ့အခြေအနေနဲ့ ဆက်စပ်ပြီးတော့ ရလာတဲ့အချက်အလက် စကားသံတွေ ကနေ ရေးဆွဲလုပ်ဆောင်သွားခဲ့တာရှိပါတယ်။

မေး။ ။ မြေပြင်အချက်အလက်တွေကောက်ယူတဲ့အခါမှာရော မူးယစ်ဆေးသုံးစွဲမှုနဲ့ပတ်သတ်ပြီး ဘာတွေ တွေ့ရလဲ။ ကူညီလုပ်ဆောင်ပေးတာတွေရော ရှိပါလား။

ဖြေ။ ။ အဲ့တုန်းက ကျမတို့ရေးဆွဲစုစည်းနေချိန်မှာ မြေပြင်ကဆက်သွယ်လာတာတော့ရှိတယ်။ သူတို့သားသမီးကမူးယစ်ဆေးသုံးစွဲနေတာ အဲ့အဆင့်ရောက်နေပြီ၊ ဘယ်ကိုပို့ပြီး ဘာတွေလုပ်ဆောင်ရမလဲ ဆိုပြီးတော့ရှိတယ်။ အခြေအနေကိုကြည့်ပြီးတော့ မူးယစ်ဆေးဝါးကုသရေးဌာနကို ပို့ပေးရမလား၊ အချို့က အခြေအနေဆိုးဝါးတာရှိတယ်ဆိုရင် လက်တွဲလုပ်ဆောင်နေတဲ့အဖွဲ့အစည်း(ရန်ကုန်) နဲ့ ချိတ်ဆက်ပြီးတော့ လွှဲအပ်ပေးတာရှိတယ်။ တချို့ကတော့ မြေပြင်မှာဒေတာယူနေစဉ်မှာ မွန် (ပညာရေးဌာန) ကနေ ကြိုတင် ပညာပေးရေးအတွက်ဆက်သွယ်လာတော့ လုပ်ဆောင်ပေးခဲ့တာရှိတယ်။

မေး။ ။ မကြာမီအချိန်အတွင်းမှာပဲ seminar လုပ်ဖို့ရှိတယ်ဆိုတော့ ဒီမူဝါဒသာ အတည်ပြုထွက်ပေါ်လာမယ်ဆိုရင် ရှေ့ဆက်လုပ်ငန်းစဉ်တွေကရော ဘာတွေရှိမလဲ။

ဖြေ။ ။ ဒီမူဝါဒကို လက်တွေ့ကျင့်သုံးဖို့ ရမရဆိုတာက ၃ နှစ်တာလို့ ခန့်မှန်းထားပြီးတော့ အဲ့ဒီသုံးနှစ်တာ အတွင်းမှာ အဓိကအနေနဲ့ ကြိုတင်ကာကွယ်ဖို့အပိုင်းမှာ အဓိကထားပြီး လုပ်ဆောင်သွားဖို့နဲ့ ကျန်းမာရေးနဲ့ ပညာရေးဌာနအပိုင်းနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ရှိတယ်။ နောက်ပြီးဒီမူဝါဒကို ပြည်သူတွေကနားလည်နိုင်ရန် ရှင်းပြမယ့်အစီအစဉ်ကို ပထမဆုံးစမ်းသပ်မဲ့ ၃ နှစ်တာအတွင်းမှာ လုပ်ဆောင်သွားမယ်လို့စီစဉ်ထားတယ်။ နောက်ပြီး အရေးယူမဲ့အပိုင်းကတော့ ဒေသနဲ့ဆက်စပ်တဲ့ အုပ်ချုပ်ရေးအပိုင်းမှာ တာဝန်ယူထားသူနဲ့ ဆက်စပ်နိုင် တယ်။ ဒီမူဝါဒက လူမျိုးအတွက်ရည်ရွယ်ပြီး ရေးဆွဲထားတာဖြစ်တဲ့အတွက် အတည်ပြုရမဲ့နေရာ ညီလာခံကြီး (မွန်ပြည်သစ်ပါတီညီလာခံကြီး) မှာ ချပြအတည်ပြုသွားဖို့ရှိတယ်။

