မြန်မာ-တရုတ်နယ်စပ်တွင် မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် KIA ကို တရုတ်ဖိအားပေးနေမှုနှင့်ပတ်သက်ပြီး တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောနှင့် ဆက်သွယ်မေးမြန်းချက်။
ကချင်အထူးဒေသ (၁)၊ ကချင်ဒီမိုကရေသစ်တပ်မတော် (NDA-K) ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့၏ အုပ်ချုပ်နယ်မြေများဖြစ်သည့် ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နှင့် တပ်ရင်းဌာနချုပ်အပါအဝင် တပ်စခန်းအများအပြားကို ယခုအောက်တိုဘာလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်နိုင်ခဲ့သည်။
KIA ၏ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးသည် လက်ရှိတွင် ကချင်ပြည်နယ်ရှိ တရုတ်နယ်စပ်ကုန်သွယ်ရေး တံခါးဝဖြစ်သော ကန်ပိုင်တည်မြို့အနီးကို ရောက်ရှိနေပါသည်။ စစ်ရေးဗျူဟာအရ အရေးပါသည့် ကန်ပိုင်တည်မြို့တွင် မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်သည့် အခြေအနေကြောင့် ဒေသခံပြည်သူအများအပြားလည်း မြို့နှင့်အနီးတဝိုက် နယ်စပ်ဒေသတို့တွင် ထွက်ပြေးတိမ်းရှောင်နေသည်။
KIA တပ်က ပန်ဝါမြို့တခုလုံးကို အောင်တိုဘာ ၁၈ ရက်နေ့တွင် သိမ်းပိုက်လိုက်သည့် နာရီပိုင်းအတွင်းမှာပင် တရုတ်နိုင်ငံနှင့် ထိစပ်ဆက်သွယ်ထားသော နယ်စပ်ဂိတ်ပေါက်များဖြစ်သည့် မံဝင်ကြီး၊ မိုင်ဂျာယန်၊ အင်ဘာပါ၊ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ဆမား၊ ကန်ပိုင်တည် ဂိတ်စခန်းအားလုံးနီးပါးကို တရုတ်ဘက်က ပိတ်ဆို့လိုက်သည်။
တဖက်တွင်လည်း တရုတ်အစိုးရဘက်က နယ်စပ်မြို့များကို မသိမ်းပိုက်ရန် ဖိအားပေးပြောဆိုမှုများလည်း ရှိနေသည်။ ယခုလို တရုတ်အစိုးရဘက်က နယ်စပ်ဂိတ်ပေါက် ပိတ်လိုက်သည့်အပေါ် KIO/KIA နှင့် ကချင်ပြည်သူများအတွက် ဘယ်လောက်ထိ သက်ရောက်မှုရှိစေနိုင်ပါလဲ။ ထိုအခြေအနေများနှင့်ပတ်သက်ပြီး တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ KIA နဲ့ တရုတ်အစိုးရနဲ့ ပတ်သက်ပြီးမေးချင်တာက တရုတ်ဘက်ကနေ ဘာကြောင့် ဒီနယ်စပ်ဂိတ်တွေကို ပိတ်လိုက်ရတာပါလဲ။
ဖြေ။ ။ ကျနော်တို့သိရသလောက်က ကချင်မှာတင်မဟုတ်ပါဘူး။ ကိုးကန့် တခြားတော်လှန်ရေးတပ်တွေကိုလည်း တရုတ်အစိုးရဘက်ကနေ အစောကြီးကတည်းက သတိပေးထားတာတွေ့ရတယ်။ တိုက်ပွဲတွေရပ်ခိုင်းတယ်။ မရပ်လို့ရှိရင် သူတို့ဘက်ကနေ အရေးယူမှုတွေလုပ်မယ်လို့ ပြောထားတာရှိတယ်။ အဲ့အတိုင်း လုပ်လာတယ်လို့ မြင်ပါတယ်။
