ပညာသင်ကြားချိန် လေကြောင်းတိုက်ခိုက်မှုဘေးရန်ကို စိုးရိမ်ပူပန်နေရသည့်ကရင်နီဒေသတွင်းရှိ ကျောင်းသား မိဘများနှင့် ကျောင်းဆရာဆရာမတချို့၏ စကားသံများ။

By MPM 20 ဩဂုတ်, 2024 👁

ပညာသင်ကြားချိန် လေကြောင်းတိုက်ခိုက်မှုဘေးရန်ကို စိုးရိမ်ပူပန်နေရသည့်ကရင်နီဒေသတွင်းရှိ ကျောင်းသားမိဘများနှင့် ကျောင်းဆရာဆရာမတချို့၏ စကားသံများ။

ရှမ်းပြည်နှင့်ကရင်နီ (ကယား) ပြည်အစပ်ရှိ ဖယ်ခုံမြို့နယ်တွင် ယခုဩဂုတ်လအတွင်း စစ်ကောင်စီ၏ လေယာဉ်နှင့်ရဟတ်ယာဉ် ဖြတ်သန်းပျံဝဲမှုများ ရှိနေတာကြောင့် ဒေသတွင်းရှိ စာသင်ကျောင်းများကို မကြာခဏ ပိတ်ထားရသည်။

ယင်းအပြင် ယခုနှစ်အတွင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၌ မကြာခဏဆိုသလို လေယာဉ်နှင့် လာရောက်ဗုံးကြဲခဲ့သလို ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တို့တွင်လည်း စစ်ကောင်စီက လေယာဉ်နှင့် လာရောက်ဗုံးကြဲမှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ဒေါဆီအီကျေးရွာရှိ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်းရှိ ကျောင်း ၁၀၀ ကျော်ကို အရေးပေါ်ပိတ်ခဲ့ရသည်။

စစ်ကောင်စီဘက်က စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုလုပ်ဆောင်တာကြောင့် ကျောင်းသားမိဘများသာမက ကျောင်းသူကျောင်းသားများ၊ ကျောင်းဆရာဆရာမများသည်လည်း လေယာဉ်သံကြားသည်နှင့် ဗုံးကြဲတိုက်ခိုက်လာမည်ကို စိုးရိမ်ထိတ်လန့်လျက် ရှိနေကြသည်။

ယခု ၂၀၂၄ ပညာသင်နှစ်အတွက် ဒေသတွင်းရှိ ကျောင်းများ၌ စာသင်ကြားမှုများရှိပေမယ့် စစ်ကောင်စီ၏ လေယာဉ်သံ ကြားရချိန်တိုင်း စိုးရိမ်ပူပန်နေရသည့် ကျောင်းဆရာဆရာမနှင့် ကျောင်းသားမိဘတချို့၏ စိုးရိမ်မှု စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါ်အေးမရန်း (ကျောင်းသားမိဘတစ်ဦး)

ကျမတစ်ယောက်အနေနဲ့ လေယာဉ်ခဏခဏ လာဝဲတော့စိတ်ပူမိတယ်။ လာတော့ ဆရာမတွေလည်း ကျောင်းတွေကို ခေတ္တခဏ ပိတ်ထားလိုက်ရတဲ့အတွက် ကလေးရဲ့ပညာရေးကို နှောင့်နှေးစေနိုင်တယ်လေ။ ကျမတို့ဖြစ်စေချင်တာက လေယာဉ်ခဏခဏ မလာဝဲဖို့နဲ့ ကလေးရဲ့ပညာရေးကို စိတ်ချလက်ချသင်ယူ စေချင်ပါတယ်။

ကျောင်းသားမိဘတစ်ဦး

ကျောင်းသားတွေအတွက်လည်း အခက်အခဲရှိသလို ဆရာ၊ ဆရာမတွေအတွက်လည်း အခက်ခဲရှိတယ်။ တအားဝဲရင်တော့ ပိတ်သင့်ရင်လည်း ပိတ်ပေးရမှာပဲ။ တကယ်လို့ လေယာဉ်က ဝေးဝေးတခေါက်မှဝဲရင်တော့ ကျောင်းမပိတ်တာပဲ ကောင်းပါတယ်။ ကလေးတွေလည်း စာပိုရတယ်။ အိမ်မှာနေမယ်ဆိုလို့ရှိရင် ကလေးတွေက စာလည်းမရ စာလည်းမကျက်ဘူးဆို လေလွှင့်တာပိုများမှာပေါ့နော၊ ကျမတစ်ယောက်အမြင်ပေါ့နော။

