4 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“ဘယ်လိုအမှုတွေကို စိစစ်ရလဲဆိုလို့ရှိရင် ဘာသာရေးနဲ့သက်ဆိုင်တဲ့ အမှုတွေ၊ ကျနော်တို့ရပ်ရွာမှာ တစုံတခုဆိုလို့ရှိရင် ကြီးလေးတဲ့ရာဇဝတ်မှုကလွဲပြီး ကျန်တဲ့အမှုတွေအားလုံးဟာ ကျနော်တို့လူမျိုးတစ်မျိုးအတွက် အဓိက ဖြေရှင်းပေးနိုင်တဲ့ ရုံးတစ်ရုံးဖြစ်ပါတယ်”...

“ဘယ်လိုအမှုတွေကို စိစစ်ရလဲဆိုလို့ရှိရင် ဘာသာရေးနဲ့သက်ဆိုင်တဲ့ အမှုတွေ၊ ကျနော်တို့ရပ်ရွာမှာ တစုံတခုဆိုလို့ရှိရင် ကြီးလေးတဲ့ရာဇဝတ်မှုကလွဲပြီး ကျန်တဲ့အမှုတွေအားလုံးဟာ ကျနော်တို့လူမျိုးတစ်မျိုးအတွက် အဓိက ဖြေရှင်းပေးနိုင်တဲ့ ရုံးတစ်ရုံးဖြစ်ပါတယ်” အတွင်းရေးမှူးဦးညီညီဝင်း/ အမှတ် (၁) မွတ်ဆလင်ရေးရာရုံး

အာရက္ခပြည်ထဲက မွတ်ဆလင်ရေးရာရုံးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ဗီတာ (၁) စစ်ဒေသ၊ အမှတ် (၁) မွတ်ဆလင်ရေးရာရုံး အတွင်းရေးမှူး ဦးညီညီဝင်းနှင့် တွေ့ဆုံမေးမြန်းချက်။

ရခိုင်ပြည်အတွင်းနေထိုင်ကြသည့် မွတ်ဆလင်များသည် ခေတ်အဆက်ဆက်ဖိနှိပ်ခံရမှုများနှင့် လွတ်လပ်ခွင့်များ ဆုံးရှုံးခဲ့ကြရသည်။ အုပ်ချုပ်သူတို့၏ သွေးခွဲမှုများကြားတွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို ကြုံတွေ့ခဲ့ရပြီး နှစ်ပေါင်းများစွာ အတူနေထိုင်ကြသော စုံလင်ကွဲပြားသည့်လူမျိုးစုများကြား ယုံကြည်မှုများလည်း ပျက်ပြားခဲ့ကြရသည်။

လက်ရှိတွင် ရခိုင်ပြည်ကမြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားသော ULA/AA အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ် ရေးယန္တရားများနှင့် မောင်းနှင်လျက်ရှိနေသည်။ အလားတူ ရခိုင်ပြည်အတွင်းက စုံလင်ကွဲပြားသော လူမျိုးစု များကြား တန်းတူညီမျှမှုနှင့် လူမှုသဟဇာတကျစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကိုလည်း ကြိုးပမ်းလုပ်ဆောင် နေသည်ကို တွေ့ရသည်။

ULA/AA ၏ အုပ်ချုပ်ရေးယန္တရားထဲတွင် ရခိုင်ပြည်အတွင်းက မွတ်ဆလင်များအနေဖြင့် ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခွင့် ရနေပါလဲ။ ယခင်အခြေအနေနဲ့ ယခု ဘယ်လိုကွာခြားမှုတွေရှိနေပါလဲ။ ဒီအခြေအနေများနှင့်ပတ်သက်ပြီး ဗီတာ (၁) စစ်ဒေသ၊ အမှတ် (၁) မွတ်ဆလင်ရေးရာရုံး အတွင်းရေးမှူးဦးညီညီဝင်းကို တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ပထမဆုံးအနေနဲ့ မွတ်ဆလင်ရေးရာရုံးဆိုတာ ဘယ်လိုပါလဲ။