မေး။ ။ ဒီလိုရပ်ခိုင်းတဲ့အပေါ်မှာ KIA အပေါ်မှာရော ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ KIA ကတော့ သူ့စီမံကိန်းအတိုင်း လုပ်နေတယ်လို့မြင်တယ်။ တိုက်စရာရှိတာ ဆက်တိုက်တယ်။ တဖက်မှာလည်း တရုတ်အစိုးရကလည်း သူပြောထားတဲ့အတိုင်း လုပ်တယ်။ ဒီအခြေအနေအားလုံးကိုလည်း KIA ဘက်က မျှော်လင့်ထားပြီးသားလို့ မြင်ပါတယ်။ ဆက်တိုက်နေရင်တော့ ပိတ်မယ်ဆိုတာ သိမှာပဲ။ ဒါကတော့ သိပ်ထူးဆန်းတဲ့အရာတော့ မဟုတ်ဘူး။ ကျန်တဲ့ကိုးကန့်တွေကိုလည်း ဖြတ်တောက်ပြီး ပိတ်ဆို့လိုက်ပြီ။ ဒါကြောင့် ပန်ဝါကိုလည်း ပိတ်လိုက်တာဖြစ်မယ်။
မေး။ ။ KIA အနေနဲ့ရော ဘယ်လိုကျော်လွှားနိုင်မယ်လို့ သုံးသပ်ပါလဲ။
ဖြေ။ ။ နယ်စပ်တလျှောက်မှာက လူပေါင်းများစွာရှိတယ်။ ကျနော်တို့တောင်မှ တရုတ်ပိတ်ဆို့နေတဲ့ကြားထဲကနေ တရုတ်ထဲကို ရောက်အောင်လာကြတာပဲ။ လူတွေတောင် ပြေးနိုင်သေးတာပဲ ကုန်ပစ္စည်းတွေက ခက်မှာမဟုတ်ဘူး။ နောက်တခုက ပိုက်ဆံရှိရင် ဘာမဆိုဝယ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် နည်းလမ်းပေါင်းစုံရှာမယ်လို့ထင်တယ်။ ဥပမာ – တရုတ်ကနေ လျှပ်စစ်မီးတွေမပေးတော့ဘူး ပိတ်လိုက်မယ်ဆိုရင် အစောကြီးကတည်းက NUG ပဲဖြစ်ဖြစ် KIA ပဲဖြစ်ဖြစ် ဆိုလာတွေဝယ်ပြီး တပ်ဆင်ထားကြတာပဲ။ ပြောချင်တာက ကျနော်တို့သာစိတ်ရှိရင် နည်းလမ်းရှာလို့ရပါတယ်။
မေး။ ။ တဖက်မှာ တရုတ်ကန့်ကွက်နေတဲ့ကြားကနေ ပြည်သူ့စစ်နဲ့ BGF တွေရဲ့ ဌာနချုပ်နေရာတွေကို ဆက်တိုက်သိမ်းနေတယ်ဆိုတော့ တရုတ်က KIA ကို ဘယ်လိုဖိအားတွေ ထပ်ပေးလာနိုင်ပါလဲ။
ဖြေ။ ။ ဖိအားတွေဘယ်လောက်ပေးပေး တရုတ်ဖိအားပေးတာက ငြိမ်းချမ်းရေးစားပွဲရောက်အောင် ဖိအားပေးတာလေ။ KIA ပဲဖြစ်ဖြစ်၊ MNDAA ပဲဖြစ်ဖြစ် တရုတ်ကခေါ်ဆွေးနွေးရင် သွားကြရတာပါပဲ။ ဒါပေမယ့် မရပ်တာက စစ်ကောင်စီဖြစ်တယ်။ တရုတ်က ဖိအားပေးရင် စစ်ကောင်စီကလည်း ဆက်ပြီးဖိအားပေးပေါ့။ အားလုံးလည်း စောင့်ကြည့်ကြပါအုံး။
မေး။ ။ ဒီအခြေအနေတွေကိုကြည့်ရင် တရုတ်အစိုးရက စစ်တပ်ဘက်ကို လုံးဝရပ်တည်သွားပြီလို့ ပြောလို့ရပါလား။
ဖြေ။ ။ ပြောလို့ မရပါဘူး။ တရုတ်က စစ်တပ်ကိုလည်း ဖိအားပေးနေတာပဲလေ။ စစ်တပ်ကလည်း ဖိအားပေးခံနေရတာဖြစ်တဲ့ အာဏာသိမ်းမင်းအောင်လှိုင်က ဆွေးနွေးကြရအောင် လက်နက်ချလာပါ။ တသက်လုံး တော်လှန်ရေးသမားတွေ လက်နက်ချကြမလဲ။ ဆွေးနွေးမှုကို ရိုးရိုးခေါ်တာမဟုတ်ဘူးလေ။ နောက်စစ်တပ်ကို ပြောသွားတဲ့အထဲမှာပါ ဥပမာ – ရွေးကောက်ပွဲဆိုရင် သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲလို့ ပြောထားတာ။