ဒေါ်အားကိုသ (ကျောင်းဆရာမတစ်ဦး)

အခုတလော တိုက်ပွဲလည်းဖြစ်နေတယ်။ တိုက်ပွဲလည်း ပြင်းထန်နေတော့ လေယာဉ်လည်း ခဏခဏဝဲတာပေါ့။ ကျမတို့ဒေသဘက်မှာလည်း ကြဲဖူးတယ်ဆိုတော့ ကျောင်းနေတဲ့ကျမတို့ကလေးတွေအတွက် စိုးရိမ်မှုတွေ အများကြီး ဖြစ်သွားတာပေါ့နော။ ကျောင်းဖွင့်နေတဲ့အချိန် လေယာဉ်ဝဲလာရင်လည်း ကြောက်လန့်တယ်၊ ထိတ်လန့်တယ်ပေါ့နော။ တခါတလေ ဝဲတဲ့အချိန်လည်း ကျောင်းတွေပိတ်လိုက်ရတာ ရှိတယ်ပေါ့။ ကလေးရဲ့ ပညာရေးအပေါ်မှာလည်း အများကြီး နောက်ကျကြန့်ကြာမှုတွေ ဖြစ်သွားခဲ့တယ်ပေါ့နော။

ပုံစာ – ကရင်နီဒေသအတွင်း စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် ပျက်စီးသွားသည့်စာသင်ကျောင်းတစ်ကျောင်း။

ဒေါ်မူမိုင် (ကျောင်းဆရာမတစ်ဦး)

ကျမတို့ကျောင်းမှာတော့ ထိခိုက်တာမရှိသေးဘူး။ ဒါပေမယ့် လေယာဉ်လာတဲ့အချိန်ဆို အများကြီးစိုးရိမ်ရတယ်။ ကျောင်းသားမိဘတွေကလည်း သားသမီးပညာရေးအတွက် ဆိုပြီးတော့မှ ကျောင်းလာထားတယ်ပေါ့နော။ စစ်ရှောင်ဆိုတော့လည်း ကျောင်းတွေမရှိတော့ဘူးပေါ့နော၊ ရပ်ရွာမှာနေဖို့အိမ်တွေလည်း မရှိဘူးပေါ့နော။ ဒီမှာဆိုရင်လည်း ကလေးပညာရေးအတွက် စိတ်အေးရမလားဆိုပြီး လာထားတဲ့အချိန်မှာ သူတို့လည်း (ကျောင်းသားမိဘ) စိတ်မအေးရပြန်ဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် စာသင်နေတဲ့အခိုက်အတန့်မှာ လေယာဉ်ဝဲတဲ့ အချိန်ဆို ကလေးတွေလည်း မနေနိုင်ဘူး။ မိဘတွေလည်း စိတ်မအေးရတော့ ကလေးတွေကို ပြန်လာခေါ်တယ်၊ ကလေးတွေက ပြန်သွားကြတယ်ပေါ့နော။ အဲ့လိုမျိုးဖြစ်တဲ့ အချိန်မှာဆိုရင် စိတ်အေးရမလားဆိုတဲ့ ပညာရေးတခုကို အေးအေးလူလူနဲ့ မသင်ရတော့ဘဲနဲ့ စိတ်အရမ်းထိခိုက်ရတယ်။ ပညာရေးလည်း ထိခိုက်ရတဲ့အခြေအနေတခုကို ရောက်နေပါတယ်။

ဦးမာတီးယာ (ကျောင်းဆရာတစ်ဦး)

အရေးပေါ် ကျောင်းပိတ်ရတာပေါ့။ အဲ့လိုမျိုးအခြေနေမှာဆိုရင်တော့ ကလေးတွေပညာရေးလည်း ထိခိုက်တယ် ကလေးတွေရဲ့စိတ်ကျန်းမာရေးလည်း ထိခိုက်တာပေါ့နော။ ဒီလိုမျိုး ဆက်ပျံဝဲလည်း စိုးရိမ်နေရအုံးမှာပဲပေါ့နော။