မူဝါဒရဲ့သဘောတရားကတော့ ဘယ်လိုတွေအကောင်အထည်ဖော်မလဲဆိုတာက တွေ့ဆုံပြီးတော့ ရှင်းပြ ပေးရတာရှိတယ်။ ဒီမူဝါဒက သက်ဆိုင်ရာအဖွဲ့အစည်းလူငယ်တွေ ပြည်သူတွေရဲ့အမြင်၊ အကြံဉာဏ်နဲ့ စကားသံ တွေကနေ အခြေခံပြီးတော့ရေးဆွဲထားတယ်ဆိုတော့ ဒီမူဝါဒအသက်ဝင်အောင် လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့က မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး လှုပ်ရှားနေတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းရမယ်။ ပညာရေး၊ ကျန်းမာရေးအပိုင်းရော၊ သံဃာတော်အဖွဲ့အစည်းများနဲ့ လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာပညာပေးရေးအဖွဲ့များ သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာရှိသူများနှင့် ပူးပေါင်းပြီးတော့မှ ဒီအကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်မှာ အရာရောက်မယ်လို့ ဒီမူဝါဒမှာ ဖော်ပြထားတာရှိတယ်။ ဒါပေမဲ့ ဘယ်လိုပုံစံ ဘယ်လို အချက်က အကောင်အထည် ဖော်သင့်လဲဆိုတော့ ဒီအချိန်အခါမှာ ချပြသင့်လဲဆိုတာက များမကြာမီ seminar လုပ်ရင်တော့ ပိုပြီး ရှင်းရှင်းလင်းလင်း အဖြေရပြီးမြင်သွားမှာပါ။

မေး။ ။ လက်ရှိအခြေအနေမှာ အမျိုးသမီးတွေအပါအဝင် လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတဲ့ အနေအထားကရော ဘယ်လိုရှိလဲဆိုတာ စာဖတ်တဲ့သူတွေ သိရှိအောင် ပြောပြပေးပါအုံး။

ဖြေ။ ။ မြေပြင်ဒေတာကောက်နေတဲ့ အတောအတွင်းမှာတော့ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေရဲ့ အရေအတွက်ကများနေဆဲပါ။ လျော့သွားတာတော့ မရှိဘူး။ မူးယစ်ဆေးဝါးတွေက ရှာရခက်တဲ့ အနေအထား တော့ တခါမှမရှိခဲ့ပါဘူး။ ဒီနိုင်ငံရေးအခြေအနေတွေနဲ့ အခြားကုန်စည်စရိတ်စခတွေက တက်နေတာ မူးယစ်ဆေးဝါးတွေက ဈေးမတက်ဘဲ အမြဲဝယ်ယူလို့ လွယ်ကူနေတဲ့ အခြေအနေပေါ့နော် အဲလိုတွေ့ရတယ်။ ဘယ်ဒေသရောက်ရောက် ဘယ်အခြေအနေဖြစ်နေပါစေ ဒီမူးယစ်ဆေးဝါးတွေကတော့ ရရှိနေတယ်။ အရင်တုန်း ကတော့ ပြည်တွင်းမှာ WY သုံးစွဲ တဲ့သူတွေ များတယ်ပေါ့နော်။ အခုနောက်ပိုင်းက အရွက်ပြုတ်ရေတွေကို အန္တရာယ်ရှိတဲ့ဟာတွေနဲ့ ရောနှောပြီး သုံးစွဲတာတွေ့ရတယ်။

နောက်ပိုင်း ဒီမူဝါဒရေးဆွဲတာနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်တဲ့နောက်ပိုင်းမှာ သူတို့ သောက်နေတဲ့ အရွက်ပြုတ်ရည်တွေမှာဆို ချောင်းဆိုးပျောက်ဆေးတွေရောပြီး သောက်တာနည်းသွားတာ တွေ့ရတယ်။ အမျိုးသမီးတွေကတော့ အချို့ကတော့ အပျော်သဘောအရ သုံးစွဲနေတာရှိတယ်။ အမျိုးသမီး ကတော့ မြင်းဆေးသုံးစွဲတာ များတယ်လို့ သိရတယ်။ တစ်ခုကတော့ တစ်ခုထပ်ပေါ်လာတာက KE တွေဆိုရင် Bar club တွေမှာ အမျိုးသမီးတွေ သုံးစွဲတာ များတာတွေ့ရတယ်။ အဲ့ဒါလည်း မူးယစ်ဆေးဝါးတစ်မျိုးပဲ။ ဒီနောက်ပိုင်း နိုင်ငံရေးအခြေအနေ မကောင်းတာနဲ့အတူ Bar club မော်လမြိုင်မြို့ပေါ်ဆို ပိုများလာတယ်။ အဲ့အထဲမှာ မိန်းကလေးတွေလည်း ပိုသွားတာများတယ်။ မူးယစ်ဆေးဝါးသုံးစွဲတာတွေ မလျော့သွားပါဘူး။ ဒီအထဲမှာ ဒေတာအချက်အလက် ကောက်ရင်တော့ ပြောပြတဲ့သူတွေက နည်းပါတယ်။ CSO ရော၊ သတင်းသမား တွေရော update အနေနဲ့သတိပေး ထုတ်ပြောတာလည်းနည်းနေတယ်လို့ ကျမမြင်တယ်။