မေး။ ။ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးခရီးမှာ တရုတ်အစိုးရရဲ့အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါလဲဗျာ။
ဖြေ။ ။ ဒီတော်လှန်ရေးကို ဆုံးဖြတ်ပေးမှာက ကိုယ်တို့ကိုယ်တိုင်ပါပဲ။ တရုတ်ကတော့ ဝင်ပြီးတော့ဝန်းရံတာပဲပါမယ်။ ဥပမာ – မြောက်ပိုင်းအဖွဲ့နဲ့ စစ်ကောင်စီအဖွဲ့နဲ့ခေါ်ပြီး ဆွေးနွေးတာတာမျိုးတွေပေါ့။ ပြည်သူတွေကသာ ပြတ်သားနေဖို့ အရေးကြီးတယ်။ ဒီစစ်ကောင်စီရှိနေသရွေ့ ငါတို့တိုင်းပြည် မငြိမ်းချမ်းနိုင်ဘူး။ မဖွံ့ဖြိုးတိုးတက်နိုင်ဘူး။ ဒါကြောင့် စစ်ကောင်စီကို အမြစ်ပြုတ်တိုက်မယ်။ တော်လှန်ရေးလုပ်ငန်းဆိုတာ တချီထဲအပြတ်မဟုတ်ဘူး။ တက်လိုက်ကျလိုက်တော့ ရှိမှာပဲ။ တိုက်တဲ့သူတွေက တိုက်၊ ဆွေးနွေးတဲ့သူတွေက ဆွေးနွေးပေါ့။
မေး။ ။ နောက်တခုက ဗမာကွန်မြူနစ်ခေတ်မှာလည်း တရုတ်ရဲ့အားပေးမှုနဲ့ မြန်မာတစ်နိုင်ငံလုံးကို သိမ်းဖို့လုပ်တာပေါ့နော်။ အဲဒီအချိန်မှာတောင် မအောင်မြင်ခဲ့ဘဲနဲ့ အခုလို တရုတ်ရဲ့ပါဝင်မှုမရှိဘဲနဲ့ တော်လှန်ရေးကို အပြီးဖြတ်တိုက်မယ်ဆိုတာက ဖြစ်နိုင်ပါလား။
ဖြေ။ ။ အဲ့လိုတော့ ပြောလို့မရပါဘူး။ ဗကဗကို တရုတ်က အများကြီးကူညီခဲ့ပေမယ့် ကောင်းကောင်း မဖြစ်ခဲ့တာက ကျနော်တို့ပြောတဲ့ပေါ်လစီက လူထုထဲကျအောင် မပြောနိုင်တာဖြစ်တယ်။ ဥပမာ – ဗကဗ တောက်လျှောက်ပြောခဲ့တာ ဒီစစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်မှသာ ဖြုတ်နိုင်မှာလို့ပြောခဲ့ပေမယ့် လူထုထဲရောက်အောင် မပြောနိုင်ခဲ့ဘူး။
လူမျိုးစုတစ်စုထဲ လွတ်မြောက်လို့မရဘူး။ လူမျိုးကြီးတွေပါ လွတ်မြောက်မှဖြစ်မယ်။ ဒီစကားကို နှစ်ပေါင်း ၆၀ လောက်ပြောခဲ့ပေမယ့် လူထုနားကိုမရောက်ဘူး။ ဒါပေမယ့် နွေဦးတော်လှန်ရေးမှာ ဒီအချက်နှစ်ချက်ကို ပြည်သူလူထုက လက်ခံမှဖြစ်မယ်။ တိုင်းရင်းသားတော်လှန်ရေးသမားတွေက ငါတို့ဒေသလေးတင် နိုင်လို့ မဖြစ်ဘူး။ ဒါမဟုတ်ရင် စစ်တပ်က ပြန်လုပ်မယ်။ ဒါကြောင့်မို့ PDF တွေ တော်လှန်ရေးလုပ်နေတဲ့သူတွေကို ထောက်ပံ့နေတာလေ။
မေး။ ။ နောက်ဆုံးအနေနဲ့ တရုတ်ဘက်နေ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာနဲ့ပတ်သက်ပြီး ဘာပြောချင်ပါလဲ။
ဖြေ။ ။ ဘာမှ ပြောစရာမရှိတော့ပါဘူး။ ဒီလောက်ပါပဲ။
KNG ပေးပို့သည်။