27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူးမတူကွဲပြားသူတို့ မျှော်လင့်ကြသည့် အာရက္ခပြည်တော်သစ်

မတူကွဲပြားသူတို့ မျှော်လင့်ကြသည့် အာရက္ခပြည်တော်သစ်

အာရက္ခတပ်တော် (AA) သည် စစ်တွေ၊ ကျောက်ဖြူ၊ မာန်‌အောင်စသည့် မြို့နယ်သုံးခုကလွဲ၍ ပလက်ဝမြို့အပါဝင် ရခိုင်ပြည်ရှိ မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ တဖက်တွင်လည်း AA က ရခိုင် တပြည်လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီဟုလည်း သုံးသပ်ပြောဆိုနေကြသည်။

အာရက္ခတော်လှန်ရေးအစိုးရကလည်း ထိန်းချုပ်ထားသည့်မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် လူမှုဝန်ဆောင်မှုလုပ်ငန်းတို့ကို အကောင်ထည်ဖော် လုပ်ကိုင်နေပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နှင့် ရခိုင်ပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်။

ရခိုင်ပြည်အတွင်း ရခိုင်၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက် (သက္ကမ)၊ မရာမာ၊ ကမန်၊ ချင်း၊ မွတ်ဆလင် အစရှိသည့် မျိုးနွယ်စုအများအပြား နေထိုင်ကြလျက်ရှိသည်။ ယခုကဲ့သို့ ရခိုင်ပြည်ထူထောင်ရေးတွင် AA ထိန်းချုပ်နယ်မြေ အတွင်းနေထိုင်ကြသည့် မျိုးနွယ်စု၊လူမျိုးစုအားလုံး သင့်မြတ်စွာနေထိုင်ရေးသည် အဓိကကျသည့်အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။

လက်ရှိတွင် အာရက္ခတပ်တော်ထိန်းချုပ်ဒေသက မျိုးနွယ်စု၊ လူမျိုးစုများကြား လူမှုသဟဇာတဖြစ်စေရေး ဘယ်လို နေထိုင်နေကြပါလဲ။ မတူကွဲပြားသည့် မျိုးနွယ်စု၊ လူမျိုးစုအားလုံး မျှော်လင့်နေထိုင်လိုကြသည့် အနာဂတ် အာရက္ခပြည်ပုံစံသစ်အပေါ် ၎င်းတို့၏အမြင်သဘောထားတို့အား စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်တင်တင်မြ / မွတ်ဆလင် (ဘူးသီးတောင်မြို့)

အမှန်ဆိုလို့ရှိရင် ကျမတို့မွတ်ဆလင်နဲ့ ရခိုင်တွေဟာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့ ဘယ်နေရာတွေမှာ မဆို အဆင်ပြေတယ်။ များသောအားဖြင့် ဘူးသီးတောင်၊ မောင်တောဒေသမှာ ရခိုင်နဲ့ မွတ်ဆလင်အားလုံးက တရေတည်းသောက်၊ တမြို့တည်းနေ ငယ်ကတည်းက တစ်ယောက်ကိုတစ်ယောက်လည်ပင်းဖက်ပြီး ကြီးပြင်း လာကြတဲ့သူတွေ အများကြီးရှိပါတယ်။ စီးပွားရေးဆိုရင်လည်း မွတ်ဆလင်နဲ့ ရခိုင်နဲ့ အလုပ်တူတူလုပ်ကြပါတယ်။ အားလုံး တစ်ယောက်ကိုတစ်ယောက်အားကိုးပြီး စီးပွားရေးလုပ်တာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကြားဝင်နှောင့်ယှက်လို့ ရခိုင်နဲ့မွတ်ဆလင် စိတ်ဝမ်းကွဲသွားကြတာပါ။ တကယ်လို့များ အပြင်က‌သွေးထိုးလို့ ဖြစ်သွားတဲ့ပြဿနာမှာ တစ်ယောက်ကိုတစ်ယောက် အထင်အမြင်လွဲမှားပြီးတော့ မငြိမ်မသက်ဖြစ်သွားမှာကို လည်း စိုးရိမ်မိပါတယ်။ ကျမတို့က အသက်လည်းကြီးပါပြီ။ ကိုယ့်မှာရှိတဲ့သားသမီးတွေနဲ့ အခုလက်ရှိ အစိုးရ မဟုတ်သေးပေမယ့် အာရက္ခတပ်တော်အာဏာရှိတဲ့ကာလမှာ မွတ်ဆလင်လူမျိုးတိုင်း၊ရခိုင်လူမျိုးတိုင်း အရင်တုန်း ကလို ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုနဲ့နေထိုင်တာတွေ ဖြစ်စေချင်ပါတယ်။

မရာမာကြီးတစ်ဦး (မောင်တောမြို့နယ်)