နောက်တခုက ပြည်ပရောက်မွန်လူငယ်တွေ ဘယ်လောက်အထိ မူးယစ်ဆေးဝါးသုံးစွဲမှု များလာလည်းဆိုတော့၊ အချို့တွေကသုံးစွဲတိုင်း စွဲလမ်းသွားတာလည်း မဟုတ်သလိုရှိတယ်ဆိုတာက ကျမတို့လက်ခံတယ်။ အချို့က စွဲသွားတယ်။ ဘယ်လောက်အထိလဲဆိုက လွတ်သွားတဲ့အထိ Ice တွေ သုံးစွဲပြီးတော့ အဲလိုလွတ်သွားတဲ့ အခြေအနေတွေမှာ မွန်ပြည်သစ် မူးယစ်ဆေး ထိန်းချုပ်ကုသရေး စခန်းမှာသွားတွေ့တယ်။ ကုသခံနေရတဲ့လူ တော်တော်များများက Ice တွေ WY ဆေးတွေ သုံးထားကြလို့ပေါ့နော်။ ၂၀၂၁၊ ၂၀၂၂ တုန်းက သူတို့ (မွန်ပြည်သစ် မူးယစ်ဆေးထိန်းချုပ် ကုသရေးစခန်း) သတင်းထုတ်ပြန်ထားတာက လက်ခံဖို့နေရာမရှိသလောက်ပဲဆိုထား တယ်ပေါ့။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် သုံးစွဲတဲ့အရေအတွက်နဲ့ဆေးတွေက ဘယ်လောက်ထိ ပျံ့နှံ့ များပြား နေလဲဆိုတာ တွေ့နိုင်တယ်ပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ လက်ရှိ နိုင်ငံရေးမတည်ငြိမ်နေတဲ့ကာလမှာ မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး လူငယ်တွေကို ဘာတွေပြောချင်တာရှိပါလဲ။

ဖြေ။ ။ မူးယစ်ဆေးကိုတော့ အားလုံးထဲမှာမှ လူအများကမကောင်းဘူးလို့ လက်ခံထားကြတယ်။ ကောင်းတယ် လို့ လက်ခံထားတာလည်းရှိတယ်။ ကျမတို့အနေနဲ့လည်း လေ့လာလိုက်တဲ့အခါမှာ ကောင်းတဲ့ နေရာမှာလည်း ရှိတယ်။ သုံးစွဲတဲ့အပေါ်မှာမူတည်ပြီးတော့ ချင့်ချိန်ပြီးသုံးစွဲနိုင်ရင်တော့ ပြဿနာမဖြစ်နိုင်ပဲ၊ ဥပမာအရွက်ကို အသုံးပြုရင်ပေါ့ ဘာနဲ့မှမရောဘဲသုံးစွဲရင် (စူဠာလံင်ကန်) တက္ကသိုလ်ပါမောက္ခတွေက အသုံးပြုတတ်ရင် ဆေး ဖြစ်နိုင်တယ်လို့ဆိုပြီး အစီအရင်ခံစာထဲမှာတွေ့ရတာရှိတယ် ရောစပ်ပြီးသုံးရင်တော့ အန္တရာယ်ရှိတာကို သက်သေပြထားတာလည်းရှိတယ်။ အဲ့အရာတွေကို လူငယ်တွေက မဖြစ်မနေ သုံးစွဲရ တော့မယ်ဆိုရင် ဘယ်လိုကကိုယ်နဲ့အန္တရာယ်မဖြစ်နိုင်ဘူးဆိုတာ ချင့်ချိန်ရွေးချယ်ပြီးတော့ရယ်၊ သုံးစွဲနေပြီးသား သူတွေလည်း လျော့နည်းအောင် ရှောင်ရှားတာတွေလုပ်သင့်တယ်။ နောက်ပြီး အခုလို မသုံးစွဲရသေးတဲ့ လူငယ်တွေကို သုံးစွဲပါလို့ မတိုက်တွန်းမိအောင်လည်း လူငယ်တွေအနေနဲ့ရော၊ ပြည်သူတွေ အနေနဲ့ သတိထား စေချင်တယ်။