ဖြေ။ ။ ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကနေပြီးတော့ ဗီတာ (၁) စစ်ဒေသထဲမှာ အမှတ် (၁) မွတ်ဆလင်ရေးရာရုံးဆိုတာ ကျနော်တို့မွတ်ဆလင်တွေက အခွင့်အရေးရအောင်တောင်းဆိုပြီးတော့ ယူတာမျိုး မဟုတ်ဘူး။ ကျနော်တို့နယ်မြေမှာရှိတဲ့ မွတ်ဆလင်ဌာနဘက်ကနေ မွတ်ဆလင်လူထုတရပ်လုံးအတွက် အထောက်အကူဖြစ်အောင်၊ လွဲမှားမှု မရှိအောင်၊ နားလည်မှု မလွဲအောင် တရားစီရင်ရေးအပိုင်းမှာ ကြီးလေးတဲ့ အမှုတွေရှိတယ်။ ငယ်တဲ့အမှုတွေ ရှိတယ်။ ဘာသာရေးနဲ့သက်ဆိုင်တဲ့အမှုတွေ ရှိတယ်။ ဒါတွေကို ကျနော်တို့ လူမျိုးတရပ်လုံးအတွက် အကောင်းဆုံးဖြေရှင်းနိုင်အောင်ပေးလိုက်တာ။ အထူးသဖြင့်ကတော့ ကျနော်တို့ ခွင့်တောင်းခဲ့တာမဟုတ်ဘူး။ ကျနော်တို့ လူမျိုးတစ်မျိုးလုံးအတွက် အခက်အခဲမရှိစေအောင် အခွင့်အရေးကို ပေးထားတာ။

မေး။ ။ မွတ်ဆလင်ရေးရာရုံးတွေကို ဘယ်သူတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာပါလဲ။

ဖြေ။ ။ ကျနော်တို့ရုံးမှာ ဖွဲ့ထားတဲ့ကော်မတီက လူမျိုးတစ်မျိုးအတွက်ဖွဲ့ထားတဲ့အခါ ဘာသာရေးနဲ့ ပတ်သက် တာတွေလည်းပါတယ်။ ပြီးရင် တခြားအမှုတွေလည်းပါတာမို့လို့ အဓိကတော့ ဘာသာရေးဆရာတွေ အာရ်ဗီစာ သင်ပြတဲ့ အာရ်ဗီဆရာတွေပေါ့၊ အဲဒီဆရာတွေပါတယ်။ တကယ့်ကို တတ်ကျွမ်းပညာတတ်တဲ့ ပညာရေးဆရာတွေ ပါတယ်။ နောက်ပြီးရင် ဒီနယ်ထဲမှာရှိတဲ့ ကြည်ညိုလေးစားထိုက်တဲ့ ယုံကြည်ရတဲ့လူတွေကို နာယကအဖြစ် အသုံးပြုထားတယ်၊ ပါဝင်ဖွဲ့စည်းထားတယ်။

ပြီးရင် ကျေးရွာအုပ်ချုပ်ရေးထဲမှာ အများကြီး ပါဝင်တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ဝါရင့်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းထားတယ်။ ခေတ်ပညာတတ်တဲ့ လူငယ်တွေလည်း ဒီအဖွဲ့ထဲမှာ ပူးပေါင်းပါဝင်ထားတာရှိတယ်။ ကျနော်တို့နယ်မြေမှာ မွတ်ဆလင်လူမျိုးအတွက် အဓိက ဝန်ဆောင်မှု ပေးနိုင်တဲ့အနေအထားကို အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက စီမံဆောင်ရွက်ပေးပြီးတော့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မေး။ ။ မွတ်ဆလင်ရေးရာရုံးတွေက ဘာတွေကို တာဝန်ယူရပါလဲ။

ဖြေ။ ။ ဒီရုံးက ဘယ်လိုအမှုတွေကို စိစစ်ရလဲဆိုလို့ရှိရင် ဘာသာရေးနဲ့သက်ဆိုင်တဲ့အမှုတွေ၊ ကျနော်တို့ ရပ်ရွာမှာ တစုံတခုဆိုလို့ရှိရင် ကြီးလေးတဲ့ရာဇဝတ်မှုကလွဲပြီး ကျန်တဲ့အမှုတွေအားလုံးဟာ ကျနော်တို့ လူမျိုးတစ်မျိုးအတွက် အဓိကဖြေရှင်းပေးနိုင်တဲ့ ရုံးတစ်ရုံးဖြစ်ပါတယ်။

မေး။ ။ ဒီလိုမွတ်ဆလင်ရေးရာရုံးတွေ ရှိလာခြင်းကြောင့် အရင်ကနဲ့ ဘာတွေကွာခြားသွားတာရှိပါလဲ။