အရင်တုန်းကလည်း ကျနော်တို့နဲ့ ဒိုင်းနက်လူမျိုးတွေက တူတူနေတယ်။ တခါမှလည်း ရန်ဖြစ်တာမရှိဘူး။ ကိုယ့်ဗုဒ္ဓဘာသာအချင်းချင်း‌ နေထိုင်ပါတယ်။ တစ်ယောက်မှာမရှိရင် တစ်ယောက်ဆီက တစ်ယောက်ချေငှားပြီး စားကြပါတယ်။ အဲလိုစားသောက်ကြပါတယ်။ အားလုံးအတူတူ တစ်ယောက်ကိုတစ်ယောက်ကူညီပေးပါတယ်။ ကျန်းမာရေးကအစ ကူညီကြပါတယ်။ ကျနော်တို့ ဒီဒေသမှာမွေးတာ တော်တော်ကြာပါပြီ။ အကုန်လုံးတခါမှ ရန်ဖြစ်တာမရှိဘူး။

ပန်ကျော်ဒူ / သက်လူငယ် (မောင်တောမြို့နယ်)

အုပ်ချုပ်ရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ တခြားယန္တရား၊ ပညာရေးကဏ္ဍအားဖြင့်သော်လည်းကောင်း၊ လူမျိုးစု ရေးရာအားဖြင့်သော်လည်းကောင်း ဖွဲ့စည်းဆောင်ရွက်ပြီး လုပ်ဆောင်လာတာတွေ့ရတယ်။ အဲလိုနေရာတွေမှာ လူမျိုးစုတွေအနေနဲ့လည်း ပူးပေါင်းပြီးတော့လုပ်ဆောင်နေတာတွေကိုလည်း ကျနော်တို့အများကြီးတွေ့ရတယ်။ ဒါက ကောင်းမွန်တဲ့အနာဂတ်တစ်ခုကို တည်ဆောက်လာဖို့အတွက် အကောင်းဆုံးလမ်းစဉ်တစ်ခုမြင်တယ်။ လူမျိုးစုတွေဆိုပြီးတော့ သူတို့ကဘာမှမသိ၊ မတတ်ဆိုတဲ့ပုံစံမျိုးနဲ့ ဖယ်ချန်ထားတဲ့အနေအထား မတွေ့ရဘူး။

ဒေါ်စန္ဒာဝင်း (ကျောက်တော်မြို့နယ်)

နောက်ဆုံးရလဒ်အနေနဲ့ လွတ်လွတ်လပ်လပ်အောင်ပွဲခံချင်ပါတယ်။ အောင်မြင်မှုကို လိုချင်တယ်။ ရင်ထဲမှာ ကိန်းအောင်နေတဲ့ ဆန္ဒတွေပြည့်ချင်တယ်။ လူတိုင်းမျက်နှာဟာ ရယ်ရယ်ပြုံးပြုံး၊ လှိုက်လှိုက်လှဲလှဲနဲ့ တစ်ယောက်ကိုတစ်ယောက်ကြိုဆိုပြီးတော့ လက်လှမ်းကူလို့ အောင်ပွဲခံတာကိုလိုချင်တယ်။ ကိုယ့်ပြည်၊ ကိုယ့်ဒေသကို ပြန်ရပြီးတော့ ကိုယ့်ပြည်သူတွေကိုကြည့်ရှုမှု၊ လူတိုင်းအားလုံးရဲ့ အကျိုးကိုမျှော်ကိုးပြီး အနာဂတ်ခရီးကိုသွားနိုင်တဲ့အခြေအနေတရပ်ကို ရောက်စေချင်တယ်။

မွတ်ဆလင်အမျိုးသားတစ်ဦး (ကျောက်ဖြူမြို့နယ်)

ULA/AA အစိုးရကို ကျနော်တို့ကျေးဇူးတင်ပါတယ်။ ULA အစိုးရအနေနဲ့ ကျနော်တို့လူမျိုးစုကို နောက်လာမယ့် အနာဂတ်အာရက္ခအစိုးရ ဖြစ်လာတဲ့အခါမှာ ပညာသင်ခွင့်၊ တန်းတူညီမျှ ဆောင်ရွက်မှုတွေလုပ်ပြီးတော့ အဖက်ဖက်က တာဝန်ထမ်းဆောင်နေတဲ့လူမျိုးစုတွေကို မြှင့်တင်ပေးစေချင်ပါတယ်။ ကျနော်တို့ကလည်း ရခိုင်ပြည်ထဲမှာ နေတာဖြစ်တဲ့အတွက် ရခိုင်ပြည်ကို ချစ်စိတ်တွေရှိပါတယ်။ ကျနော်တို့ ဘယ်နေရာပဲ ရောက်ရောက် အချိန်တန်ရင် ဒီနေရာ၊ ဒီဒေသကိုပဲ လွမ်းပါတယ်။ ကျနော်တို့ လူမျိုးအားလုံး ဒီဒေသကိုပဲ ချစ်ကြတာပါ။ တချို့ပြောနေကြတဲ့ စကားတွေကမှားပါတယ်။ ရခိုင်ပြည်သူတွေကို ပြောချင်တာပါ။ ကျနော်တို့က အစွန်းရောက်တွေ မဟုတ်ကြပါဘူး။ ကျနော်တို့က ဒီလူတွေနဲ့ညီညီညာညာနေပြီး၊ တန်းတူနေချင်တဲ့လူမျိုးတွေပါ။ တချို့လူတွေက ဘေးဖယ်ထားတဲ့အတွက် ကျနော်တို့ကဘေးရောက်နေတာပါ။ လည်ပင်းဖက်ပြီး၊ တူတူကြီးပြင်းပြီး၊ အနာဂတ်တခုကို တူတူလျောက်လမ်းချင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။