နောက်တခုက မူးယစ်ဆေးဝါးတွေ လုံးဝပပျောက်အောင် လုပ်ဆောင်မယ်လို့ ပြောဆိုနေကြတဲ့အပေါ်မှာ ဒါကမဖြစ်နိုင်ပါဘူး၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် မူးယစ်ဆေးဝါး ကင်းစင်တဲ့နယ်မြေဆိုတာ မရှိပါဘူး။ မြို့တိုင်း၊ နိုင်ငံတိုင်းမှာ မူးယစ်ဆေးဝါးဆိုတာရှိတယ်။ ဒါမေမဲ့ ကျမတို့လုပ်ဆောင်နိုင်တာက ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ကိုကိုယ်ကြိုတင်ကာကွယ်ခြင်းအနေနဲ့တော့ သတိထားစေချင် မပေါ့လျော့စေချင်ဘူး။ ဒီမူဝါဒကိုရေးဆွဲတဲ့အခါဖြစ်စေ ဒီမူဝါဒကိုအတည်ပြု ချပြတာဖြစ်စေ ပြည်သူလူထုအားလုံးပါဝင်ဖို့လည်း အရေးပါတယ်လို့ မြင်တယ်။ နောက်ပြီးအိမ်သားတွေရော၊ ကိုယ့်ပတ်ဝန်းကျင်မှာရော မူးယစ်ဆေးဝါးစွဲလမ်း သွားမယ်ဆိုရင် ကုသဖို့လိုအပ်လာတဲ့အခါ ကျမတို့ဆီကိုဖြစ်စေ သက်ဆိုင်ရာဌာနကို အမြန်ဆုံးဆက်သွယ်ဖို့ မူးယစ်ဆေးဝါးစွဲလမ်းမိတာက ဒါရှက်စရာမထုတ်ဖော်ရဲစရာကိစ္စ မဟုတ်ဘူး။

ကုသရေးဌာနကနေ အချိန်မီ လုပ်ဆောင်နိုင်တဲ့အခါက သာမန်လူတစ်ယောက်အနေနဲ့ပြန်လည် ဖြစ်သွားနိုင် တယ်လို့ ပြောချင်တယ်။ သုံးစွဲတဲ့သူတွေကို ကျမတို့ပြန်ကြည့်လိုက်တဲ့အခါမှာ တချို့အပျော်သဘောအနေနဲ့ စမ်းသပ်ခဲ့ကြတယ်။ တချို့ကတော့ အလုပ်ကြောင့်သုံးစွဲကြတာရှိတယ်။ နောက်အလုပ်ကနေ ဖိအားတခုခုကြောင့် အဲ့ကနေသုံးစွဲ ဖြစ်တာရှိတယ်။ အချို့က ကိုယ့်ရောဂါဝေဒနာသက်သာအောင် ဆေးဖြစ်ဝါးဖြစ်အနေနဲ့ သုံးစွဲကြတာ ရှိတယ်။ ဆိုတဲ့အပေါ်မှာလွန်ကဲသွားပြီးတော့ စီးပွားရေးကိုထိခိုက်သွားတာတွေလည်းရှိတယ်။ အဲ့ဒီအပေါ်မှာ မဖြစ်မနေ သုံးရမယ်ဆိုတော့ အတတ်နိုင်ဆုံးအန္တရာယ်နည်းပါးစေနိုင်မယ့် နည်းလမ်းကိုရွေးချယ်ပြီးတော့ ကိုယ့်ကိုကိုယ် ဘယ်လိုတွေ သုံးစွဲသင့်သလဲ ကိုယ့်ကိုကိုယ်လည်း သုံးသပ်သင့်ရမယ်။

IMNA ပေးပို့သည်။