ဖြေ။ ။ အရင်တုန်းကဆိုလို့ရှိရင် ကျနော်တို့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာပါတယ်။ ဒါပေမဲ့ မြို့နယ်ရဲ့တရားစီရင် ရေးလို ရုံးတွေမှာ အလုပ်မရှိခဲ့တဲ့လူတွေဆိုတော့ ဘာမှတာဝန်မရှိခဲ့ဘူး။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာလည်း ကျနော်တို့က ရွာတာဝန်ခံလောက်ပဲ။ စီရင်ရေးမှာမပါဘဲ လုပ်ပေးရတဲ့၊ စေလွှတ်တဲ့လူလောက်ပဲ ခံစားရတာပေါ့။ အခုဆိုလို့ရှိရင် ကိုယ်ပိုင်ဆုံးဖြတ်လို့ရတဲ့ အနေအထား၊ ကိုယ့်လူထုတရပ်လုံးအတွက် ဝန်ဆောင်ပေးနိုင်တဲ့ အနေအထားကိုရောက်တယ်။

အရင်တုန်းကဆိုရင် ဘာမှအခွင့်အရေးမှ မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျေးရွာအုပ်ချုပ်ရေးတာဝန်ကိုတောင် တာဝန်ထမ်းဆောင်ရတော့လည်း ကိုယ်တိုင်စီရင်ခွင့်မရှိတဲ့ အနေအထားပါပဲ။ အခုဆိုရင်တော့ ကိုယ့်လူမျိုး အတွက် ကိုယ်တိုင်တရားစီရင်လို့ရတဲ့ အနေအထားကို ရောက်နေတာမို့လို့ အများကြီးကွာပါတယ်။

မေး။ ။ မွတ်ဆလင်တွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ ဘယ်လောက်ထိ ပါဝင်ခွင့်ရထားတာရှိပါလဲ။

ဖြေ။ ။ အုပ်ချုပ်ရေးဆိုတာ နိုင်ငံတစ်နိုင်ငံမှာဖြစ်စေ၊ ရပ်ရွာမှာဖြစ်စေ၊ မြို့နယ်ဖြစ်စေ အဓိကအခြေခံတဲ့ လုပ်ငန်းကဏ္ဍထဲမှာ ပါဝင်တယ်။ အရင်တုန်းကဆိုရင် အပေါ်အမိန့်ရှိတယ်။ အဲဒီအမိန့်တွေကို စောင့်ရတယ်။ နာခံရတယ်။ အခုတော့ အဲလိုမဟုတ်ဘူး။ ဖြစ်လာတာတွေဟာ ချက်ချင်းပဲ ဖြစ်ရမယ်။ နောက်ထပ် ဘာပြဿနာမှ မဖြစ်စေချင်ဘူးပေါ့။ အခုဖြစ်ရင် အခုဖြေရှင်းရမယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး ဘာတခုမှ အသေးအမွှားမကျန်ခဲ့ရဘူး။

အဲလိုမျိုးအသေးအမွှားတွေ မကျန်အောင်လည်း ကျနော်တို့အုပ်ချုပ်ရေးဌာနကနေ သူတို့စီမံခန့်ခွဲဖို့အတွက် ရွာကို သူတို့က စီမံနိုင်အောင်၊ ရွာမှာ ပြဿနာမရှိအောင် ခြိမ်းခြောက်မှုမရှိဘဲ သူတို့နားလည်အောင် သဘောပေါက် အောင် ဝန်ဆောင်မှုပေးနိုင်အောင် ပါးပါးနပ်နပ်နဲ့ အုပ်ချုပ်လာတာရှိတယ်။ အရင်အုပ်ချုပ်ရတဲ့ တာဝန်နဲ့ အခု အုပ်ချုပ်ရတဲ့ တာဝန်နဲ့ဆို အများကြီးကွာသွားတယ်။ လုပ်ငန်းတွေမှာလည်း အများကြီးပါဝင်ရတယ်။

မေး။ ။ အာရက္ခပြည်တည်ဆောက်ရေးမှာ မွတ်ဆလင်တွေအနေနဲ့ ဘယ်အခန်းတွေကနေပါဝင်နေတာရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ ပါဝင်ခွင့်ပေးထားတာပဲ၊ ပထမတစ်ချက် ကျနော်တို့ကြည့်ရမယ်ဆိုရင် ULA ပေါ်ပေါက်တဲ့ အချိန်မှာ စကစတွေရှိနေတုန်းပဲ။ အခုဆိုရင် ကျနော်တို့ဆီက ULA မှာ လုပ်နေတဲ့သူတွေရှိတယ်။ ရခိုင့်အဖွဲ့ အစည်းမှာလည်း ကျနော်တို့လူတွေရှိတယ်။ ကျနော်တို့ကို ရဲတပ်ဖွဲ့ကို မဝင်ရဘူးဆိုပြီး အကန့်အသတ် မရှိဘူး။ ကျနော်တို့လိုအပ်တဲ့နေရာတွေမှာ ကျောင်းဆရာ၊ စာရေးကနေစပြီးတော့ အကုန်လုံးပါဝင်နိုင်တယ်။ ပါဝင်ခွင့် ပေးထားတယ်။