ပုံစာ – ကရင်နီဒေသအတွင်း စစ်ကောင်စီလေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် ပျက်စီးသွားသည့်စာသင်ကျောင်းတစ်ကျောင်း။

ဦးမားပါ (ကျောင်းသားမိဘတစ်ဦး)

၄ လလောက် ရှိပြီထင်တယ်၊ အဲ့တုန်းကလည်းတခါ လေယာဉ်ဗုံးကြဲတော့ မိဘတယောက်အနေနဲ့ ပညာရေးအပေါ် တော်တော်လေးကို စိုးရိမ်မိသွားတယ်။ သူတို့က ကျောင်းမို့လို့ ငါတို့ (စစ်ကောင်စီ) မတိုက်ခိုက်ဘူးလို့ အဲ့လိုမျိုးရှောင်ရှားတဲ့ လူတွေလည်းမဟုတ်တော့ တော်တော်လေးစိုးရိမ်သွားတယ်။ စိုးရိမ်လို့ပဲ ကျနော့်သမီးဆိုလို့ရှိရင် KG တက်ရမှာကို ကျောင်းတောင်မထားရဲတော့ဘူး။ Home School လုပ်ပေးရတဲ့ အခြေအနေ ဖြစ်သွားတယ်။ ဒီကြားထဲမှာလည်း မိုးတွေတောက်လျှောက်ရွာတယ်။ မိုးရွာလိုက်တာ ၃ လ လောက် ကြာသွားတယ်။ ဒီကြားထဲမှာ လေယာဉ်သံက တော်တော်တိတ်ဆိတ်သွားတယ်ဆိုပေမယ့်လည်း ဒီတစ်ပတ်ထဲမှာ နေသာလာတာ ၃ ရက်လောက်ရှိတယ်။ အဲ့ကြားထဲမှာ ပြန်လာတယ်ပေါ့နော။ ရုတ်တရက် ဆရာမတွေကလည်း လေယာဉ်သံကြားရင် ကျောင်းပိတ်ရတဲ့ အခြေအနေဖြစ်လာတယ်။ ကြိုတင်ပြင်ဆင်မှု ဘာမှလုပ်လို့မရတဲ့ အခြေအနေမို့ ကလေးတွေအပေါ် ပိုပြီးစိုးရိမ်တယ်။

ကျောင်းသားမိဘတစ်ဦး

လေယာဉ်ဝဲပြီဆိုရင် စိုးရိမ်ရတာပေါ့။ ကိုယ့်ကလေးက ကျောင်းမှာဆို လေယာဉ်ဝဲပြီဆိုရင် စိုးရိမ်ရတာပေါ့နော။ လေယာဉ်ဝဲပြီဆိုရင် ကလေးက စိတ်ထိခိုက်မှု ပိုများမယ်ထင်တယ် စိတ်ဒဏ်ရာပေါ့နော။ ဆရာမတွေလည်း စိတ်ဖိစီးမှုတွေများမယ်။ လေယာဉ်ဝဲရင် ကလေးတွေကို အထဲမှာပဲ (စာသင်ခန်း) နေခိုင်းစေချင်တာပေါ့နော။ လေယာဉ်ဝဲတိုင်း ကျောင်းပိတ်မယ်ဆိုရင်လည်း ကလေးပညာရေး ထိခိုက်တာပေါ့နော။ ပညာရေးလည်း နောက်ကျမယ်၊ ကလေးတွေလည်း စိတ်လေလွှင့်မယ်။ ကျောင်းမတက်ရရင်တော့ ပညာရေးမှာလည်း စိတ်လည်း လေမှာပေါ့။ လေယာဉ်ဝဲတဲ့ချိန် ခဏတဖြုတ်ပဲဆိုရင်တော့ ကိစ္စမရှိဘူးပေါ့နော။ အကြာကြီးဝဲရင်တော့ ပိတ်ရင်လည်း ပိတ်ရမှာပဲပေါ့။ အခြေအနေ၊ အချိန်အခါကြည့်ပြီးတော့ ဖွင့်ရင်တော့ ပိုကောင်းမယ်ထင်တယ်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။