ကျနော်တို့လည်း လုပ်နေပါတယ်။ လူငယ်ပိုင်းတွေလည်း တပ်ထဲမှာရှိတယ်။ ရဲတပ်ဖွဲ့မှာလည်း ကျနော်တို့လူတွေ ရှိတယ်။ ကျောင်းဆရာထဲမှာလည်း သင်တန်းအတွက် ဖိတ်ခေါ်ထားတာရှိတယ်။ ပြီးရင် လျှောက်လွှာတွေလည်း တင်ထားတာရှိတယ်။ တခြားလိုအပ်တဲ့နေရာတွေမှာ မွတ်ဆလင်မှမဟုတ်ဘူး၊ တခြားလူမျိုးတွေလည်း ပါဝင်ခွင့်ရှိတယ်။

မေး။ ။ အနာဂတ်အာရက္ခပြည်ကို ဘယ်လိုမျှော်လင့်ထားပါလဲ။

ဖြေ။ ။ ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဒီနိုင်ငံကို နိုင်ငံအဖြစ်ထူထောင်မယ်။ ရအောင်လည်း ယူမယ်။ အဲလိုမျိုးနဲ့ ဒီအရာတွေက ဒီလောက်ထိဖြစ်လာတာပေါ့။ ကျနော်တို့တွေက အဲမှာ ဘယ်လောက် ပါဝင်နိုင်မလဲ။ ကျနော်တို့တွေဟာ ဘယ်လောက် အရည်အချင်းရှိလဲ။ ဒါကိုယ်ကိုယ်တိုင်က တိုင်းတာရမယ်။ ကျနော်တို့ ဒီဘက်မှာဆို လူအင်အားနှစ်သောင်းရှိတယ်။

ဒီနှစ်သောင်းထဲမှာ ပညာအရည်အချင်းကဘယ်လောက်ရှိလဲ။ တစ်ရာခိုင်နှုန်းလား၊ နှစ်ရာခိုင်နှုန်းလား၊ ဒီသင်ထားတဲ့ပညာတွေက ဘယ်နေရာမှာအသုံးဝင်မလဲ။ ဒါတွေကို ကျနော်တို့ကြည့်ရမယ်။ သင်ထားတဲ့ပညာရှိတဲ့ ကလေးတွေကိုလည်း အခုထပ်လာမယ့်ပညာရေးစနစ်ထဲမှာ ဒီထက်မကကောင်းလာတဲ့ ပညာအရည်အချင်း ရလာအောင် သူတို့တွေကိုလည်း အခွင့်အရေးပေးထားရမယ်။ တတ်ထားတဲ့လူတွေကိုလည်း တာဝန်ထမ်းဆောင် နိုင်အောင် အခွင့်အရေးတွေရလာအောင် သူတို့ဘက်ကလည်းဖန်တီးပေးရပါမယ်။

မေး။ ။ ဖြည့်စွက်ပြီး ဘာတွေပြောပြချင်တာရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ကမွေးကတည်းကနေ ဘာအခွင့်အရေးမှမရှိခဲ့ဘူး။ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ ပေါ်ပေါက်ပြီးနောက် ဗိုလ်ချုပ်ကိုယ်တိုင်က ဒီရခိုင်နယ်နိမိတ်ထဲမှာရှိတဲ့ လူမျိုးတွေအားလုံးဟာ ဘယ်သူ့ကိုမှ ပစ်မထားဘူး။ အားလုံးက အခွင့်အရေးရှိရမယ်။ ရင်ဘောင်တန်းပြီး အတူတူသွားမယ်ဆိုတဲ့ အမှာစကားရှိတယ်။

ကျနော်တို့အားလုံး လူနည်းပါစေ၊လူများပါစေ ခွဲခြားမှုမရှိဘဲ ကျနော်တို့အနာဂတ် နိုင်ငံတော်ထူထောင်တဲ့အချိန်မှာ ခေတ်မီပညာတတ်တွေကအစ ရှိတဲ့လူတွေအားလုံးဟာ အတူတကွပူးပေါင်းပါဝင်ပြီးရင် လိုအပ်တဲ့နေရာတွေမှာ ပါဝင်ဆောင်ရွက်ဖို့ အခွင့်အရေးပေးဖို့နဲ့ အခွင့်အရေးတွေမရခဲ့တဲ့ဒီလူမျိုးတွေကို တန်းတူအခွင့်အရေးပေးဖို့ပဲ ဖြည့်စွက်ပြီးပြောချင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။